Saturday, August 24, 2019

ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝ (၆) ခု 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ကြီးပွားတိုးတက်နိုင်တဲ့အကြောင်းတရားဟာ (၆) မျိုး ရှိတယ် တဲ့ ၊ ဒီ ၆ မျိုးကို ရအောင် ဖန်တီးရမယ်။ [ ၁ ] အာရောဂျံ - ကျန်းမာခြင်း တဲ့ မကျန်းမမာ ဖြစ်သွားရင် * အားလုံး ဆုံးရှုံးသွားပြီလို့ မှတ်ပေတော့ ကျန်းမာတယ် ဆိုတာ (၂ ) မျိုး ရှိတယ်။ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်။ ကာယကျန်းမာရေး နဲ့ စိတ္တကျန်းမာရေး * ကံအကြောင်းမလှလို့ ရောဂါတွေဖြစ်ပြီးတော့ ကုလို့မရတဲ့ ပုဂ္ဂိုလ်မျိုးတွေ ရှိတယ်။ * အနေအထိုင် အစားအသောက်မတတ်လို့ ကျန်းမာရေး ချို့တဲ့သွားတဲ့ပုဂ္ဂိုလ်တွေလည်း အများကြီးရှိတယ်။ တချို့က ပိုက်ဆံရှိရင် ဆေးကုလို့ ရမယ်လို့ ထင်ကောင်း ထင်လိမ့်မယ်၊ ကုမရတဲ့အနေအထားမျိုးတွေ ရှိတယ်။ အဲဒါကြောင့် နံပါတ်(၁)အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို ကျန်းမာရေး ဂရုစိုက်ရမယ်။ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်၊ ကိုယ်ကျန်းမာဖို့အတွက် ကိုယ်နဲ့မတည့်တဲ့အစာ မစားဘူး၊ သင့်မြတ်တာကို စားမယ် ကိုယ့်စိတ်ကို ထိန်းချုပ်တယ် ကျန်းမာအောင်နေတယ်၊ဝတ်တယ်၊စားတယ်။ ဒါတွေက ကာယကျန်းမာရေးအတွက် အထောက်အကူ ဖြစ်တယ်၊ ကျန်းမာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တိုင်း သိတယ်၊ ဘုရားဟောတာလဲ ဒါပဲ ဟောတာ။ စိတ်ကျန်းမာဖို့ကျ ဘာလုပ်ဖို့လိုလဲ လောကလူတွေ ဘာကြောင့် စိတ်မကျန်းမမာ ဖြစ်သလဲ ဆိုတော့ ... လာဘတွေ လွှမ်းမိုးမယ်၊ ဒေါသတွေ လွှမ်းမိုးမယ်၊ မောဟတွေ လွှမ်းမိုးမယ် ဆိုရင် စိတ်မကျန်းမမာ ဖြစ်လာတတ်တယ်။ ဒါကြောင့် ကိုယ့်သန္တာန်မှာ လောဘ၊ဒေါသ များများ အဖြစ်မခံရဘူး။ ဖြစ်လာလို့ရှိရင် ဒါတွေဟာ စိတ်ကျန်းမာရေးထိခိုက်စေတဲ့အရာတွေ ပဲဆိုပြီး စိတ်ကျန်းမာအောင်နေမယ်၊ စိုးရိမ်သောကတွေကို တရားဓမ္မ နှလုံးသွင်းခြင်းဖြင့်လျော့ချလို့ရတယ်။ ဒီလိုနည်းနဲ့ ကိုယ်ကျန်းမာအောင်၊ စိတ်ချမ်းသာအောင် နေရမယ် တဲ့။ အဲဒီတော့ ကျန်းမာရေးကောင်းတာဟာ အားလုံးအတွက် အခွင့်အလှမ်း တစ်ခုပဲ ၊ စီးပွားလုပ်မလား၊ ပညာရှာမလား၊ တရားကျင့်မလား၊ အကုန်လုံး အဆင်သင့်ဖြစ်တယ်၊ မကျန်းမာဘူးဆိုရင် အဲဒီအရာတွေ ဆုံးရှုံးသွားမယ်။ ဘာတစ်ခုမှ လုပ်လို့မရတဲ့အနေအထားမျိုးကို ရောက်သွားနိုင်တယ်။ ဒါကြောင့် နံပါတ်(၁) ကြီးပွားချမ်းသာဖို့ရာအတွက် အရေးကြီးတဲ့ ဂိတ်ဝကြီးတစ်ခုဟာ ကျန်းမာမှု ပဲ ။ _______________________ [ ၂ ] ကိုယ်ကျင့်တရားကောင်းဖို့လိုတယ် ကိုယ်ကျင့်တရားကို လျော့ပြီးတော့မတွက်ရဘူး ကိုယ်ကျင့်တရားကောင်းမွန်ခြင်းသည် ကျန်းမာရေး အတွက် အထောက်အကူဖြစ်တယ်။ နောက်ဘဝဆက်တိုင်းမှာလည်း ကောင်းကျိုးချမ်းသာတွေ ရဖို့အတွက် အထောက်အကူဖြစ်တယ် နှစ်ဖက်လုံး အကျိုးရှိတယ်။ ကိုယ်ကျင့်တရား ဆိုတဲ့နေရာမှာ- * မလုပ်သင့်တာ မလုပ်ဖို့ * လုပ်သင့်တာ လုပ်ဖို့ ဒါ ကိုယ်ကျင့်တရား ပဲ။ စာရိတ္တသီလ နဲ့ ဝါရိတ္တသီလ လို့ နှစ်မျိုး ရှိတယ်။ ဝါရိတ္တသီလ ဆိုတာ - "မလုပ်ရဘူး" လို့ သတ်မှတ်ထားတာ။ ငါးပါးသီလ ဆိုတာ ဘုရားရဲ့ပညတ်ချက် မဟုတ်ဘူး လုပ်ရင် ဒီလိုအပြစ်တွေ ဖြစ်လာနိုင်လို့ သတိပေးတာပဲ ဖြစ်တယ်၊ ခုခေတ် အန္တရာယ်ရှိတဲ့နေရာမှာ Dangerous လို့ ရေးထားတယ်လေ၊ မရှောင်ဘူး ဆိုရင် ခံရမှာပဲ ၊ ဝါရိတ္တသီလရဲ့အဓိပါယ်က Dangerous လို့ ပြောတဲ့ အဓိပါယ်ပဲ။ တချို့က ငါးပါးသီလက ဘုရားမဟောဘူး လို့ ပြောတဲ့သူ ရှိတာပဲ၊ ငါးပါးသီလမလုံလဲ တစ်ပါးလောက် လုံလည်း ရတယ်လို့ ဘယ်ဟာမှ နားမယောင်လေနဲ့ ၊ မြတ်စွာဘုရားက Dangerous လို့ စာတန်းထိုးပေးထားတဲ့ သဘောပဲ၊ သဘာဝကိုက အဆိုးနဲ့ တုန့်ပြန်မှာနော်..၊ စာရိတ္တသီလ ကျတော့ - "လုပ်သင့်လုပ်ထိုက်တာ" လောကမှာ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ မိဘတွေကို စောင့်ရှောက်ရမယ်၊ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်ရမယ်၊ မိတ်ဆွေသင်္ဂဟတွေကို စောင့်ရှောက်ရမယ်။ ဒါက စာရိတ္တသီလ၊ အဲဒီလို ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကိုယ့်ကိုယ်ကို ကြိုးစားအားထုတ်ရမယ်။ ______________________ [ ၃ ] ဆုံးမသြဝါဒ လောကလူ့အသိုင်းအဝိုင်းမှာ ဦးဆောင်တဲ့ ပညာရှိတွေဆိုတာ ရှိတယ်။ လူကြီးသူမတွေရှိတယ်။ မိသားစုထဲမှာဆိုရင် အတွေ့ကြုံရင့်ကျက်တဲ့ အဖေ၊အမေ၊ အဖိုး၊ အဖွားတို့ ဆိုတာ ရှိတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အဆုံးအမတွေ မှတ်သားနာယူသင့်တယ်။ အဆုံးအမသြဝါဒ မရှိပဲ အလုပ်လုပ်ရင် အကုန် လွှဲချော်နိုင်တယ်။ _____________________ နံပါတ် [ ၄ ] သုတ မိမိကိုယ်တိုင် အကြားအမြင် ဗဟုသုတတွေကို ဆည်းပူး အားထုတ်ရမယ်။ လောကမှာ အကျိုးရှိအောင် အောက်ထစ်ဆုံး ဈေးအရောင်းအဝယ် လုပ်တာတို့၊ Managing လုပ်တဲ့ ပညာတို့၊ Computer ပညာတို့၊ ဘာပဲဖြစ်ဖြစ်ပေါ့ ၊ စသဖြင့်ပေါ့ ။ ဗဟုသုတ ဆိုတာ အကုန်လုံး ဆည်းပူးအားထုတ်ရတယ် တဲ့ ၊ ဒါလည်းပဲ ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတစ်ခု ပဲ _______________________ နံပါတ် [ ၅ ] က ဓမ္မကိုကျင့်သုံးရမယ် ဓမ္မကို ကျင့်သုံးတယ်ဆိုတာ သုစရိုက်တရားတွေ ဆောင်ရွက်ပြီး ဒုစရိုက်တရားတွေကို ရှောင်တာပဲ၊ လောကလူတွေဟာ ... စိတ်အတွေးနဲ့ပတ်သက်ပြီးတော့ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘနဲ့ မတွေးရဘူး၊ သူများ ပျက်စီးပါစေ ဒီလို ဆုတ်ယုတ်နစ်နာသွားပါစေ ဒုက္ခ ရောက်သွားပါစေ ဆိုတဲ့ ဒေါသနဲ့ မတွေးရဘူး ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တဲ့အမြင်တွေ မမြင်ရဘူး၊ အဲဒါတွေဟာ မှန်ကန်တဲ့အတွေး ၊ မနောကံဆိုင်ရာ သုစရိုက်တရား လို့ ခေါ်တယ်။ နှုတ်နဲ့ပတ်သက်လာလို့ရှိရင်လည်း လူတစ်ယောက်ကို ဒုက္ခရောက်အောင် မဟုတ်တမ်းတရားတွေ ပြောတာမျိုး လိမ်လည်ပြီး ထွက်ဆိုတာမျိုး အဲဒါမျိုးတွေ မလုပ်ပဲ မှန်ကန်တာကို ပြောရမယ်။ လူသားအချင်းချင်း ၊ တစ်ဦးနဲ့တစ်ဦး မတည့်အောင် မလုပ်ရဘူး၊ တည့်အောင်သာ ပြောရမယ်။ ဒါ အရပ်ထဲမှာ၊ မိသားစုထဲမှာ၊ အလုပ်ထဲမှာ အလွန်အရေးကြီးတာ။ နောက်တစ်ခု ရိုင်းပြတဲ့စကား မသုံးရဘူး အကျိုးမရှိတဲ့စကားတွေပြောပြီး အချိန်ဖြုန်းတာမျိုး မလုပ်ရဘူး ဒါ နှုတ်နဲ့ ပတ်သက်တဲ့ ကောင်းတဲ့အလုပ်တွေပေါ့ အသိဉာဏ်နဲ့ ပြောတဲ့စကားမျိုး ပြောရမယ်။ နောက် ကာယကံနဲ့ ပတ်သက်လာတဲ့အခါကျတော့ သူ့အသက် မသတ်ဘူး သူ့ဥစ္စာ မခိုးဘူး နောက် ကာမနဲ့ပတ်သက်တဲ့ စည်းကမ်းပျက်တဲ့အလုပ်တွေ မလုပ်ဘူး၊ မှားယွင်းတဲ့အလုက်တွေ မလုပ်ဘူး လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်တယ် ဒါဟာ ကြီးပွားတိုးတက်ခြင်းအကြောင်းပဲ တစ်ခုခုလုပ်လို့ရှိရင် လူသိရင် ရှုံ့ချခံရမယ် ၊ မသိရင်လည်း ကိုယ့်ရဲ့ကိုယ်ကျင့်တရားဟာ ပျက်ပြားတယ်၊ ဒါကြောင့် "ဓမ္မာနုဝတ္တိ" လို့ခေါ်တဲ့ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး လိုက်တာကျင့်သုံးရမယ်။ _____________________ နံပါတ် [ ၆ ] က စိတ်ဓာတ်ဟာ ကောင်းတာလုပ်တဲ့အပေါ်မှာ အမြဲတမ်း တက်ကြွနေဖို့ လိုတယ်။ စိတ်မပါတာမျိုး မဖြစ်ရဘူး ကိုယ့်စိတ်ကို ပြင်ပေးရတယ် ဥပမာမယ် - တရားနှလုံးသွင်းဖို့ ၊ တရားနာဖို့၊ တရားအသိတွေရအောင် တို့ဆိုရင် စိတ်ဓာတ်ဆုတ်နစ်တာမျိုး မရှိရဘူး တဲ့ "ဒါ လုပ်သင့်လုပ်ထိုက်တာ " လို့ ဆုံးဖြတ်ပြီးတော့ လုပ်ရမယ်။ ______________________ အဲဒီလို ကိုယ့်မှာ ကောင်းကျိုးချမ်းသာတွေရဲ့ မုခ်ဦးကြီးသဖွယ် ဒီ [ ၆ ] ခု ရှိမယ် ဆိုရင် ဒီ ဘဝမှာလည်း ကောင်းကျိုးချမ်းသာတွေ ဝင်လာမှာပဲ ဘဝဆက်တိုင်း ရေရှည်ကောင်းဖို့ အမှုမဲ့အမှတ်မဲ့ နေမယ်ဆိုရင် ဒါတွေ ကိုယ့်သန္တာန်မှာ ရှိတာလည်း မသိဘူး၊ မရှိတာလည်း မသိဘူး၊ ဒါကြောင့် အမှုမဲ့ အမှတ်မဲ့ မနေသင့်ဘူး၊ ရှိသင့်ရှိထိုက်တဲ့ဟာတွေ ကိုယ့်သန္တာန်မှာ ရှိအောင် ကြိုးစားအားထုတ်ရမယ်။ ပစ္စည်းဆိုတာ တစ်ခုနဲ့တစ်ခု အသုံးဝင်တာချင်း မတူတတ်ဘူး။ လူတွေရဲ့အရည်အချင်းတွေမှာလည်း တစ်ခုနဲ့တစ်ခု အသုံးဝင်တာချင်း မတူဘူး။ ဒါကြောင့်မို့လို့ အသုံးဝင်မှု ပြည့်စုံစေတတ်တဲ့ ဒီတရားတွေနဲ့ပတ်သက်ပြီးတော့ စုံအောင်ရှိရမယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ...။ ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ [ အခွင့်ကောင်းကိုရအောင်ယူ၊စာ၂၉-၄၂ ] မှ ကောက်နုတ်ပူဇော်ဓမ္မဒါနပြုပါသည်။ ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ .cr#


via အလင်းရောင် ဓမ္မ https://ift.tt/2zhNF26