အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, August 22, 2019
(၈) ပါးသီလအကျိုး 🙏🙏🙏🙏🙏🙏 အာနိသင် အကျိုး ◀➖➖➖➖▶ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေသော မိဂါရမာတာဝိသာခါအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - ဝိသာခါ, အင်္ဂါရှစ်မျိုးနှင့်ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်း ရှိ၏။ ဝိသာခါ အဘယ်သို့ ကျင့်သုံးအပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ် သည် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ တန်ခိုးကြီးသနည်း၊ ကြီးသော ပျံ့နှံ့ခြင်းရှိသနည်း။ (၁) သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ➖➖➖➖➖➖➖➖➖➖ ဝိသာခါ, ဤသာသနာတော်၌ အရိယာတပည့်သည် ဤသို့ ဆင်ခြင်၏ ''ရဟန္တာတို့သည် အသက်ထက်ဆုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တုတ်ကို ချထားပြီး ဖြစ်ကုန်၏၊ လက်နက်ကို ချထားပြီး ဖြစ်ကုန်၏၊ ရှက်တတ်ကုန်၏၊ သနားတတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး အသက်သတ်ခြင်း ကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လျက် တုတ်ကို ချထားသူ လက်နက်ကို ချထားသူ ရှက်ခြင်းရှိသူ သနားခြင်းသို့ ရောက်သူ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားသူဖြစ်၍ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်''ဟု (ဆင်ခြင်၏)၊ ဤပဌမအင်္ဂါနှင့် ပြည့်စုံ၏။ (၂) မပေးသည်ကိုယူခြင်း(သို့)ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း ➖➖➖➖➖➖➖➖➖➖➖➖➖➖ ''ရဟန္တာတို့သည် အသက်ထက်ဆုံး မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ပေးသည်ကိုသာ ယူကုန်၏၊ ပေးသည်ကိုသာ အလိုရှိကုန်၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်လျက် ပေးသည်ကိုသာ ယူလေ့ရှိသည် ပေးသည်ကိုသာ အလိုရှိသည် ဖြစ်၍ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတု လိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်''ဟု (ဆင်ခြင်၏)၊ ဤဒုတိယ အင်္ဂါနှင့် ပြည့်စုံ၏။ (၃) မမြတ်သောမေထုန်ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း ➖➖➖➖➖➖➖➖➖➖➖➖➖ ''ရဟန္တာတို့သည် အသက်ထက်ဆုံး မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်ကုန်၏၊ (မမြတ်သော အကျင့်မှ) ဝေးစွာ ရှောင်ကြဉ်ကုန်၏၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန် အကျင့်မှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး မမြတ်သောအကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသည်ဖြစ်၍ (မမြတ်သော အကျင့်မှ) ဝေးစွာရှောင်ကြဉ်လျက် ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတု လိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်''ဟု (ဆင်ခြင်၏)၊ ဤတတိယ အင်္ဂါနှင့် ပြည့်စုံ၏။ (၄) မဟုတ်မမှန်သောလိမ်လည်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း ➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ''ရဟန္တာတို့သည် အသက်ထက်ဆုံး မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ အမှန်ကိုသာ ဆိုလေ့ရှိကုန်၏၊ မှန်သောစကားချင်း ဆက်စပ်စေကုန်၏၊ တည်သော စကားရှိကုန်၏၊ ယုံကြည်ထိုက်သော စကားရှိကုန်၏၊ လောကကို လှည့်စားတတ်သူ မဟုတ်ကုန်၊ ငါသည် လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ် လျက် အမှန်ကိုသာ ဆိုသူ မှန်သောစကားချင်း ဆက်စပ်စေသူ တည်သော စကားရှိသူ ယုံကြည်ထိုက်သော စကားရှိသူဖြစ်၍ လောကကို မလှည့်စားပဲ (နေပါအံ့)၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်''ဟု (ဆင်ခြင်၏)၊ ဤစတုတ္ထအင်္ဂါနှင့် ပြည့်စုံ၏။ (၅) ယစ်မူးမေ့လျော့စေသည့်သေရည်သေရက်မှ ရှောင်ကြဉ်ခြင်း ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ''ရဟန္တာတို့သည် အသက်ထက်ဆုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းကို ပယ်၍ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေ အရက်သောက်ခြင်းကို ပယ်၍ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်''ဟု (ဆင်ခြင်၏)၊ ဤပဉ္စမအင်္ဂါနှင့် ပြည့်စုံ၏။ (၆) နေလွဲညစာစားခြင်းမှ ရှောင်ကြဉ်ခြင်း ➖➖➖➖➖➖➖➖➖➖ ''ရဟန္တာတို့သည် အသက်ထက်ဆုံး တစ်ထပ်သာ စားကုန်၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်ကုန်၏၊ နေလွဲသောအခါ၌ စားခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး တစ်ထပ် သာ စားပါအံ့၊ ညစာစားခြင်းမှ ရှောင်ကြဉ်ပါအံ့၊ နေလွဲသောအခါ၌ စားခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤ အကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်''ဟု (ဆင်ခြင်၏)၊ ဤဆဋ္ဌအင်္ဂါနှင့် ပြည့်စုံ၏။ (၇) တီးမှုတ်/ကခုန်/သီဆိုခြင်းတို့ နှင့် ပန်း/နံ့သာပျောင်းတို့မှ ရှောင်ကြဉ်ခြင်း ➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ''ရဟန္တာတို့သည် အသက်ထက်ဆုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းကို ပယ်၍ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ ပတ်လုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်''ဟု (ဆင်ခြင်၏)၊ ဤသတ္တမအင်္ဂါနှင့် ပြည့်စုံ၏။ (၈) မြင့်သော/မြတ်သောနေရာ၌နေခြင်းမှ ရှောင်ကြဉ်ခြင်း ➖➖➖➖➖➖➖➖➖➖➖➖➖➖ ''ရဟန္တာတို့သည် အသက်ထက်ဆုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ညောင်စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကိုပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်လျက် ညောင်စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်''ဟု (ဆင်ခြင်၏)၊ ဤအဋ္ဌမအင်္ဂါနှင့် ပြည့်စုံ၏။ (အာနိသင်အကျိုးတို့ကို) ပြဆိုရာအခန်း ➖➖➖➖➖➖➖➖➖➖ ဝိသာခါ ဤသို့ကျင့်သုံးအပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏။ အဘယ်မျှလောက် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ တန်ခိုးကြီးသနည်း၊ ကြီးသော ပျံ့နှံ့ခြင်း ရှိသနည်းဟူမူ-ဝိသာခါ, ဥပမာသော်ကား အကြင်သူသည် များစွာ တပ်နှစ်သက်ဖွယ် ရတနာတို့နှင့် ပြည့်စုံသော အင်္ဂတိုင်း၊ မဂဓတိုင်း၊ ကာသိတိုင်း၊ ကောသလတိုင်း၊ ဝဇ္ဇီတိုင်း၊ မလ္လတိုင်း၊စေတီ တိုင်း၊ ဝင်္ဂတိုင်း၊ ကုရုတိုင်း၊ ပဉ္စာလတိုင်း၊ မစ္ဆတိုင်း၊ သူရသေနတိုင်း၊ အဿကတိုင်း၊ အဝန္တိတိုင်း၊ ဂန္ဓာရတိုင်း၊ ကမ္ဗောဇတိုင်း ဤတစ်ဆယ့်ခြောက်တိုင်း တို့၌ စိုးပိုင်ကြီးမှူးသူဟူသော မင်းအဖြစ်ကို ပြုရာ၏၊ ထိုတစ်ဆယ့်ခြောက်တိုင်းတို့၌ မင်းအဖြစ်ကို ပြုစေခြင်းသည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်မျှ ဖြစ်သော အကျိုးကို မမှီနိုင်။ ထိုသို့ မမှီနိုင်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်း။ လူ့ဘုံ နှင့် အောက်ထစ်ဆုံးနတ်ဘုံကို နှိုင်းယှဉ်ပြဆိုခြင်း ➖➖➖➖➖➖➖➖➖➖➖➖➖ ဝိသာခါ, နတ်ချမ်းသာကို ထောက်ဆသော် လူမင်း၏ အဖြစ်သည် အထီးကျန်သောသူ၏ ချမ်းသာနှင့် တူ၏။ ဝိသာခါ လူ၌ဖြစ်သော အနှစ်ငါးဆယ်တို့သည် စာတုမဟာရာဇ်နတ်တို့၏ တစ်နေ့တစ်ညဥ့် မည်၏၊ ထိုညဥ့်ဖြင့် ညဥ့်ပေါင်းသုံးဆယ်တို့သည် လမည်၏၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် နှစ်မည်၏၊ ထိုနှစ်ဖြင့် နတ်၌ ဖြစ်သော နှစ်ပေါင်းငါးရာတို့သည် စာတုမဟာရာဇ် နတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ မည်သူမဆို အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးခြင်းကြောင့် ကိုယ်ခန္ဓာ ပျက်ကြွေသေသည်မှနောက်၌ စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်နိုင်ရာသော ဤအကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ ''နတ်ချမ်းသာကို ထောက်ဆသော် လူမင်း၏အဖြစ်သည် အထီးကျန်သောသူ၏ ချမ်းသာနှင့် တူ၏''ဟု ငါဆို၏။ ထိုမှ/ဤမှ အဆင့်²နတ်ဘုံ(၆)ထပ်အထိသို့ နှိုင်းယှဉ်ပြဆိုခြင်း ➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ဝိသာခါ, လူ၌ဖြစ်သော အနှစ်တစ်ရာတို့သည် တာဝတိံသာနတ်တို့၏ တစ်နေ့တစ်ညဥ့် မည်၏၊ ထို ညဥ့်ဖြင့် ညဥ့်ပေါင်းသုံးဆယ်တို့သည် လမည်၏၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် နှစ်မည်၏၊ ထိုနှစ်ဖြင့် နတ်၌ဖြစ်သော နှစ်ပေါင်းတစ်ထောင်သည် တာဝတိံသာနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ မည်သူမဆို အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးခြင်းကြောင့် ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ တာဝတိံသာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်နိုင်ရာသော ဤအကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ နတ် ချမ်းသာကို ထောက်ဆသော် လူမင်း၏အဖြစ်သည် အထီးကျန်သောသူ၏ ချမ်းသာနှင့် တူ၏ဟု ငါဆို၏။ ဝိသာခါ လူ၌ဖြစ်သော အနှစ်နှစ်ရာတို့သည်။ပ။ အနှစ်လေးရာတို့သည်။ပ။ အနှစ်ရှစ်ရာတို့သည်။ပ။ အနှစ်တစ်ထောင်ခြောက်ရာတို့သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ တစ်နေ့တစ်ညဥ့် မည်၏၊ ထိုညဥ့်ဖြင့် ညဥ့်ပေါင်းသုံးဆယ်တို့သည် လမည်၏၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် နှစ်မည်၏၊ ထိုနှစ်ဖြင့် နတ်၌ဖြစ်သော နှစ်ပေါင်းတစ်သောင်းခြောက်ထောင်တို့သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အသက်အတိုင်း အရှည် ဖြစ်၏။ ဝိသာခါ ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ မည်သူမဆို အင်္ဂါရှစ်မျိုးနှင့်ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးခြင်းကြောင့် ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ ပရနိမ္မိတဝသ ဝတ္တီနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်နိုင်ရာသော ဤအကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ ''နတ်၌ ဖြစ်သော ချမ်းသာကို ထောက်ဆသော် လူမင်း၏ အဖြစ်သည် အထီးကျန်သောသူ၏ ချမ်းသာနှင့် တူ၏''ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။ ဒေသနာဓမ္မတရားနိဂုံးအဆုံး၌ ခြုံငုံသုံးသပ်၍ ပြဆိုခြင်း ➖➖➖➖➖➖➖➖➖➖➖➖➖ သတ္တဝါကို မသတ်ရာ၊ မပေးအပ်သော ဥစ္စာကို မခိုးယူရာ၊ မဟုတ်မမှန်သော စကားကို မပြောဆိုရာ၊ မူးယစ်ခြင်းကိုဖြစ်စေတတ်သော သေအရက်ကို မသောက် ရာ၊ မေထုန်ဟု ဆိုအပ်သော မမြတ်သော အကျင့်မှ ရှောင်ကြဉ်ရာ၏၊ နေလွဲညစာ မစားရာ။ ပန်းမပန်ရာ၊ နံ့သာမှုန့်ကို မလိမ်းရာ။ ညောင်စောင်းငယ်၌လည်းကောင်း၊ မြေ၌ ခင်းအပ်သောနေရာ၌လည်းကောင်း အိပ်ရာ၏။ အင်္ဂါရှစ်မျိုးရှိသော ထိုဥပုသ်ကို ဒုက္ခ၏ အဆုံးသို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် ပြတော်မူအပ်၏။ လနေနှစ်ပါးစုံတို့သည် (ရူပါရုံကို) ကောင်းစွာ ပြတတ်ကုန်၏၊ အကြင်မျှလောက်သော အရပ်သို့ ထွန်းလင်းတောက်ပကုန်သည်ဖြစ်၍ အစဉ်လှည့်လည်ကုန်၏၊ အမိုက်တိုက်ကို ပယ်ဖျောက်တတ်ကုန်သော ကောင်းကင်အပြင်၌ သွားကုန်သော ထိုလနေတို့သည် အရပ်မျက်နှာတို့ကို တင့်တယ်စေကုန်သည်ဖြစ်၍ ကောင်းကင် အပြင်၌ ထွန်းလင်း တောက်ပကုန်၏။ ထိုလနေတို့ လှည့်လည်ရာ အရပ်အတွင်း၌ ပုလဲ ပတ္တမြား ကောင်းသော ကြောင် မျက်ရွဲ သိင်္ဂီရွှေ ထိုမှတစ်ပါးလည်း ပကတိရွှေဟူသော ဥစ္စာတို့သည် ရှိကုန်၏၊ ယင်းသိင်္ဂီရွှေ ပကတိရွှေကို ဇာတရူပဟူ၍လည်းကောင်း၊ ဟဋကဟူ၍လည်းကောင်း ဆိုအပ်၏။ ထိုပုလဲ ပတ္တမြားစသော ရတနာတို့သည်လည်းကောင်း၊ အလုံးစုံသော လရောင်တို့ သည်လည်းကောင်း၊ ကြယ်အပေါင်းတို့သည်လည်းကောင်း အင်္ဂါရှစ်မျိုးရှိသော ဥပုသ်စောင့်သုံးခြင်း၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်မျှ မမှီနိုင်ကုန်။ ထို့ကြောင့်သာလျှင် သီလရှိသော မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အင်္ဂါရှစ်မျိုး ရှိသော ဥပုသ်ကို ကျင့်သုံးရာ၏။ (ထိုမိန်းမယောက်ျားတို့သည်) ချမ်းသာသော အကျိုးကိုဖြစ်စေတတ်ကုန်သော ကုသိုလ်ကောင်းမှုတို့ကို ပြုကုန်သောကြောင့် မကဲ့ရဲ့အပ်ကုန်သည်ဖြစ်၍ နတ်ပြည်သို့ ကပ်ရောက်ရကုန်၏။ တတိယသုတ်။ ☸⚜☸⚜☸ သာသနာ သက္ကရာဇ် ၂၅၆၃ ၊ မြန်မာ သက္ကရာဇ် ၁၃၈၁ ခရစ်သက္ကရာဇ်၂၀၁၉ ၊ ဝါခေါင်လဆန်း (၇)ရက်၊ ဗုဒ္ဓဟူးနေ့ 📚 ကျမ်းညွှန်းအကိုးအကား 📚 ပိဋကတ် သုံးပုံ 📚 [ သုတ္တန်ပိဋကတ် အဂုင်္တ္တရနိကယ် (မြန်မာပြန်) ] { ၈၊ အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် } ( ၁ - ပဌမပဏ္ဏာသက (ပဌမသုတ်ငါးဆယ်) ) ( ၅ - ဥပေါသထဝဂ် ၊ ၃ - ဝိသာခါသုတ် ၊ ၄၃။ ) 7.8.2019. 📃 ဓမ္မသုတ 📃 ဝေငှသူ 📃 သီဟစိုး...✍
via အလင်းရောင် ဓမ္မ https://ift.tt/2NoZkVq
Newer Post
Older Post
Home