အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, August 24, 2019
“အကောင်းဆုံး လေ့ကျင့်ထားပါ ဓမ္မမိတ်ဆွေ” တစ်ခါတုန်းက ဘုရားအလောင်းဟာ ပုဏ္ဏားမျိုးမှာဖြစ်ပြီး လယ်လုပ်ပြီး အသက်မွေးနေပါတယ်။ ဘုရားအလောင်းပုဏ္ဏားမှာ ဇနီး တစ်ယောက်၊ သားတစ်ယောက်၊ သမီးတစ်ယောက်၊ ချွေးမတစ်ယောက်၊ ကျွန်မတစ်ယောက် ရှိပါတယ်။ ဘုရားအလောင်းမိသားစုဟာ နေ့စဉ် ဒါန၊သီလကို ပြုကျင့်နေသလို “သေခြင်းသည်မြဲ၏။ ရှင်ခြင်းသည်မမြဲ၊ ငါသည်မုချသေရမည်”လို့ မရဏာနုဿတိကမ္မဋ္ဌာန်းကိုလည်း နေ့စဉ် ပွားများကြပါတယ်။ တစ်နေ့တော့ ဘုရားအလောင်းဟာ သားဖြစ်သူနဲ့ လယ်ထွန်ဖို့ ထွက်ခဲ့ပါတယ်။ လယ်ကွင်းရောက်တော့ ဘုရားအလောင်းက လယ်ထွန်နေတုန်း သားဖြစ်သူက တောင်ပို့ဘေးက အမှိုက်ကို မီးရှို့တာ တောင်ပို့ထဲကမြွေထွက်ကိုက်လိုက်လို့ တစ်ခါတည်းသေသွားပါတယ်။ ဘုရားအလောင်းက သားဖြစ်သူလဲကျသွားတော့ အနားသွား ကြည့်ပြီး “ဪ ..သူသေသွားပါလား” ဆိုပြီး လယ်ထွန်စရာရှိတာ ဆက်ထွန်နေပါတယ်။ ခဏနေတော့ အနားကို အိမ်နီးချင်းတစ်ယောက် ဖြတ်သွားတာ တွေ့တာနဲ့ “သူငယ်ချင်းရေ အိမ်ကို ဝင်ပြောလိုက်ပါဦး။ ဒီနေ့တော့ တစ်ယောက်စာပဲ ထမင်းပို့ပါ။ ပြီးတော့ ကျွန်မ တစ်ယောက်ထဲ လာမပို့နဲ့။ကျန်တဲ့ မိသားစုတွေလည်း လာခဲ့ဖို့ ပြောပေးပါ” လို့ မှာလိုက်ပါတယ်။ အိမ်နီးနားချင်းကလည်း ဘုရားလောင်း မှာလိုက်တဲ့အတိုင်း ပြောပေးပါတယ်။ ဇနီးဖြစ်သူနဲ့ မိသားစုကလည်း တစ်ယောက်စာပဲ ယူခဲ့ဖို့ မှာလိုက်တဲ့ စကားကြားတာနဲ့ သားဖြစ်သူ သေသွားပြီဆိုတာ သိလိုက်ပါပြီ။ ဒါကြောင့် ကျွန်မ, အပါအဝင် မိသားစုတစ်စုလုံး လယ်တောကို လာခဲ့ကြပါတယ်။ လယ်တောရောက်တော့ ဘယ်သူမှလည်း မငိုကြပါဘူး။ဘုရားအလောင်းက သားသေနားမှာပဲ ထိုင်ပြီး ထမင်းစားပါတယ်။ ပြီးတော့မှ ထင်းတွေကောက်ပြီး သားဖြစ်သူအလောင်းကို မီးသဂြိုဟ်ပါတယ်။ မီးသဂြိုဟ် နေတာဟာ မိသားစုလုပ်နေကျ သာမန်အလုပ်တစ်ခုကို လုပ်နေတဲ့အတိုင်းပါပဲ။ သူတို့ အပြုအမူကို ကြည့်ပြီး သိကြားမင်းက တအံ့တဩနဲ့ ခရီးသွား ဟန်ဆောင်ပြီး မေးပါတော့တယ်။ သိကြားမင်းက “သင်တို့ ဘာဖြစ်လို့ မငိုကြတာလဲ”လို့ မေးတော့ - အဖေလုပ်သူ ဘုရားအလောင်းက “မြွေဟာ အရေဟောင်းကို စွန့်သွားသလို သူလည်း ဘဝဟောင်းကို စွန့်သွားတာပဲ။ သူ့ခန္ဓာကိုယ်ကို မီးရှို့နေတာကိုလည်း သူမသိဘူး။ ငါတို့ ငိုနေမယ်ဆိုရင်လည်း သူမသိနိုင်တော့ဘူး။ ဒါကြောင့် ငါတို့ မငိုဘူး” လို့ ပြောပါတယ်။ အမေ ဖြစ်သူရဲ့ အဖြေကျတော့ “သူဟာ ငါတို့ အိမ်ကို ခွင့်မတောင်းဘဲ ရောက်လာတယ်။အခုခွင့်မတောင်းဘဲ ပြန်သွားတယ်။ သူ့သဘောအတိုင်း သူလုပ်သွားတာကို ငိုနေလို့လည်း ဘာအကျိုးရှိမှာလဲ”တဲ့။ ညီမဖြစ်သူကျတော့ “ကျွန်မငိုနေရင် ပိန်သွားရုံပဲ ရှိမှာပေါ့၊ပြီးတော့ ဆွေမျိုးတွေ ပိုပြီး စိတ်ဆင်းရဲနေမှာပေါ့”တဲ့။ ဇနီးဖြစ်သူကျတော့ “လမင်းကိုရဖို့ တပြီး ငိုကြွေးနေတဲ့ ကလေးလိုပဲ။ မရနိုင် တော့တာကို တပြီးငိုနေရင် ကလေးလိုဖြစ်နေမှာပေါ့” တဲ့။ ကျွန်မ ဖြစ်သူ ကျတော့ “ကွဲသွားတဲ့အိုးဟာ ပြန်ဆက်မရတော့သလို သေသူကိုတပြီး ငိုနေတာ အကျိုးမရှိနိုင်တဲ့ အပြုအမူပဲ”တဲ့။ ခရီးသွားဟန်ဆောင်ထားတဲ့ သိကြားမင်းလည်း သာဓုခေါ်ပြီး မရဏာနုဿတိကို ဆက်ပွားများဖို့ တိုက်တွန်းသွားပါတော့တယ်။ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု ပဉ္စကနိပါတ် မဏိကုဏ္ဍလဝဂ် ဥရဂဇာတ် တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပါပဲ။သေသွားတဲ့သူအတွက် ငိုတာဟာ သေသူအတွက်လည်း အကျိုးမရှိ။ ကိုယ့်အတွက်လည်း ထူးပြီး အကျိုး မရှိပါဘူး။ ကိုယ်ငိုလိုက်လို့ တစ်စုံတစ်ရာ အကျိုးရှိသွားတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မြတ်စွာဘုရားရှင်က သေသူအတွက် ငိုတာကို နည်းနည်းလေးမှ အားမပေးပါဘူး။ ငိုပြီး ဖြစ်ပေါ်နေတဲ့ သောကပရိဒေဝဟာ အရကောက်ရင် အကုသိုလ်ပါ။ ငိုတာဟာ ကုသိုလ် မဟုတ်ဘူး။ အကုသိုလ်ဖြစ်တယ်ဆိုတာ နှလုံးသွင်းပြီး သောကကို သတိနဲ့ ထိန်းပေးနိုင်ဖို့ပါ။သောကကို သတိနဲ့ ထိန်းလိုက်နိုင်တာဟာ မင်္ဂလာ ဖြစ်ပါတယ်တဲ့။ မငိုဖို့ မြတ်စွာဘုရားက ဟောထားတာဆိုတော့ အကောင်းဆုံးကတော့ မြတ်စွာဘုရားစကားကို နားထောင်လိုက်တာဟာ အကောင်းဆုံးပါပဲ။ မငိုရဘူးဆိုတော့ ရယ်နေရမလားဆိုတော့လည်း မဟုတ်ပါဘူး။ သေသူအတွက်လည်း အကျိုးရှိ၊ ကျန်ရစ်သူအတွက်လည်း အကျိုးရှိတဲ့ အပြုအမူမျိုးကို ဆောင်ရွက်ရုံပါပဲ။ အဲဒါကတော့ သီလရှိတဲ့ ရဟန်းသံဃာတွေပင့်ပြီး ဆွမ်းကပ်၊အမျှပေးဝေပေးတာပါပဲ။ ဒီအပြုအမူကတော့ သေသူအတွက်ကော၊ကျန်ရစ်သူအတွက်ကော အကျိုးရှိတဲ့ အပြုအမူပါ။ သေသူဟာ မိသားစုဝင်တစ်ယောက်ဆိုတော့ အပြန်အလှန်တော့ ကျေးဇူး ရှိနေကြပါတယ်။ အသက်ထင်ရှား ရှိစဉ်မှာတော့ ကျေးဇူးဆပ်ရတာ လွယ်ကူပါတယ်။ ပုဂ္ဂိုလ်က သေသွားပြီဆိုတော့ တိုက်ရိုက်တော့ ကျေးဇူးဆပ်လို့ မရတော့ပါဘူး။ တစ်ဆင့်ပေးအနေနဲ့ပဲ ကျေးဇူးဆပ်လို့ ရပါတော့တယ်။ ဒါဟာ သေသူအတွက် “အကောင်းဆုံး ကျေးဇူးဆပ်နည်း” ပါ။ သေသူက လူ့ပြည် ၊ နတ်ပြည်ဖြစ်သွားလို့ သာဓု မခေါ်နိုင်တော့ဘူး ဆိုရင်လည်း ပြုသမျှအမှုတွေဟာ ကျန်ရစ်သူအတွက် ကုသိုလ်တွေ ဖြစ်နေတာပါ။ မင်္ဂလာတရားတော်အရ “မငိုပါနဲ့။ မငိုပါနဲ့” လို့ ရေးသာရေးနေရပေမယ့် ပုထုဇဉ်တွေ ဆိုတော့လည်းငိုကြမှာပါပဲ။ သံယောဇဉ်တွယ်ရင် တွယ်သလောက်ငိုကြရမှာပါ။ ဟာသပုံပြင် တစ်ပုဒ်လိုများ ဖြစ်နေမလား မသိပါဘူး။ တစ်ခါတုန်းက ရွာတစ်ရွာမှာ ဘုန်းကြီးတစ်ပါးက အိမ်တစ်အိမ်က လူတစ်ယောက် သေသွားပြီဆိုရင် ငိုနေတဲ့အသုဘရှင် အငိုတိတ်သွားအောင် အသုဘတရား အဟောကောင်းပါသတဲ့။ ဒါကြောင့် ရွာဝန်းကျင်က ဘယ်သူသေသေ အဲဒီ ဘုန်းကြီးပဲ တရားဟောရပါတယ်။ တစ်နေ့တော့ အသုဘတရားဟော ကောင်းတဲ့ ဘုန်းကြီးရဲ့အမေ သေသွားပါတာယ်။ ဒီတော့ ဘုန်းကြီကရှိုက်ကြီး တငင်ငင်နဲ့ ငိုပါလေရောတဲ့။ ဒီတော့ ဒကာ၊ ဒကာမတွေက “အရှင်ဘုရား၊ အရှင်ဘုရားပဲ လူသေရင်မငိုရဘူး၊ ငိုရင်သောက အကုသိုလ်ဆို၊ မငိုဖို့ တရားတွေ ဟောနေပြီး အရှင်ဘုရားကျတော့ ဘာဖြစ်လို့ငိုနေတာလဲ” လို့ မေးတော့ ဘုန်းကြီးက “ဒါကတော့ ငါ့အမေကို” တဲ့။ အဲဒီလိုများ ဖြစ်နေမလား မသိပါဘူး။ တကယ်တော့ သားသမီးတစ်ယောက် သေသွားပြီ ဆိုရင် သေသွားတဲ့ သားသမီးကလည်း မိဘကို မကယ်နိုင်၊ ရှင်နေတဲ့ မိဘကလည်း သားသမီးကို မကယ်နိုင်။ ဒီအတိုင်း လက်မှိုင်ချပြီး ထိုင်ကြည့် နေရတော့တာပါပဲ။ အဲဒီအချိန်မှာ တာရားရှုမှတ်မှပဲ နိုင်ပါတယ်။ ကိုယ်လက် သန့်စင်၊ အဝတ်သစ် ကလေးတွေ ဝတ်၊ ဘုရားစင် ရှေ့မှာထိုင်ပြီး “ဝင်တယ်၊ ထွက်တယ်၊ ဖောင်း တယ်၊ ပိန်တယ်၊ ပူတယ်၊ အေးတယ်၊ လှုပ်တယ်၊ ချမ်းသာတယ်၊ ဆင်းရဲတယ်” စသည်ဖြင့် ကိုယ်မှတ်တတ်သလို မှတ်နေဖို့ ပါပဲ။ အဲဒီလိုမှတ်နေတုန်း သေဆုံးသူသားသမီးကို သတိရလာရင် “သတိရတယ်၊ သတိရတယ်” လို့ အချက်သုံးဆယ်၊ လေးဆယ်လောက် မှတ်ပစ်လိုက်ဖို့ပါပဲ။ ဒီလိုပါပဲ အိမ်ရဲ့ နေ့စဉ် လုပ်ရမယ့် အလုပ်တွေကိုလည်း ပုံမှန်အတိုင်းလုပ်နေပြီး အဝတ်လျှော်တော့ “လျှော်တယ်”၊တံမြက်လှည်းတော့ “လှည်းတယ်” စသည်ဖြင့်အမှတ်ကလေးတွေနဲ့ လုပ်နေပါ။ လုပ်နေတုန်း သေသူသားသမီးကို သတိရ လာပါလိမ့်မယ်။သတိရရင် “သတိရတယ်၊ သတိရတယ်” လို့ မှတ်နေလိုက်ပါ။ ဒါကတော့ မြတ်စွာဘုရား အလိုကျ အကောင်းဆုံး အပြုအမူပါပဲ။ သေခြင်းတရားဆိုတာ တစ်ချိန်မဟုတ်တစ်ချိန် ကိုယ်စီ ကြုံလည်း ကြုံခဲ့ရ၊ ကြုံလည်း ကြုံရဦးမှာဆိုတော့ အောက်ပါ ရှေးဟောင်းလင်္ကာလေးပဲ ကျက်မှတ်ထားလိုက်ပါတော့။ အိုဘေး နာဘေး၊ သေဘေး ရင်ဆိုင်။ သမီးနှင့် သား ကုစားမနိုင်။ အမိအဘ ကြည့်ကလက်မှိုင်။ ကမ္မဋ္ဌာန်းပွား တရားရှုကနိုင်။ မအိုပါလို ငါကဆိုလဲ ငါဆိုမရ အိုကြရ အနတ္တခန္ဓာကိုယ်။ မနာပါလို မေသပါလို အို နာ သေ ကင်းရာ နိဗ္ဗာန် မဂ် ဖိုလ် ရက်တိုတိုနဲ့ ရရှိနိုင်ကြပါစေ ဓမ္မမိတ်ဆွေ။ Credit: YGWထာဝရတရားရိပ်သာ မန္တလေး ပုသိမ်ကြီး (တောစုထုံးဘို) 09-799417533 09-428391166
via အလင်းရောင် ဓမ္မ https://ift.tt/2NqyMCW
Newer Post
Older Post
Home