အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 28, 2019
တရား အားထုတ်ခြင်း၏ လက်ငင်း အကျိုးကျေးဇူး ======================== တရားအားထုတ်ရင် စိတ်ကြည်လင်တယ်။ အေးချမ်းလာတယ်။ အသိဥာဏ်တွေ သန့် ရှင်းလာတယ်။ မလုပ်သင့်တာတွေ မလုပ်ဖြစ်ဘူး။ အမှားအယွင်း နည်းသွားတယ် ဆိုရင်ပဲ စိတ်ချမ်းသာလာတယ်။ လူတွေမှာ စိတ်ဆင်းရဲမှုဖြစ်တာဟာ အမှားအယွင်းကြောင့်ပါ။ ကိုယ့်အမှားရဲ့  ဒဏ်ချက်ကို ကိုယ်ပြန်ခံရတာပဲ ။ တရားအားထုတ်တဲ့အခါမှာ စိတ်အင်မတန် ကြည်လင်လာတဲ့အခါမှာ ဘယ်စကားက ပြောသင့်တယ်။ ဘယ်စကားက မပြောသင့်ဘူး။ ဘယ်ကိစ္စက လုပ်သင့်တယ် ဘယ်ကိစ္စက မလုပ်သင့်ဘူး။ ဒါတင်မကဘူး။ ဘယ်အဝတ်အစားက ဝတ်သင့်တယ်။ ဘယ်အဝတ်အစားက မဝတ်သင့်ဘူး သိလာတယ်။ ဘယ်အစားက စားသင့်တယ် ဘယ်အစားမျိုးက မစားသင့်ဘူး ဒါတွေကိုပါ သိလာတယ်။ ကိုယ့်စိတ်ကို ပြန်ကြည့်တတ်လာတဲ့ သူဆိုရင် စိတ်ထဲမှာ ပေါ်နေတဲ့ အတွေးတွေကို ကြည့်ပြီးတော့ ဘယ်အတွေးကတော့ လောဘပဲ။ ဘယ်အတွေးကတော့ ဒေါသပဲ။ ဒီအတွေးတွေကတော့ မာနပဲ။ ဒါကတော့ ဣဿာမစ္ဆရိယပဲလို့  ပိုင်းပိုင်းခြားခြား သိလာတယ်။ သူတို့ ကို မြင်လာရင် သူတို့ ရဲ့  လွှမ်းမိုးမှု နောက်ကို ပါမသွားဘူး။ ပါမသွားတာကိုက လွတ်လပ်မှု တစ်မျိုးပဲ။ လောဘနှင့် ဆုံးဖြတ်ပြီး မလုပ်ဘူး။ လောဘရဲ့ ဆွဲအား လောဘရဲ့  လှည့်စားမှုနဲ့  မလုပ်သင့်တာကို မလုပ်ဖြစ်ဘူး။ ဒေါသရဲ့ တွန်းအား ဒေါသရဲ့  ဖျက်ဆီးချင်တဲ့ နောက်လိုက်ပြီး ဖျက်ဆီးချင်တာကို မလုပ်ဖြစ်ဘူး။ မာနရဲ့  လှုံ့ ဆော်မှုကြောင့် ငါမှငါဆိုတဲ့ ဣဿာ မစ္ဆရိယကြောင့် မနာလိုလို့  သူတစ်ပါး ကြီးပွားတာကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့ နည်းနဲ့  ဖြစ်စေ ပျက်စီးအောင် မလုပ်ဖြစ်တော့ဘူး။ မလုပ်ဖြစ်တဲ့အတွက် စိတ်ချမ်းသာမှု ရလာတယ်။ သူ အဲသလို နေလိုက်တဲ့အတွက်ကြောင့် ကြာလာရင် ပတ်ဝန်းကျင်က လူတွေဟာ သူ့ ကို သိလာတယ်။ ဒီလူဟာ တော်တော်အေးအေးချမ်းချမ်း စည်းကမ်းရှိရှိ နေတဲ့လူ အေးအေးချမ်းချမ်း လုပ်တဲ့လူ မဟုတ်တာ မမှန်တာ မလုပ်ဘူး။ စဉ်းစဉ်းစားစား လုပ်တတ်တဲ့လူ ဆိုပြီးတော့ သူ့ အပေါ်မှာ ပိုပြီး ချစ်လင်လာကြတယ်။ လေးစားလာတယ်။ အားကိုးမှု ရလာတယ်။ အဲဒီတော့ ပတ်ဝန်းကျင်ရဲ့  ချစ်ခင်မှု ကြည်ညိုမှု လေးစားမှု အားကိုးမှု ရလာတယ် ဆိုရင်ပဲ ဘယ်လောက် အကျိုးများပြီ လဲ။ ။ ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ) မင်းနန် (မော်ကျွန်း ) ဆရာတော်ကြီးများ၏ သြဝါဒတော်များ ပေါင်းချုပ် စာ - ၅၀၇ ဥတ္တရအလင်း
via အလင်းရောင် ဓမ္မ https://ift.tt/349BPWm
ရဋ္ဌပါလသုတ္တန်တရားတော် =============== ကျွန်တော်က မွေးကတည်းက ချမ်းသာလာခဲ့သူဗျ။ ကျွန်တော့်အဖေက ထုလ္လကောဋ္ဌိကနိဂုံးသူဌေးကြီးလေ။ ကျွန်တော်ကြီးလာရင် မိမိမွေးရပ်မြေတိုင်းနိုင်ငံကို စောင့်ရှောက်နိုင်မယ်ဆိုတဲ့ နိမိတ်နဲ့ ကျွန်တော့်နာမည်ကို ရဋ္ဌပါလလို့ မိဘတွေက အမည်မှည့်ပေးခဲ့ကြတာ။ တစ်နေ့တော့ ကျွန်တော်တို့ နေတဲ့နိဂုံးကို ဘုရားရှင်နဲ့ သူ့တပည်သား သံဃာတွေ ကြွလာကြတယ်ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ထုလ္လကောဋ္ဌိကဆိုတဲ့နိဂုံးဟာ မိုးလေဝသ ရာသီဥတုကောင်းတော့ စည်ပင်ဝပြောတယ်ဆိုပါတော့ဗျာ။ ဘုရားရှင်ကြွလာတယ်လည်း ကြားရော ကျွန်တော်တို့နိဂုံးသူနိဂုံးသားတွေ လှုပ်လှုပ်ရွရွဖြစ်လာကြတယ်။ အကုန်လုံးကလည်း ဘုရားရှင်ရဲ့ ကောင်းသတင်းကြော်စောသံတွေကိုပဲ ပြောနေကြတာလေ။ ဒီလောက် ကောင်းသတင်းတွေနဲ့ နာမည်ကြီးနေတဲ့ ဘုရားကြွလာမှတော့ ကျွန်တော်တို့ လှုပ်လှုပ်ရွရွ မဖြစ်ဘဲ နေပါ့မလားဗျ။ ညချမ်းကာလရောက်တော့ ကျွန်တော်တို့ နိဂုံးသူနိဂုံးသားတွေ ဘုရားရှင်ထံ အကုန်နီးပါး သွားရောက်ဖူးမြော်ကြတယ်။ အဲအထဲမှာ ကျွန်တော်လည်း ပါခဲ့တယ်ဆိုပါတော့။ ဘုရားရှင်ဆီက တရားလည်း နာယူပြီးရော အားလုံးပြန်ကြတယ်။ ကျွန်တော်ကတော့ တရားနာပြီး အကြံတစ်ခုရတာနဲ့ မပြန်သေးဘဲ နေမိတယ်။ ကျွန်တော်က ဘုရားဟောတဲ့ တရားကို အနည်းအကျဉ်းသိတယ်ဗျာ။ ဒီတရားကို ကိစ္စဝိစ္စတွေများလှတဲ့ လူတွေကျင့်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာလည်း သိတယ်။ ဒီတော့ ငါ ရဟန်းဝတ်ရရင် ကောင်းမှာပဲလို့ အကြံပေါ်တယ်ဗျ။ လူလည်း ရှင်းရော ကျွန်တော့်အကြံကို ဘုရားရှင်ကို လျှောက်လိုက်တယ်လေ။ ဒီတော့ ဘုရားရှင်က ကြည်လင်သော မျက်နှာတော်နဲ့ မိန့်တယ်ဗျ။ ရဋ္ဌပါလ မင်းမိဘတွေ ခွင့်ပြုရဲ့လား။ ရဟန်းဝတ်တယ်ဆိုတာ မိဘတွေခွင့်ပြုမှ ဝတ်ရတာတဲ့။ ကျွန်တော်လည်း ဘုရားရှင်ကို တရိုတသေ ရှိခိုးပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ မိဘတွေကို ခွင့်ပြုပေးဖို့ အသိပေးတိုင်ပင်လိုက်တယ်။ ကျွန်တော်ဟာ တစ်ဦးတည်းသော သားမို့ မိဘတွေက ခွင့်မပြုနိုင်ပါဘူးတဲ့လေ။ ကောင်းကြသေးရဲ့လားဗျာ။ ကျွန်တော်ကလည်း ရဟန်းဝတ်ချင်တယ်။ မိဘတွေကလည်း တစ်ဦးတည်းသောသားလေးမို့ ကျွန်တော့်ကို ခွင့်မပြုပေးနိုင်ဘူးတဲ့။ ကျွန်တော် နှစ်ကြိမ်၊ သုံးကြိမ်ထပ်ပြောတယ်။ ဒါလည်း မရဘူး။ ခွင့်မပြုဘူး။ ရတယ်လေ။ ကျွန်တော်ကလည်း ကိုယ်ဖြစ်ချင်တာကို လုပ်ရမှ ကျေနပ်တဲ့လူ မဟုတ်လား။ အဲဒီတော့ ခွင့်မပြုတဲ့နေ့ကစပြီး ကျွန်တော် ထမင်းလည်း မစားတော့ဘူး။ ရေလည်း မသောက်တော့ဘူး။ အစာငတ်ရေငတ်ခံကာ မြေပြင်မှာ အိပ်ပြီး မိဘတွေကို ဆန္ဒပြလိုက်တယ်။ နှစ်ရက်သုံးရက်လောက်ကြာတော့ ကျွန်တော့်မှာ အားအင်တွေ ကုန်ခန်းလာပြီ။ ဒါပေမဲ့ ကျွန်တော် ဇွဲမလျှော့ဘူးနော်။ ကျွန်တော့်မိဘတွေက လာပြီး ဖျောင်းဖြပါသေးတယ်။ သားရယ် လူ့ဘဝနဲ့လည်း ကုသိုလ်တွေ ပြုခွင့်ရတာပဲတဲ့လေ။ လူ့ဘဝမှာ အပူအပင်မရှိ ချမ်းချမ်းသာသာနေပြီး သားလှူချင်တာလှူ၊ သီလစောင့်ချင်ရင်လည်း စောင့်ပေါ့တဲ့။ ကျွန်တော်က ရဟန်းဝတ်ချင်တာလေ။ ရဟန်းဝတ်ပြီး တပ်မက်မှုကင်းတဲ့ တရားဓမ္မတွေကို ပိုင်ဆိုင်ချင်တာလေ။ ငါးရက်မြောက်လောက် ရောက်တော့ ကျွန်တော့်မိဘတွေက သူတို့ဖျောင်းဖြလို့ မရမှန်းသိပြီး ကျွန်တော့်သူငယ်ချင်းတွေကို အကူအညီတောင်းတယ်ပေါ့။ ကျွန်တော့်သူငယ်ချင်းတွေကလည်း သူငယ်ချင်းရယ် မင်းမိဘတွေကို ပစ်ထားတော့မလို့လား ဘာလားညာလားနဲ့ ပြောနေတာတွေ စုံနေတာပဲ။ ကျွန်တော် စိတ်မဝင်စားပါဘူး။ သူငယ်ချင်းတွေလည်း လက်လျှော့သွားကြတယ်လေ။ တစ်ပတ်ပြည့်မယ့်ရက်ရောက်တော့ ကျွန်တော် အတော် ပိန်လာပြီ။ အားအင်တွေလည်း မရှိတော့သလောက်ပဲ။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်မိဘတွေကို သွားပြောတယ်။ အဒေါ်ရယ် အဒေါ့်သားကို အဒေါ်တို့ရော၊ ကျွန်တော်တို့ရော ဖျောင်းဖြတာ မရဘူး။ အဒေါ့်သားက သူလုပ်ချင်တာဆို ရအောင်လုပ်တဲ့သူ။ ဒီအတိုင်းဆို အဒေါ့်သား၊ ကျွန်တော်တို့ သူငယ်ချင်းလေး သေသွားလိမ့်မယ်။ သူဝတ်ချင်တဲ့ ရဟန်းဝတ်ခွင့်ကို ပေးလိုက်ပါ အဒေါ်ရယ်။ ဒီအတိုင်းထားလို့ သေမယ့်အတူတူတော့ ရဟန်းဝတ်ရင် အသက်ရှင်နေတာလေးကို မြင်နိုင်သေးတယ်မဟုတ်လား။ အဒေါ့်သား သာသနာ့ဘောင်မှာ မပျော်လို့ လူပြန်ထွက်လာတော့လည်း အဒေါ်တို့အိမ်မှတစ်ပါး အခြားသွားစရာမရှိပါဘူးတဲ့။ ကျွန်တော့်သူငယ်ချင်းတွေက ဒီလိုဖျောင်းဖြလိုက်တော့ မိဘတွေက အားမတန် မာန်လျှော့တဲ့သဘောနဲ့ ကျွန်တော့်ကို ခွင့်ပြုလိုက်တယ်ဗျ။ ကျွန်တော်လည်း အစာရေစာ ပြန်စားပြီး အားမွေးလိုက်တာ နှစ်ရက်သုံးရက်လောက်ရောက်တော့ နဂိုအတိုင်း အသားအရည် ပြန်ဖြစ်လာတယ်ဗျ။ ဒီလိုနဲ့ ကျွန်တော်ဟာ ရဋ္ဌပါလဆိုတဲ့ ရဟန်းတစ်ပါး ဖြစ်ခဲ့တယ်ပေါ့ဗျာ။ ကျွန်တော် ရဟန်းဘဝရောက်လို့ တစ်လခွဲလောက် အကြာမှာ ဘုရားရှင်က ကျွန်တော့်ဇာတိဖြစ်တဲ့ ထုလ္လကောဋ္ဌိက နိဂုံးက သာဝတ္ထိပြည်ကို ကြွချီတော်မူတယ်။ ကျွန်တော်လည်း လိုက်ပါခွင့်ရခဲ့တယ်ပေါ့။ ကျွန်တော်က လူ့ဘဝတုန်းက မိဘတွေကို အတိုက်ခံလုပ်ပြီး ရဟန်းဘောင်ကို ခက်ခက်ခဲခဲ ဝင်ရောက်ခဲ့သူလေ။ ဒီတော့ သာသနာ့ဘောင်မှာ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ မဖြစ်ဘူးဆိုပြီး ကျွန်တော် တရားကို ကြိုးကြိုးစားစား အားထုတ်ရှုမှတ်ခဲ့တယ်။ ကျွန်တော်က သိပ်ဉာဏ်ကောင်းသူ မဟုတ်ဘူးလေ။ တစ်ချို့ဆို ဘုရားရှင်ရဲ့တရားကို တစ်ခါလောက် နာလိုက်ရရုံနဲ့ တရားထူးတွေ ရသွားကြတာ။ ကျွန်တော်ကျတော့ (၁၂)နှစ်ကြာမှ တရားထူးရတယ်ဗျ။ ဒါဟာ ကျွန်တော်လိုချင်တဲ့၊ ရချင်တဲ့၊ ရောက်ချင်တဲ့ ပန်းတိုင်လေ။ ဒါ့ကြောင့်မို့ (၁၂)နှစ်မကလို့ (၂၄)နှစ်ဆိုလည်း မရမချင်း ကျွန်တော် အားထုတ်မှာပါ။ ခုတော့ ကျွန်တော့်မှာ အရာရာကို လိုချင်တပ်မက်စွဲလမ်းတဲ့စိတ်တွေ မရှိတော့ဘူး။ ကျွန်တော် ဘာဆိုဘာမှ မရချင်၊ မလိုချင်တော့ဘူး။ ဒီလို ဘာမှမလိုချင်တာလေးကကို သိပ်ပြီး အေးချမ်းရပါတယ်ဗျာ။ လိုချင်မှုရှိတော့ ရအောင်ကြိုးစားရတယ်။ ရလာပြန်တော့လည်း မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရတယ်။ ပျက်စီးသွားပြန်တော့လည်း ပူပန်ဆင်းရဲရတယ်။ ဒီသဘောတရားတွေကို ကျွန်တော် ကောင်းကောင်း နားလည်ခဲ့ပါပြီ။ ကျွန်တော့်မှာ ခံယူချက်ရှိတယ်ဗျ။ ကျွန်တော် တရားထူး မရမချင်း ကျွန်တော့်ဇာတိကို ဘယ်တော့မှ မပြန်ဘူးလို့ သန္နိဋ္ဌာန်ချထားခဲ့တာ။ ရဟန်းဝတ်ခါစက သာဝတ္ထိရောက်တာတောင် ကျွန်တော်တို့နိဂုံးကို မပြန်ခဲ့ဘူးလေ။ ခုတော့ ကျွန်တော် ပြန်လို့ရပြီပေါ့။ ဒီတော့ ဘုရားရှင်ထံ ခွင့်ပန်ပြီး ကျွန်တော့်ဇာတိ ထုလ္လကောဋ္ဌိကနိဂုံးကို ကျွန်တော်ပြန်လာခဲ့ပါတယ်။ နိဂုံးကိုရောက်တော့ အိမ်ကို မကြွခဲ့ဘူး။ ကျွန်တော်တို့နိဂုံးထဲက ကောရဗျမင်းရဲ့ မိဂစီရဥယျာဉ်ထဲမှာပဲ ကျွန်တော်သတင်းသုံးခဲ့ပါတယ်။ နောက်တစ်နေ့ မနက်ရောက်တော့ သင်္ကန်းကို သပ်သပ်ရပ်ရပ်လေး ရုံပြီး ကျွန်တော့်ကို မွေးဖွားရာ ထုလ္လကောဋ္ဌိကရွာထဲကို ဆွမ်းခံကြွခဲ့ပါတယ်။ ကျွန်တော် ရွာကနေ ထွက်လာတာ (၁၂)နှစ်တောင် ရှိပြီဆိုတော့ ကျွန်တော့်ကို ရွာသူရွာသားတွေက မမှတ်မိကြတော့ဘူးဗျ။ ဆွမ်းလည်း မလောင်းကြဘူးလေ။ ဒီလိုနဲ့ ကျွန်တော်တို့အိမ်ရှေ့ကို ရောက်လာခဲ့တယ်။ ကျွန်တော် အိမ်ရှေ့မှာ ဆွမ်းခံရပ်နေတော့ အဖေက ခေါင်းဖြီးနေတယ်။ ကျွန်တော့်ကို မမှတ်မိဘူးဗျ။ သာမန်ရဟန်းတစ်ပါးလိုပဲထင်ပြီး ဒီရဟန်းတွေကြောင့် ငါ့သားဟာ သာသနာ့ဘောင်ထဲ ရောက်သွားရတာဆိုပြီး တရစပ် ဆဲတော့တာပါပဲ။ တကယ်တော့ ကျွန်တော်ဟာ ဘုရားရဲ့သားတော်စစ်စစ် ရဟန္တာဖြစ်ခဲ့ပြီလေ။ ကျွန်တော့်မိဘတွေအိမ်ရှေ့ ဆွမ်းခံသွားရပ်ပေမယ့် ကန်တော့ဆွမ်းပါ ဆိုတဲ့စကားလေးတောင် ကျွန်တော်မရခဲ့ပါဘူး။ အဆဲတော့ ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့အိမ်က ကျွန်,မလေးက သိုးနေတဲ့မုန့်တွေကို လွှင့်ပစ်ဖို့ဆိုပြီး အိမ်ပေါက်ဝ ထွက်လာတယ်။ ဒကာမလေး မုန့်အသိုးတွေ လွှင့်ပစ်မလို့လားလို့ မေးလိုက်တော့ ဟုတ်တယ်တဲ့။ ဒါဆို ဦးဇင်းသပိတ်ထဲ လောင်းထည့်ပေးပါဆိုတော့ ထည့်ပေးပါတယ်။ ကျွန်တော်လည်း တစ်မနက်လုံး လျှောက်လာတာ ဆွမ်းတစ်ပေါင်းမှ မရသေးဘူးလေ။ ဒီလိုနဲ့ ကျွန်တော် ရွာထဲကနေ ထွက်ပြီး ဇရပ်ကလေးတစ်ခုပေါ်မှာပဲ မုန့်အသိုးတွေကို ဆွမ်းအဖြစ် ဘုဉ်းပေးခဲ့ရပါတယ်။ မုန့်အသိုးတွေ လောင်းထည့်တဲ့ ကျွန်,မလေးက ကျွန်တော့်ကို မှတ်မိပုံတူပါတယ်။ ခဏကြာတော့ ကျွန်တော့်အဖေ ဇရပ်ကို ရောက်လာတယ်။ သားရယ် မိဘတွေရှိရဲ့သားနဲ့ ဘာလို့အိမ်ကို ချက်ချင်းမလာတာလဲဆိုပြီး ထုံးစံအတိုင်း ဆူပူတော့တာပါပဲ။ ခု စားနေတဲ့ မုန့်အသိုးတွေ သွန်ပစ်လိုက်။ လာ အိမ်ကို သွားရအောင်တဲ့။ ဒီတစ်နပ်အတွက် ပြီးသွားပြီ။ မလိုက်တော့ဘူးလို့ပဲ ပြောလိုက်တယ်။ မနက်ဖြန်အတွက် ဆွမ်းစားပင့်လို့် လက်ခံလိုက်ပါတယ်။ မနက်ဖြန်ရောက်လို့ အိမ်ကိုကြွတော့ ကျွန်တော့်ကို ဆွမ်းကပ်ကြတယ်ဗျ။ ဆွမ်းလည်း ကပ်ပြီးရော ကျွန်တော့်မိန်းမနဲ့ မိဘတွေပိုင်ဆိုင်သမျှ ရွှေငွေတွေပုံပြပြီး ကျွန်တော့်ကို လူထွက်ခိုင်းတယ်ဗျ။ ဒီရွှေတွေ ဘာလုပ်မှာလဲ။ ဂင်္ဂါမြစ်ထဲ သွားပစ်ချလိုက်လို့ပြောလိုက်တော့ အဖေလေ စိတ်တွေ အတော်တိုသွားပုံရတယ်။ မျက်နှာကြီးကို နီလို့။ ခဏကြာတယ်ဆိုရင်ပဲ ရုတ်တရက် ကျွန်တော် ဈာန်ပျံပြီး အိမ်ထဲကနေ ထွက်လာခဲ့ပါတယ်။ ကျွန်တော့်ကို မရရအောင် လူထွက်ခိုင်းဖို့ အတင်းအကြပ် ဖမ်းချုပ်ပြီး စီစဉ်ထားကြတာကို ကျွန်တော်က ကြိုသိနေတယ်လေ။ ဒီလိုနဲ့ ကျွန်တော် ကောရဗျမင်းရဲ့ မိဂစီရဥယျာဉ်ထဲကို ပြန်လာခဲ့ပါတယ်။ နောက်တစ်နေ့ရောက်တော့ ဘုရင်ကြီး ကျွန်တော့်ဆီ ရောက်လာတယ်ဗျ။ ဘုရင်ကြီးက ကျွန်တော့်ကို မေးတယ်။ တစ်ချို့က အိုလို့၊ တစ်ချို့က နာလို့၊ တစ်ချို့က စီးပွားပျက်လို့၊ တစ်ချို့က ဆွေမျိုးပျက်လို့ ရဟန်းဝတ်ကြတယ်။ အရှင်ဘုရားကျတော့ ဒီလေးမျိုးလုံး မရှိပါဘဲ ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရဟန်းဝတ်ရတာလဲတဲ့။ ဒီတော့ ကျွန်တော်က ဖြေလိုက်တယ်။ မင်းကြီး ငါဟာ ဘုရားဟေားထားတဲ့ ဓမ္မုဒ္ဒေသတရားလေးပါးကို မြင်တော်မူလို့ ရဟန်းပြုခဲ့ခြင်းဖြစ်တယ်။ ဓမ္မုဒ္ဒေသတရားလေးပါးဆိုတာ (၁) သတ္တဝါမှန်သမျှ မတည်မြဲဘူး။ (၂) သတ္တဝါအပေါင်းဟာ ခိုကိုးစရာ၊ အားထားစရာ၊ မှီခိုစရာ ဘာမှမရှိဘူး။ (၃) သတ္တဝါအပေါင်းမှာ ကိုယ်ပိုင်ပစ္စည်းဆိုလို့ ဘာမှမရှိဘူး။ (၄) သတ္တဝါအားလုံးဟာ ရောင့်ရဲမှုမရှိကြဘူး။ ဒီလိုဟောလိုက်တော့ မင်းကြီးလည်း တရားအသိ တော်တော်ရှိသွားတယ်။ ကျွန်တော့်ဘဝအကြောင်းလေးကို ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ကျွန်တော့်ရဲ့ ရဟန်းဘဝ ဖြစ်လာပုံက အတော်လေး ခက်ခဲကြမ်းတမ်းခဲ့တယ်ဆိုတာ ဒိလောက်ဆို သိလောက်ပါပြီ။ ဒါ့ကြောင့် သာသနာနဲ့တွေ့တုန်း လူဖြစ်စေ၊ ရဟန်းဖြစ်စေ သာသနာပြုအလုပ်တွေ လုပ်ကြပါ။ လူဖြစ်ရင်လည်း ဆွမ်းတစ်နပ်၊ ရေတစ်ခွက်လောက်ကလေးတော့ လက်တွန့်မနေသင့်ပါဘူး။ သာသနာ့ဘောင်က လဇ္ဇီပေသလ သိက္ခာကာမ ရဟန်းတော်တွေကို ပေးလှူပါ။ သာသနာအတွင်းမှာ လှူရတဲ့ ဒါနကုသိုလ်က အင်မတန် အကျိုးကြီးမားပါတယ်။ ခုလက်ရှိ သာသနာ့ဘောင်က ရဟန်းတော်တွေကိုလည်း တပည့်တော် ရဋ္ဌပါလ လျှောက်ချင်ပါတယ်။ အရှင်ဘုရားတို့ရဲ့ ရဟန်းဘဝဟာ တပည့်တော်ရဲ့ ရဟန်းဘဝလောက်တော့ မဆိုးလောက်သေးပါဘူး။ ဒီတော့ ဇွဲမလျှော့ပါနဲ့။ သာသနာမှာ ပျော်မွေ့အောင်နေပါ။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးရပ်ကိုလည်း တစ်နေ့တစ်ခြား များသထက်များလာအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါလို့ တပည့်တော် ရဋ္ဌပါလ လျှောက်တင်လိုက်ပါတယ် ဘုရား။ အပ္ပဒေန သမ္ပာဒေထ။ မောင်ခေမိန်(မကွေး) ၂၅၊ ၈၊ ၂၀၁၉ (((ကျမ်းကိုး။ ။မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ရာဇဝဂ်၊ ရဋ္ဌပါလသုတ္တန်ဒေသနာတော်ကို မှီငြမ်းပြီး ရဋ္ဌပါလ၏ ကိုယ်တိုင်ပြောဟန်ဖြင့် ရေးသားထားခြင်းဖြစ်သည်)))
via အလင်းရောင် ဓမ္မ https://ift.tt/2MDtQuZ

ဘုရားနှင့်နီးသူ ____________ မြတ်စွာဘုရားက ဘယ်လိုပုဂ္ဂိုလ်တွေ ဟာ မြတ်စွာဘုရားနဲ့ နီးတဲ့ပုဂ္ဂိုလ်လဲ? ဘယ်လိုပုဂ္ဂိုလ်တွေ ကတော့ မြတ်စွာဘုရားနဲ့ ဝေးတဲ့ပုဂ္ဂိုလ်တွေလဲ? ဆိုတာကို အဓိက မြတ်စွာဘုရားနှင့်နီးတဲ့သူ၊မြတ်စွာဘုရားနှင့်ဝေးတဲ့ သူဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေကို ပြောတာဆိုတာ မြတ်စွာ ဘုရား ဟောထားတာ။ ဒါကြောင့် ဒီသုတ္တန်လေးကို "ဘုရားနှင့်နီးသူ"လို့ တရား ခေါင်းစဉ် ပေးပြီးတော့ ဟောပါမယ်။ဒါယကာ, ဒါယိကာမ တို့ ဦးပဉ္စင်းတို့တစ်တွေ မြတ်စွာဘုရားရဲ့အပေါ်မှာ ကြည် ညိုတဲ့,မြတ်နိုးတဲ့စိတ်,တန်ဖိုးထားတဲ့စိတ် အားလုံး ရှိကြပါ တယ်။ ဒါကြောင့် မြတ်စွာဘုရားနှင့်နီးတယ်ဆိုတာလေးက အင်မ- တန်မှ မင်္ဂလာရှိတယ်။ မြတ်စွာဘုရားနှင့်ဝေးတယ်ဆိုရင် တော့ ဒါ မကောင်းဘူးပေါ့။ အဲလိုဆိုလို့ရှိရင် မြတ်စွာဘုရားနှင့်နီးအောင် မိမိတို့မှာ ဘ-ယ်လို အရည်အသွေး ရှိဖို့ လိုမလဲ? မြတ်စွာဘုရားနှင့် ဝေး တယ်ဆိုတာက ဘယ်လိုစိတ်ဓာတ်မျိုး ရှိတဲ့ပုဂ္ဂိုလ်တွေလဲ ဆိုတာကို နာယူကြည်ညိုကြည့်ရအောင်။ ဦးပဉ္စင်းတို့ ဒီသုတ္တန်က ဣတိဝုတ်ပါဠိတော်မှာ လာတာဆို တော့ ဣတိဝုတ်ပါဠိတော်က ရှင်မခုဇ္ဇုတ္တရာ ဟောထားတဲ့ တရားတွေကို စုစည်းပြီးတော့ သင်္ဂါယနာတင်ထားတာ။အဲ ဒါကို ဦးပဉ္စင်းတို့ ဣတိဝုတ်ပါဠိတော်လို့ ခေါ်တာ။ ဟော တာကတော့ မြတ်စွာဘုရားဟောတာပေါ့နော်။ ဒါပေမယ် လို့ ခုဇ္ဇုတ္တရာက ပြန်ပြီးတော့ ဟောထားတာ၊ စုစည်းပြီး တော့ ဟောထားတာ။ ခုဇ္ဇုတ္တရာဆိုတာက ဒါယိကာမကြီးတွေရဲ့နယ်ပယ်မှာ အင် မတန် အတုယူစရာကောင်းတဲ့ ဒါယိကာမကြီးတစ်ယော-က်ပေါ့။ ဦးပဉ္စင်းတို့ ဥပါသိကာဒါယိကာမကြီးတွေထဲမှာ ပညာအရာမှာ ဧတဒဂ်ရတဲ့ တကယ့် အလွန်အစွမ်းသတ္တိ ထက်မြတ်တဲ့ ဒါယိကာမကြီးတစ်ယောက်ပါပဲ။ဥတေနမင်း ရဲ့မိဖုရား သာမာဝတီ။ အဲဒီ သာမာဝတီမိဖုရားရဲ့အထိန်း တော်ပေါ့နော် ခုဇ္ဇုတ္တရာဆိုတာက။ အဲဒီခုဇ္ဇုတ္တရာဟော ထားတဲ့ တရားတော်တွေကို ဒါ ဣတိဝုတ်ပါဠိတော်လို့ ခေါ် တာ။ အဲဒီဣတိဝုတ်ပါဠိတော်ထဲမှာ ဒီသုတ္တန်လေးပါတယ် နော်။ အဲဒါကို ပရိသတ်အပေါင်းသူတော်ကောင်းတို့ နာယူ ကြည်ညိုကြရအောင်။ သင်္ဃာဋိကဏ္ဏသုတ္တန်တဲ့၊ဘုရားနှင့်နီးသူ၊စတင်ပြီးတော့ နာ ယူကြည်ညိုကြ ရအောင်နော်။ သင်္ဃာဋိကဏ္ဏေ စေပိ ဘိက္ခဝေ ဘိက္ခု ဂဟေတွာ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓော အဿ ပါဒေ ပါဒံ နိက္ခိပန္တော။ ဘိက္ခဝေ၊ ရဟန်းတော်များ အို ချစ်သားတို့။ မယှံ၊ငါဘုရား ၏။ သင်္ဃာဋိကဏ္ဏေ၊ သင်္ဃန်းစွန်းတို့ကို။ ဂဟေတွာ၊ စွဲကိုင် ၍။ ပိဋ္ဌိတော ပိဋ္ဌိတော၊ နောက်မှ,နောက်မှ။ ပါဒေ၊ငါဘုရား ၏ ခြေတော်ရာ၌။ ပါဒံ၊ မိမိ၏ ခြေရာကို။ နိက္ခိပန္တော၊ နင်း ချ၍။အနုဗန္ဓော၊ အစဉ်သဖြင့် လိုက်သည်။စေပိ အဿ၊အ ကယ်၍ ဖြစ်စေကာမူ။ ရဟန်းတို့တဲ့ ငါဘုရားရဲ့သင်္ဃန်းစွန်းကို စွဲကိုင်ပြီးတော့ ငါ ဘုရားရဲ့ နောက်ကနေပြီးတော့ ငါဘုရား နင်းချလိုက်တဲ့ ခြေရာကို ဖဝါးခြေချ ထပ်ကြပ်မကွာ အဲသလို သင်္ဃန်းစွန်း ကို စွဲပြီးတော့ ရဟန်းတစ်ပါးက လိုက်နေတယ် ဆိုကြပါစို့။ ဒါဆိုရင် မြတ်စွာဘုရားနဲ့ ခန္ဓာကိုယ်ချင်းကတော့ အလွန်နီး တယ်ပေါ့နော်။ အဲသလို မြတ်စွာဘုရားရဲ့သင်္ဃန်းစွန်းကို စွဲ ကိုင်ပြီးတော့ ဖဝါးခြေချ ထပ်ကြပ်မကွာ လိုက်ပြီးတော့ နေပါသော်လည်းပဲတဲ့ အဲဒီပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နေတုန်းဆိုတော့- သောစ ဟောတိ အဘိဇ္ဈာလု ကာမေသု တိဗ္ဗသာရာဂေါ ဗျာပန္နစိတ္တော- အဲဒီပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အရည်အသွေးတွေက ဘယ်လော- က်ထိ အောက်တန်းကျနေတုန်းဆိုလို့ရှိရင်- သောစ၊ ထိုပုဂ္ဂိုလ်သည်။ အဘိဇ္ဈာလု၊သူတစ်ပါးရဲ့ ပစ္စည်း ကို မတရားလိုချင်တဲ့ အဘိဇ္ဈာတွေကလည်း များနေတယ် တဲ့။ လူကတော့ မြတ်စွာဘုရားရဲ့သင်္ဃန်းစွန်းကို စွဲကိုင်ပြီး တော့ ဖဝါးခြေချထပ်ကြပ်မကွာ လိုက်နေတာပဲ။ဒါပေမယ့် သူ့ရဲ့စိတ်ဓာတ်က- အဘိဇ္ဈာလု-တဲ့၊ အဘိဇ္ဈာတွေ အလွန် များနေတယ်တဲ့။ အဘိဇ္ဈာဆိုတာက သူများ ပစ္စည်းကို မ တရားလိုချင်တဲ့စိတ်ပေါ့နော်။ ကာမေသု တိဗ္ဗသာရာဂေါ- ကာမေသု၊ ကာမဂုဏ်အာရုံတို့၌။ တိဗ္ဗသာရာဂေါ၊ပြင်းထန် သော တပ်မက်မူရှိသည်။ ကာမဂုဏ်အာရုံတွေနဲ့တွေ့လာ ရင်လည်းပဲ အလွန်ပြင်းပြင်းထန်ထန် တပ်မက်မောတဲ့စိတ် လည်း ရှိနေတယ်။ ပြီးတော့ ဗျာပန္နစိတ္တော-တဲ့။ သူ့ရဲ့စိတ်ဓာတ်တွေက ဖော- က်ပြန်နေတယ်။ စိတ်က တည်တည်တန့်တန့်မရှိဘူး။ ဖော- က်ပြန်နေတယ်။ ပဒုဋ္ဌမနသင်္ကပ္ပေါ-တဲ့၊ သူ့ရဲ့အတွေးအကြံတွေက ပြစ်မှား လိုတဲ့စိတ်, ဒေါသနှင့်ယှဉ်တဲ့အတွေးတွေချည်းပဲ တွေးနေ တယ်တဲ့။မကျေနပ်တဲ့စိတ်တွေနဲ့ပဲ တွေးနေတယ်ပေါ့ သူ့ရဲ့ အတွေးက။ မုဋ္ဌဿတိ၊ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သတိကလည်း မကပ် ဘူးတဲ့။ သတိကလည်း ကင်းလွတ်နေတယ်ပေါ့။ သတိမရှိ ဘူးပေါ့။ မိမိခန္ဓာမှာ ဘာဖြစ်နေတယ်ဆိုတာကို သိအောင် မြင်အောင် အားထုတ်တဲ့နေရာမှာ သတိက အလွန်တရာမှ အခရာကျတာ။အဲဒီသတိကလည်း သူ့သန္တာန်မှာ မရှိဘူး။ မုဋ္ဌဿတိ။ အသမ္ပဇာနော-တဲ့၊ အဆင်ခြင်ဉာဏ်ပညာကလည်း ကင်းမဲ့ နေတယ်တဲ့။ သတိသမ္မဇဉ်ဆိုပြီးတော့ တွဲသုံးတာ ရှိတယ် နော်။ သမ္ပဇဉ်ဆိုတဲ့ပညာတရားကလည်း သူ့သန္တာန်မှာ အဲ ဒီအချိန်မှာ မရှိဘူးတဲ့။ ဦးပဉ္စင်းတို့ တရား သူ့ရဲ့ မကောင်းတဲ့ အရည်အသွေးတွေ ကို ပြောစွာဘုရားက အဲဒါ(၉)မျိုးလောက် ပြောထားတယ် အဲဒါကို ပရိသတ်အပေါင်းသူတော်ကောင်းတို့ သေသေချာ လေး နားယူကြည့်မယ်နော်။ အသမ္ပဇာနော၊သမ္ပဇဉ်တရားလည်း ကင်းမဲ့နေတယ်၊ပညာ လည်း မရှိဘူး။ အသမာဟိတော၊ သူ့ရဲ့စိတ်မှာ တည်ငြိမ်မူဆိုတာလည်း မ ရှိဘူး။ သမာဓိတရားမရှိဘူး။ ဒါတွင်မကဘူးတဲ့- ဝိဗ္ဘ န္တစိတ္တော၊စိတ်ကလည်း အလွန်မှ ပြန့်လွန့်နေတယ်၊တုန် လှုပ်နေတယ်။ မတည်ငြိမ်ရုံတင်မကဘူး ပြန့်လွန့်တုန်လှုပ် နေတယ်၊ဟုတ်လား။ ပြီးတော့- ပါကတိန္ဒြိယော-တဲ့၊သူ့ရဲ့မျက်စိ,နား,နှာ,လျှာ,ကိုယ်,စိတ်ဆို တဲ့ ဣနြေ္ဒခြောက်ပါးလည်းပဲ စောင့်စည်းထားတဲ့သဘော မရှိဘူး။ ကြည့်ချင်တာကို ကြည့်မယ်,နားထောင်ချင်တာကို နားထောင်မယ်။ ဒီမျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်နဲ့ ပတ် သတ်ပြီးတော့ သူ့မှာ အကုသိုလ်မဖြစ်အောင် ဘာမှ ထိန်း သိမ်းထားတဲ့သဘော ဘာမှ မရှိဘူး။မြင်တာနဲ့ပတ်သတ်ပြီး တော့လည်း လောဘဖြစ်ချင် ဖြစ်မယ်,ဒေါသဖြစ်ချင် ဖြစ် မယ်ပေါ့။ကြားတာနဲ့ပတ်သတ်ပြီးတော့လည်း လောဘဖြစ် ချင် ဖြစ်မယ်, ဒေါသဖြစ်ချင် ဖြစ်မယ်ပေါ့။ အဲဒီ မြင်ခြင်း, ကြားခြင်း,နံခြင်း, စားခြင်း,ထိခြင်း,တွေးခြင်းကြောင့် လော ဘ,ဒေါသ,မောဟ မဖြစ်အောင် သူ့မှာ ထိန်းသိမ်းထားတဲ့ သဘော,စောင့်စည်းထားတဲ့သဘော ဘာမှ မရှိဘူး။ ဒီဒွါရခြောက်ပါးကို ဘာမှ စောင့်ရှောက်ထားတဲ့သဘော မ ရှိဘူး။ အဲသလိုသာ ဆိုလို့ရှိရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ မြတ်စွာဘု- ရားရဲ့သင်္ဃန်းစွန်းကို စွဲကိုင်ပြီးတော့ ဖဝါးခြေချ ထပ်ကြပ် မကွာ လိုက်ပြီးတော့ နေပါသော်လည်းပဲ။အထခေါ၊စင်စစ် အားဖြင့်။ သော၊ထိုပုဂ္ဂိုလ်သည်။မယှံ၊ ငါဘုရားနှင့်။ အာရ ကာဝ၊ ဝေးကွာသည်သာတည်းတဲ့။ ဘုရားနှင့်သူနဲ့ အဝေးကြီးပဲတဲ့။ အဟဉ္စ၊ငါဘုရားသည်လည်းပဲ။တဿ၊အဲဒီပုဂ္ဂိုလ်နဲ့။အာရ ကာဝ၊ ဝေးကွာသည်သာတည်း။ သူမှ ငါနဲ့ဝေးတာ မဟုတ်ဘူး၊ ငါလည်း သူနဲ့ အဝေးကြီးပဲ တဲ့။ ဆက်လက်ပူဇော်ပါမည်--- သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ
via အလင်းရောင် ဓမ္မ https://ift.tt/2ZwjIGv

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ ════════════════════ အော်လူ့ဘ၀ဆိုတာ တကယ်တော့ တည်းခိုခန်းလိုပဲ ခေတ္တခဏ ၀င်ရောက်တည်းခိုကြတာပါ။ အချိန်တန်ရင်သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။ ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်ထိ နေခွင့်ရဦးမလဲ...? လူ့ဘ၀သက်တမ်းကို ယေဘုယျ (၇၅) နှစ်ပဲ ထားလိုက်ပါတော့။ အသက်(၄၀) ရှိတဲ့လူတစ်ယောက်ဟာ တည်းခိုခန်းမှာ (၃၅) နှစ်ပဲနေထိုင်ခွင့်ရတော့မှာပါ။ အသက်(၆၀) ရှိတဲ့သူကတော့ တည်းခိုခန်းမှာ (၁၅) နှစ်ပဲ နေခွင့်ရတော့မှာပါ။ လက်ကျန်အချိန်က နည်းနေပါပြီ။ ကျန်တဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။ ဒီအချိန်မှာ သူတစ်ပါးကောင်းတာ မကောင်းတာ ဝေဖန်ရမယ့်အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်အရွယ် ဖြစ်နေပါပြီ။ ဆိုလိုတာက သူတစ်ပါးကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဖို့က အဓိကပါ။ ဒီတော့ ကျန်ရှိနေသေးတဲ့သက်တမ်းကို ဘယ်လိုနေမလဲ...? ဒီမေးခွန်းကိုနေ့တိုင်းကိုယ့်ကိုယ်ကို မေးရမှာပါ။ ဒါဆို လူတစ်ယောက်ရဲ့တန်ဖိုးကို ဘာနဲ့ဆုံးဖြတ်မလဲ ။ ရာထူးဌာနန္တရ , ငွေကြေးဥစ္စာ, ပညာ, အောင်မြင်ကျော်ကြားမှုနဲ့တိုင်းတာမလား ? ဒါတွေနဲ့ တိုင်းတာလို့မရပါဘူး။ လူတစ်ယောက်ရဲ့တန်ဖိုးကို သီလ၊ သမာဓိ၊ပညာဆိုတဲ့ သိက္ခာ(၃)ပါးနဲ့ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာ(၃)ပါးနဲ့ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။ ရာထူးဌာနန္တရ , ငွေကြေးဥစ္စာ အောင်မြင်ကျော်ကြားမှု တွေတော့ရှိပါရဲ့။ ဒါပေမယ့် သိက္ခာ(၃)ပါး မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို့ မဆိုနိုင်ပါဘူး။ နှစ်ခု လုံးနဲ့ပြည့်စုံရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါကိုထောက်ပြီး ဥစ္စာ ပညာ အောင်မြင်မှု မရှိပေမယ့် အားငယ်စရာမလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာ(၃)ပါး တည်နေရင် တန်ဖိုးရှိနေတာပါပဲ။ သိက္ခာ(၃)ပါး ရှိအောင်လုပ်လိုက်ရုံပါပဲ။ မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲမှာ ငါးပါးသီလယူလိုက်ရင် သီလသိက္ခာ တည်သွားပါပြီ။ နောက် ဂုဏ်တော်(၅)မိနစ်၊ မေတ္တာ(၅)မိနစ်၊ပွားရင် သမာဓိသိက္ခာတည်သွားပြန်ပါပြီ။ နောက်ထပ် ၀ိပဿနာကို ငါးမိနစ်ပွားလိုက်ပါ။ဒါဆိုရင် ပညာသိက္ခာတည်သွားပါပြီ။ သိက္ခာသုံးပါးရင်ထဲရောက်တာနဲ့ ကိုယ်ဟာတန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ မခက်ပါဘူးအချိန်လေး(၁၅) မိနစ်ပဲ ပေးရပါတယ်။ ပြီးတော့“ ငါ့ရင်ထဲမှာ သိက္ခာ(၃)ပါးတည်နေရင်ငါဟာတန်ဖိုးရှိနေတာလို့” (၃)ကြိမ်လောက် ရွတ်လိုက်ပါ။နေ့ခင်တစ်ကြိမ်၊ ညပိုင်းတစ်ကြိမ် အသံနဲ့ပါတူးတွဲပြီး ကိုယ့်ကိုယ်ကိုအားပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့စိတ်စွမ်းအားတွေလည်း အလိုလိုရောက်လာတာပါ။ တရားသံနဲ့ပြောရင် ကိုယ်ကိုယ်ကြည်ညိုလာတာပါ။ ဘယ်သူဖြစ်ဖြစ် ကိုယ်ကိုယ်ကြည်ညိုသွားပြီးဆိုရင် ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ သူတစ်ပါးကြည်ညိုဖို့ထက် ကိုယ့်ကိုယ်ကိုကြည်ညိုဖို့က အဓိကပါ။ တစ်ခါတလေ လောကဓံဆိုးတွေ တွေ့ကြုံတဲ့အခါပဲ ဖြစ်ဖြစ်အားငယ်စိတ် ၀င်လာရင် ကိုယ့်ရင်ထဲကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ပါ။ ဒါဆိုရင် ကိုယ်ဟာတန်ဖိုးရှိတဲ့သူဖြစ်သွားပါပြီ။ ဘာမှအားငယ်စရာ မလိုတော့ဘူး။ တစ်စုံတစ်ယောက်က ကိုယ့်ကိုမချစ်ဘူး ဘာဖြစ်လဲ၊ တစ်စုံတစ်ယောက်က ကိုယ့်ကိုမုန်းနေတယ် ဘာဖြစ်လဲ၊ ကိုယ့်မှာ အခြံအရံ အသိုင်းအ၀ိုင်းမရှိဘူး ဘာဖြစ်လဲ ၊ ကိုယ်ကမအောင်မြင်ဘူး ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာ(၃)ပါး ရှိတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်တန်ဖိုးကို သိက္ခာ(၃)ပါးနဲ့ပဲဆုံးဖြတ်တာပါပဲ။ ဘာပဲလုပ်နေလုပ်နေ နောက်ဆုံး အိမ်သာတက်ရင်လည်းဟိုဟိုဒီဒီ မတွေးပဲ ဂုဏ်တော်လေးပဲပွားနေမယ်ဆိုရင်ပိုက်ဆံမကုန်ဘဲ သမာဓိသိက္ခာတွေဖြစ်နေတာပါ။ တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးနဲ့လုပ်မယ်ဆိုရင် ပညာသိက္ခာတွေတည်နေတာပါ။ တတ်နိုင်ရင် “ငါရင်ထဲမှာ သိက္ခာ(၃)ပါးတည်နေရင်ငါဟာတန်ဖိုးရှိနေတာပါပဲ ” ဆိုတဲ့စာတမ်းလေးကို ကပ်ထားရင် ဒါကိုမြင်တိုင်း ကျန်တဲ့ဘ၀ကို ဘယ်လိုဖြတ်သန်း ရမလဲဆိုတာ သတိ ပေးပြီးသား ဖြစ်နေတော့တာပါ။ လူတစ်ယောက်ဟာ တစ်ရက်ဟာကုန်သွားတာနဲ့ သေဖို့တစ်ရက်နီးနီးသွားတာပါ။ သေဖို့တစ်ရက် နီးသွားတာနဲ့ကုသိုလ်ပြုဖို့ အခွင့်အရေးတွေ တစ်ရက်လျော့သွားတာပါ။ ပြီးတော့ တစ်ရက်ကုန်သွားတာနဲ့ အိုသွားတာပါ တိုးတိုးပြီး ပျိုပျိုမလာပါဘူး။ မနက်အိပ်ရာက နိုးတာနဲ့ မထသေးဘဲ . “တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ် . သေရန်တစ်ရက်နီးလာပြီ” . လို့ နှစ်ခေါက်လောက် ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ်ကိုလည်း သတိပေးပြီးသား ဖြစ်သွားပါတယ်။ဒါဆိုရင် ဒီတစ်နေ့တာ ကိုအကုသိုလ်ပြုချင်စိတ် ရှိမှာ မဟုတ်သလို ကုသိုလ်ပြုဖို့လည်း သေချာအားထုတ်တောမှာပါ။ တစ်ရက်ကုန်တာနဲ့ သေဖို့တစ်ရက်နီးလာပြီ ဆိုတာလေးကို သံဝေဂဖြစ်အောင် သေချာဆင်ခြင်ရမှာပါ။ငယ်ရွယ်တဲ့သူတွေအတွက်တော့ ကုသိုလ်ပါရမီဖြည့်ဖို့ အခွင့်အရေးရက်တွေက ပိုပြီးရှိနေပါသေးတယ်။ ဘယ်အသက်အရွယ်ပဲရောက်ရောက် “ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ” ဆိုတဲ့မေးခွန်းကို သေချာမေးပြီးကျန်ရှိနေတဲ့ သက်တမ်းအတွက် “ဘ၀ပလ္လင်” ကိုသေချာ ချရမှာပါ။ ကိုယ်ချထားတဲ့ “ဘ၀ပလ္လင်” အတိုင်းနေသွားဖို့ပါ။ ဘာဖြစ်ဖြစ် ဘာမှ အားငယ်စရာမလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာ(၃)ပါး တည်နေရင် ကိုယ်ဟာတန်ဖိုးရှိနေတာပါပဲ။ { ဆရာတော် ရဝေနွယ်(အင်းမ) } Thanks; PayThoe.
via အလင်းရောင် ဓမ္မ https://ift.tt/2Zza35X

❄တရားမရလို့အားမချပါနဲ့❄ ➖➖➖➖➖➖➖ 🔹 ဝိပဿနာအားထုတ်ကြတဲ့အခါ ၊ ပါရမီရင့်ကျက်ပြီးကြသူတွေမှာတော့ ၊ အားထုတ်ပြီး ရက်၊လ၊နှစ်မကြာခင်မှာပဲ တရားထူးကို ရနိုင်ကြပါတယ်။ သို့သော်ပါရမီအားဖြင့်မည်မျှပင်ပြည့်ဝနေစေကာမူ အလွယ်တကူတော့ရခဲ့ကြတာမဟုတ်ပါဘူး။မဂ်ဖိုလ်ရနိုင်လောက်တဲ့ ဇွဲ လုံ့လ ဝီရိယ အချိန်စတာတွေကို ပေးဆပ်ပြီးမှသာ ရနိုင်ကြတာပါ။ 🔸 အချို့ကြတော့လည်း နှစ်ပေါင်းများစွာ တရားအားထုတ်ခဲ့ကြသော်လည်း မဂ်ဖိုလ်အခွင့်ကိုမရနိုင်ကြသေးတာမျိုးရှိပါတယ်။ ယခုခေတ်မှာ နေယျပုဂ္ဂိုလ်တစ်ဦးတည်းသာ အားထုတ်နိုင်ပါကတရားရနိုင်ပြီး ပဒပရမပုဂ္ဂိုလ်တွေကတော့ မည်မျှပင်အားထုတ်သည်ဆိုစေ မဂ်ဖိုလ်မရနိုင်ပါဘူး။ 🔹 ဒါ့ကြောင့်မိမိဟာတရားအားထုတ်ပေမဲ့ မဂ်ဖိုလ်ခွင့်နဲ့လွဲနေခဲ့လျှင် ၊ မိမိဟာပဒပရမပုဂ္ဂိုလ်ထဲမှာ ပါနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 🔸 မည်သို့ပင်ဆိုစေကာမူ တားအားထုတ်မှုကိုလက်မလွှတ်ပစ်ပါနဲ့ ။ တရားအားထုတ်ရင်းနဲ့ နောက်ဆုံးအချိန်ကို ဝိပဿနာတရားအမှတ်နဲ့ ကျော်ဖြတ်မယ်ဆိုရင် ၊ အားထုတ်ရင်းကစုတိစိတ်ကျတာနဲ့တစ်ပြိုင်နက် ၊ နတ်ပြည်မှာ နတ်သားဖြစ်ရပါတယ်။ 🔹 နတ်ဆိုတာမျိုးက အခိုးရုပ်တွေသာဖြစ်ပြီး ၊ အသွေး အသား ကျင်ကြီး ကျင်ငယ် သလိပ် မစင်စတာတွေမရှိပါဘူး။ အင်မတန်သန့်ရှင်းကြည်လင်ပြီး ညာဏ်အင်မတန်ထက်မြက်ပါတယ်။ 🔸 စုတိစိတ်ကျပြီးပြီးခြင်း နတ်သားဖြစ်ဖြစ်ခြင်းမှာပဲ ၊ အားထုတ်ဆဲဝိပဿနာညာဏ်နဲ့ ခန္ဓာကိုတစ်ခက်အလှည့်မှာပဲ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါတယ်။ အရိယာဖြစ်ပြီး မဂ်ဖိုလ်မှ ထတဲ့အချိန်ကျမှသာ မိမိဟာ နတ်ဘဝရောက်နေပါလားလို့ သိနိုင်ကြပါတယ်။ 🔹 ဝိပဿနာအားထုတ်ရင်းနဲ့ စုတိကျရင် နတ်ပြည်မှာ ဇာတိဖြစ်ရပြီးနောက်မှာ မဂ်ဖိုလ်အခွင့်ကအလျင်လာပြီး ၊ နတ်ဖြစ်တာကိုနောက်မှ သိကြရပါတယ်။ ဒါ့ကြောင့်တရားအားထုတ်တာ နှစ်ပေါင်းများစွာကြာမြင့်လာလို့ မဂ်ဖိုလ်ခွင့်ကိုမရကြသေးလျှင်လည်း ၊ အားထုတ်နေတာကို လျော့မချလိုက်ပါနဲ့ ၊ အားထုတ်မြဲသာအားထုတ်ပြီးနေတော်မူပါ။ 🌟 နောက်ဆုံးပွဲ အာသာဏကံ ကိုဝိပဿနာနဲ့နွှဲကြမယ်ဆိုရင် ၊ ဒုတိယဘဝ (ယခုသာသနာအတွင်း)မှာပင် မဂ်ဖိုလ်ရနိုင်ကြပါကြောင်း.....။ . . 💠သာယာချမ်းမြေ့ကြပါစေ💠 . 🌟သစ္စာနီ🌟 PS . တရားမရနိုင်ကြလို့ ပါရမီကို ရိုးမယ်ဖွဲ့ပြီး ၊ နောက်ဆုတ်လိုက်မယ်ဆိုလျှင် ၊ ယခုဘုရားသာသနာမှာပင် အရိယာဖြစ်ခွင့် ၊ သုဂတိနတ်ဘဝမှာ ၊ မဂ်ဖိုလ်ပိုင်ဆိုင်ခွင့်ကို လက်လွှတ်ဆုံးရှုံးကြရပါလိမ့်မယ်။ လက်လျော့နောက်ဆုတ်ပြီး ၊ လျော့တိလျော့လျဲဘဝနဲ့ ခန္ဓာချတာနဲ့ သံသရာမှာ မျောကြ မြုပ်ကြရဦးမှာပါ။ အကုသိုလ်ကံကြွင်းအနန္တက အပါယ်ကိုတစ်ချက်ဆွဲချလိုက်ရင် သာသနာနဲ့အိုးစားကွဲကြပြီသာမှတ်တော်မူပါ။
via အလင်းရောင် ဓမ္မ https://ift.tt/2zv7Ae1
သူတော်ကောင်းအကျင့် ရဟန်းတို့- သူတော်ကောင်းတရားနှင့် သူတော်ကောင်း မဟုတ်သူတို့တရားကို ဟောကြားပေအံ့။ သူတော်ကောင်း မဟုတ်သူသည် အမျိုးမြတ်ခြင်း ထင်ရှားကျော်ဇောခြင်း လာဘ်ပေါများခြင်းဖြင့် "အတ္တာနုက္ကံ သေတိ ပရံဝမ္ဘေတိ" မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချ၏။ သူတော်ကောင်းသည်ကား ဤသို့မဟုတ်။ အမျိုးမြတ်ခြင်း ထင်ရှားကျော်ဇောခြင်း လာဘ်ပေါများခြင်းတို့သည် လောဘ ဒေါသ မောဟ ကုန်ခြင်းသို့ မရောက်။ လောကုတ္တရာတရား အားလျော်သော အကျင့်ကို ကျင့်၏။ တရားနှင့်လျော်စွာ ကျင့်၏။ ထိုအမျိုးမြတ်ခြင်း ထင်ရှားကျော်ဇောခြင်း လာဘ်ပေါများခြင်းတို့ဖြင့် မိမိကိုယ်ကို မချီးမြှောက်။ သူတစ်ပါးအား မရှုတ်ချ။ သူတော်ကောင်း မဟုတ်သူသည် ဗဟုသုတများခြင်း ဝိနည်းကိုဆောင်ခြင်း တရားဟောတတ်ခြင်းတို့ဖြင့် မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချ၏။ သူတော်ကောင်းသည်ကား ဤသို့မဟုတ်။ ဗဟုသုတများခြင်း ဝိနည်းတော်ကို ဆောင်ခြင်း တရားဟောတတ်ခြင်းတို့သည် လောဘ ဒေါသ မောဟ ကုန်ခြင်းသို့ မရောက်။ လောကုတ္တရာတရား အားလျော်သော အကျင့်ကို ကျင့်၏။ တရားနှင့်လျော်စွာ ကျင့်၏။ ထိုဗဟုသုတများခြင်း ဝိနည်းတော်ကိုဆောင်ခြင်း တရားဟောတတ်ခြင်းတို့ဖြင့် မိမိကိုယ်ကို မချီးမြှောက်။ သူတစ်ပါးအားလည်း မရှုတ်ချ။ သူတော်ကောင်း မဟုတ်သူသည် ဓုတင်ကို ဆောက်တည်၏။ ဤဓုတင်တောက်တည်ခြင်းဖြင့် မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချ၏။ သူတော်ကောင်းသည်ကား ဤသို့မဟုတ်။ ဓုတင်ဆောက်တည်ခြင်းသည် လောဘ ဒေါသ မောဟ ကုန်ခြင်းသို့ မရောက်။ လောကုတ္တရာတရား အားလျော်သော အကျင့်ကို ကျင့်၏။ တရားနှင့်လျော်စွာ ကျင့်၏။ ထိုဓုတင် ဆောက်တည်ခြင်းဖြင့် မိမိကိုယ်ကို မချီးမြှောက်။ သူတစ်ပါးအားလည်း မရှုတ်ချ။ ဤကား ဥပရိပဏ္ဏာသပါဠိတော် အနုပဒဝဂ် သပ္ပုရိသသုတ်တော် စာမျက်နှာ(၈၆) မြန်မာပြန်(၉၀)၌ ရှည်လျားစွာဟောတော်မူသည်မှ လိုအပ်သည့်အပိုင်းကိုသာ ကောက်နှုတ်၍ အတိုချုပ်အားဖြင့် ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။ မိတ်ဆွေများအားလုံး ကျန်းမာ ချမ်းသာ၍ အသိပညာများ ရကြပါစေ။ ဦးဓမ္မသာရ(ဆေးသဲ့တောင်)
via အလင်းရောင် ဓမ္မ https://ift.tt/2L1SeEJ

Tuesday, August 27, 2019
ခဏလေးပါ ------------- အခက်အခဲဆိုတာ တစ်သက်တွဲနေတာ မဟုတ်ပါဘူး။ ဘဝရဲ့ အလှည့်အပြောင်း၊ မမြဲခြင်းရဲ့ အလှည့်အပြောင်း အကြောင်းအကျိုးရဲ့ အပြောင်းအလဲ၊ အကောင်းအဆိုးရဲ့ အပြောင်းအလဲပါပဲ။ မကောင်းတွဲလည်း ခဏ၊ အပြောင်းအလဲလည်း ခဏ အဟောင်းတွဲလည်း ခဏ၊ အကောင်းတွဲလည်း ခဏ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ခဏလေးပါပဲ။ အစလေးမှာ လွဲနေပေမယ့် အထမနှေးအောင် တွဲနေရမှာက သဒ္ဓါနဲ့ ပညာ၊ သမာဓိနဲ့ ဝီရိယ အညီမျှအောင် ကြိုးစား တန်ခိုးအများဆုံးက သတိ၊ အားလုံးကို ညှိနေရမှာပါ။ သတိတွေရလို့ အသိတွေ မကျတော့ဘူးဆိုရင် ရှိနေကြတဲ့ လောကဓံဟာ ပြောင်းလဲခြင်းရဲ့ အသွင်သန္တာန်အဖြစ် ကျန်နေရစ်မှာ အမှန်အစစ်ပါပဲ။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ 🙏🙏🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2ZksjAL

#ကုသိုလ်တိုင်းမှာ " နိဗ္ဗာန်အထောက်ပံ့ဖြစ်ပါစေ " ____________ နေ့စဉ်မေတ္တာဘာဝနာကို ပွားများဖြစ်အောင်ပွားများပါ ကုသိုလ်စိတ်မှန်သမျှဟာ စိတ်ကိုလွတ်လပ်သွားစေတယ် ပေါ့ပါးသွားစေတယ် ကြည်လင်စေတယ် အေးချမ်းစေတယ် ဘယ်လိုကုသိုလ်မျိုးကိုမဆို ဖြူစင်တဲ့စိတ်နဲ့ပြုပါ။ ကုသိုလ်မှန်သမျှဟာ မဂ်ဖိုလ်နိဗ္ဗာန်ကိုရဖို့အတွက် အထောက်အပံ့ဖြစ်ပါတယ်။ ဝိပဿနာဘာဝနာကိုလည်း နေ့စဉ်ပွားများပါ။ ဘုရားဂုဏ်တော်ကိုလည်း နေ့စဉ်ပွားများပါ။ နောက်ဆုံး သေခြင်းတရားကိုလည်း မေ့မထားပါနဲ့။ အခုလုပ်နေတဲ့ကိစ္စတွေဟာ လုပ်နေရတုန်းမှာ အရေးတော့ကြီးပါတယ် မလုပ်လို့မဖြစ်ပါဘူး သို့သော် သေရင် အကုန်လုံးကိုထားခဲ့ရမှာပါ။ ဘယ်လောက်ပဲအလုပ်များများ အဲဒီအလုပ်များတဲ့ကြားထဲကပဲ တရားအားထုတ်ဖို့အချိန်ကို ရအောင်ယူပါ။ တစ်နေ့သေမယ်ဆိုတာကို လုံးဝ မမေ့တဲ့သူကတော့ အချိန်ရအောင်ယူလို့ရမှာပါ... ________________________________ သောကငြိမ်း၍ ကိုယ်စိတ်အေးချမ်းကြပါစေ. မေတ္တာဖြင့်... အရှင်နန္ဒိယ(သာကီနွယ်)
via အလင်းရောင် ဓမ္မ https://ift.tt/32akV8b

ကုသိုလ်ပြုတိုင်း မဂ်ဖိုလ်နိဗ္ဗာန်ဆုတောင်းယူပါ •••••••••••••••••••••••••••••••••••••••••• ကုသိုလ်ပြုလုပ်တိုင်း မဂ်ဖိုလ်နိဗ္ဗာန်ဆုတောင်းတဲ့အတွက် အကျိုးရပုံသာဓကကလေးကို ပြောပြချင်ပါတယ် ၊ သာဝတ္ထိပြည်မှာ ဝင်္ဂန္တနဲ့ မဟာသေန အမည်ရှိတဲ့ ချစ်ခင်ရင်းနှီးကြတဲ့ ပုဏ္ဍားမိတ်ဆွေ နှစ်ယောက်ရှိတယ် ။ ဝင်္ဂန္တပုဏ္ဍားရဲ့သားဖြစ်တဲ့ အရှင်သာရိပုတ္တရာကို မဟာသေန ပုဏ္ဍားကြီးက အလွန်ချစ်ခင်ကြည်ညိုတယ် ၊ မဟာသေနပုဏ္ဍားကြီး အသက်အရွယ် ကြီးရင့်တဲ့အခါကျတော့ မစားနိုင်၊ မသောက်နိုင်ဘဝရောက်အောင် ဆင်းရဲသွားရှာတယ် ၊ ဒါန မရှိလို့ ဆင်းရဲတယ် ဆိုတာကို အရှင်သာရိပုတ္တရာ မြင်တော်မူတော့ . . . မဟာသေန သူဌေးကြီးအိမ်ရှေ့ နေ့စဉ် ဆွမ်းရပ်တယ် ၊ မဟာသေနပုဏ္ဍားကြီးဟာ အတွေ့မခံဘူးတဲ့ ။ သူ့မှာ လှူချင်တဲ့ သဒ္ဓါ ရှိပေမယ့် လှူရမယ့် အသပြာလှူဘွယ်ဝတ္ထုက မရှိဘဲကိုး ။ အရှင်သာရိပုတ္တရာ အိမ်ပေါက်ဝက လှည့်ကြွသွားတာ မြင်တော့ ပုဏ္ဍားကြီးဟာ စိတ်မကောင်းလွန်းလို့ မျက်ရည်တောင် ကျရှာတယ် ။ ----------------------------------------------------- တစ်နေ့တော့ ပုဏ္ဍားဟာ စာဟောပွဲတစ်ခုက ပိတ်ကြမ်း တစ်ပိုင်းနဲ့ နို့ဃနာတစ်ခွက် ရလာတယ် ၊ ပုဏ္ဍားကြီး ဝမ်းသာလိုက်တာ ၊ အရှင်သာရိပုတ္တရာလည်း ကြွလာရော ရသမျှ အကုန်လှူလိုက်တာပေါ့ ၊ ဘာဆုတောင်းသလဲ ဆိုတော့ . . . " အရှင်ဘုရားတို့ သိမြင်အပ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန် တရားထူး တရားမြတ်ကို သိရပါလို၏ " လို့ ဆုတောင်းတယ် ။ အဲဒီဘဝက သေလွန်တော့ အရှင်သာရိပုတ္တရာရဲ့ ဆွမ်းအလှူရှင် သူဌေးအိမ်မှာ ပဋိသန္ဓေယူတယ် ။ သူတော်ကောင်းတွေ သူန္ဓေယူရင် မိခင်မှာလည်း သူတော်ကောင်းစိတ် ပေါက်လာတာ ဓမ္မတာပဲ ၊ ဒီကလေး ပဋိသန္ဓေ ရှိတာနဲ့ သူ့မိခင်ဟာ အရှင်သာရိပုတ္တရာနဲ့ ရဟန်းငါးရာကို ရေမရောတဲ့ နို့ဃနာဆွမ်း ကျွေးပြီး ၊ သူမကတော့ ဖန်ရည်ဆိုးတဲ့ အဝတ် ဝတ်ပြီး သံဃာတွေရဲ့ အကြွင်းအကျန်ကို စားချင်တဲ့ အာသာချဉ်ခြင်း ဖြစ်တာပါပဲ ။ ယောက်ျားလေးအဖြစ် မွေးလာတော့ တိဿ အမည် မှည့်တယ်၊ အရှင်သာရိပုတ္တရာနဲ့ သံဃာငါးရာကို ပင့်ပြီး လှူဒါန်းကြတဲ့အခါ အရှင်သာရိပုတ္တရာကို မြင်တာနဲ့ မွေးစကလေးဟာ အရင်ဘဝကို ပြန်မှတ်မိသတဲ့ ၊ ----------------------------------------------------- ငါအခုလို သူဌေးသားဘဝ ရောက်လာတာ ဒီမထေရ်ကို ပိတ်ကြမ်းနဲ့ နို့ဃနာ လှူခဲ့တဲ့အတွက်ကြောင့်ပဲ ၊ ငါ့အပေါ် ကျေးဇူးကြီးမားလို့ တတ်နိုင်သမျှ ကျေးဇူးဆပ်မယ် ဆိုပြီး စိတ်အကြံ ဖြစ်နေတယ် ၊ ဒီအချိန်မှာ ကလေးကို ခင်းသိပ်ထားတဲ့ ကမ္ဗလာအခင်းဟာ အသပြာတစ်သိန်း ထိုက်တန်တယ် ၊ ကလေးကို အရှင်သာရိပုတ္တရာ ပြရအောင် မချီလိုက်တယ် ဆိုရင်ပဲ ကလေးဟာ ကမ္ဗလာအခင်းကို လက်သန်းနဲ့ ညှပ်ယူတဲ့အတွက် ကမ္ဗလာ ပါလာတာပေါ့ ၊ သူက အရှင်သာရိပုတ္တရာကို တစ်သိန်းတန်ကမ္ဗလာကို လှူချင်နေတာ ၊ လူကြီးတွေက မသိတော့ သူ့လက်နဲ့ ငြိနေတယ် မှတ်ပြီး ဖယ်ချတော့ တအားငိုတယ် ၊ အဲဒီတော့မှ သူ့အကြံကို ရိတ်မိသွားပြီး တစ်သိန်းတန်ကမ္ဗလာကို လှူလိုက်ကြတယ် ၊ ------------------------------------------------------ သူ ( ၇ ) နှစ်သားအရွယ်ရှိတော့ ကိုရင်ဝတ်ဖြစ်တယ် ။ ဒါ . .အကြောင်းမဲ့ မဟုတ်ဘူးနော် ၊ သူ ဒါနပြုစဉ်အခါတုန်းက မဂ်ဖိုလ်နိဗ္ဗာန်ကို ရရပါလို၏ ဆိုတဲ့ " ဆုတောင်းလေး " က ဘဝဆိုတဲ့ လှေဦးကို နိဗ္ဗာန် ဆိပ်ကမ်း ရောက်အောင် လမ်းကြောင်း " တည့် " ပေးလိုက်တာပဲ ။ ကိုရင်ဝတ်တဲ့ (၂ ) ရက်အတွင်း ဆွမ်းခံကြွရာမှာ ဆွမ်းအုပ်တစ်ထောင်နဲ့ ပုဆိုးတစ်ထောင် ရတာကို သံဃာတွေကို အကုန်ပြန်လှူတယ် ။ ခြုံစရာ ကမ္ဗလာထည် မရှိလို့ မီးလှုံနေတဲ့ ရဟန်းတွေကို ဂရုဏာသက်ပြီး ရှေ့ကဦးဆောင် ကြွတော့ ကမ္ဗလာခြုံထည် တစ်ထောင် ရပြန်တယ် ။ မဟာသေနပုဏ္ဏားဘဝတုန်းက . . . လှူခဲ့တဲ့ ဆွမ်းတစ်ခွက်က . . . ခု ဒါနက ပြန်ပေးတော့ နေ့စဉ် ဆွမ်းအုပ်တစ်ထောင် ။ လှူခဲ့တဲ့ ပိတ်ကြမ်းတစ်ထည်က . . ခု ဒါနက ပြန်ပေးတော့ ပုဆိုးတစ်ထောင် ။ ဒါကြောင့် ဒါနဆိုတာ စွန့်တော့ နည်းနည်းလေး ၊ ပြန်ရတော့ အများကြီးပါ ။ ဒါကြောင့် ဗုဒ္ဓက ဓမ္မပဒမှာ "အနည်းငယ်ကို စွန့်လှူရုံမျှဖြင့် များများကောင်းကျိုး ပြန်ရမည်ကို သိသောပညာရှိသည် အနည်းငယ်သော လှူဖွယ်ဝတ္ထုကို စွန့်လှူဖို့ ဝန်မလေးအပ် " လို့ ဟောကြားတော်မူခဲ့တာပါ ။ ဒါ ဒီဖြစ်ရပ်က ပေးတဲ့ ပထမသင်ခန်းစာပါ ။ --------------------------------------------------- ဒုတိယသင်ခန်းစာက ဒါနပြုတဲ့နေရာမှာ . . . လှူဖွယ်ဝတ္ထု နည်းတာ၊ များတာ ၊ ကောင်းတာ ၊ ညံ့တာ အဓိက မဟုတ် ။ စေတနာ ဖြူစင်သန့်ရှင်းပြီး ထက်သန်ကောင်းမွန်နေရင် အကျိုးပေး အားကောင်တယ် ဆိုတာပါပဲ ။ မဂ်ဖိုလ်နိဗ္ဗာန်ကို ဆုတောင်းပြီး လုပ်တဲ့ ကုသိုလ် မှန်သမျှကို " ပဲ့ကောင်းတဲ့ ကုသိုလ် " လို့ ဆိုသင့်ပါတယ် ။ တိဿကိုရင်လေးဟာ အတိတ်က ပဲ့ကောင်းတဲ့ ဒါနကုသိုလ်ကို ပြုခဲ့တော့ . . . ကိုရင်ဝတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကမဋ္ဌာန်းနည်း ကောင်းကောင်းယူပြီး သာဝတ္ထိနဲ့ ယူဇနာ (၁၂၀ ) ဝေးတဲ့ တောကြီးထဲမှာ တရားအားထုတ်လိုက်တာ သုံးလနဲ့ ရဟန္တာ ဖြစ်တော်မူတယ်။ ------------------------------------------------------ ဒီလောက်ဆိုရင် ပုထုဇဉ်တွေ ကုသိုလ်ပြုတိုင်း မဂ်ဖိုလ် ဆုတောင်းတဲ့အတွက် အကျိုးရပုံ လက်တွေ့သာဓက ရှင်းလောက်ပြီ ထင်ပါတယ် . . .။ "မေတ္တာရှင်-ရွှေပြည်သာ" ( လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ ၊ စာ-၁၃၄-၁၃၉) Credit - ဓမ္မ နှစ်သက်သူ။
via အလင်းရောင် ဓမ္မ https://ift.tt/324AzSj

တစ်ဘဝ အလကား မဖြစ်စေနဲ့ ~~~~~~~~~~~~~~~ အလုပ်တွေပြီးမှ တရားအားထုတ်မယ်ဆိုရင် အလုပ်က ဘယ်တော့ပြီးမှာလဲ အိမ်အလုပ်ဆိုသည်မှာ အိမ်ရှိသမျှ ရှုပ်နေဦးမှာပဲ... ရုံးအလုပ်ဆိုသည်မှာ ရုံးရှိသမျှ ရှုပ်နေဦးမှာပဲ... ကျောင်းအလုပ်ဆိုသည်မှာ ကျောင်းရှိသမျှ ရှုပ်နေဦးမှာပဲ... အပူဆိုသည်မှာ ခန္ဓာကြီးရှိနေသမျှ ရှိနေဦးမှာပဲ... အိမ်...အလုပ် စတာတွေ ဦးစားပေးလို့ ဘယ်ဖြစ်မလဲ... ခန္ဓာကိုယ်ကြီးက ကိုယ့်အတွက် ဘယ်တုန်းကများ အနားပေးဖူးပါသလဲ... နာခြင်း...သေခြင်းတွေ လက်ဦးသွားရင် တစ်ဘဝ အလကား ဖြစ်သွားမှာပေါ့... ( တိပိဋကဓရ ယောဆရာတော်ဘုရားကြီး ) Credit -original uploader
via အလင်းရောင် ဓမ္မ https://ift.tt/2Ph4Bkf

Monday, August 26, 2019
အရင်တုန်းကတော့အောင်မြင်နေတဲ့သူတွေကိုအားကျတယ်,,, အခုတော့ ပျော်ရွှင်နေတဲ့သူတွေကိုပဲအားကျတော့တယ်,,, အရင်ကတော့ လူရာဝင်တဲ့သူတွေကိုလေးစားတယ်,,, အခုကျတော့ လူကိုလူလိုဆက်ဆံတတ်တဲ့သူတွေကိုပဲ လေးစားမိတော့တယ်,, အရင်တုန်းကတော့ ငွေကြေးချမ်းသာတဲ့သူတွေကို ငေးမောခဲ့ရတယ်.. အခုတော့ စိတ်ချမ်းသာနေတဲ့သူတွေကိုပဲ ငေးမောနေမိတော့တယ်.. အရင်တုန်းကတော့ လူတွေယုံကြည်လာအောင်နေထိုင်ခဲ့ကျင့်ကြံခဲ့တယ် အခုတော့ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပဲ ဦးစားပေးကျင့်ကြံ နေဖြစ်တော့တယ်... အရင်တုန်းကတော့ ကြိုးစားတဲ့သူတွေကိုအတုယူတယ်... အခုကျတော့ ရိုးသားတဲ့သူတွေကိုပဲ ပိုအတုယူလာမိတယ်.... အရင်တုန်းကတော့ အရှေ့ဆုံးကနေပန်းဝင်ဖို့ပဲအားစိုက်တယ်... အခုကျတော့ ဖြည်းဖြည်းမှန်မှန်နဲ့ ဘဝကိုရိုးရိုးရှင်းရှင်းလေးဖြတ်သန်းသွားနိုင်ဖို့ပဲ အားစိုက်တော့တယ်..... Lawkanat Credit မနောဖြူ —————————
via အလင်းရောင် ဓမ္မ https://ift.tt/2Zqrcuv

"ကောင်းလိုက်တဲ့စာသား" #တစ်ခါတစ်လေတော့လည်း ကိုယ့်ကို ဆက်ဆံရေးကျဲသွားသူတွေကို အရင်လိုအောက်ကျို့ခံပြန် မပေါင်းဖြစ်တော့ဘူး။ ။ မာနအပြိုင်ကြီးတာမဟုတ်ပေမယ့် ကိုယ့်ကြောင့်သူ အနှောင့်အယှက်ဖြစ်သွားမလားဆိုတဲ့စိတ်နဲ့အလိုက်တသိ ပဲနေဖြစ်တော့တယ်။ #တစ်ခါတစ်လေတော့လည်း ကိုယ့်အနားမလာချင်တော့တဲ့သူတွေကိုအရင်လိုခခယယ ခေါ်မနေတော့ဘူး။ နေနိုင်သွားတာမဟုတ်ပေမယ့် ကိုယ့်ကြောင့်များ သူ ဝန်ထုပ်ဝန်ပိုးဖြစ်နေမလားဆိုတဲ့အတွေး ကြောင့်ကြစိတ်နဲ့ခပ်စိမ်းစိမ်းပဲနေဖြစ်တော့တယ်။ #တစ်ခါတစ်လေတော့လည်း ကိုယ့်ဆီကအတင်းရုန်းထွက်ချင်နေတဲ့လက်တွေကိုအရင်လိုခပ်တင်းတင်းပြန်ဆွဲမထားဖြစ်တော့ဘူး။ စွန့်လွှတ်နိုင်သွားတာမဟုတ်ပေမယ့် ကိုယ့်ကြောင့်များသူ အဟန့်အတားဖြစ်နေမလားဆိုတဲ့စိုးရိမ်စိတ်နဲ့ အသာလေးနောက်ဆုတ်လက်ပိုက်ပြီးပဲကြည့်နေဖြစ်တော့တယ်။ #တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုလက်ညှိုးထိုးတိုက်ခိုက်နေသူတွေကို အရင်လိုဆတ်ဆတ်ထိမခံ ရန်တွေ့မနေတော့ဘူး။ ခန္တီပါရမီဖြည့်နေတာမဟုတ်ပေမယ့်သူတို့ပေးသမျှ ကိုယ်ကယူပြီးပူလောင်ဒေါသနဲ့အလေးပင်ခံ နေမယ့်အစား သူတို့ဆီမှာပဲထားထားတာက ကိုယ့်အတွက်ပိုပြီး သက်သောင့်သက်သာရှိတာကို သဘောပေါက်သွားတော့ တော်ရုံတန်ရုံအတင်းအဖျင်းတွေကို လျစ်လျူရှုပြီးခပ်ဆိတ်ဆိတ်ပဲ နေဖြစ်တော့တယ်။ #တစ်ခါတစ်လေတော့လည်း ကိုယ်နဲ့သဘောထားမတိုက်ဆိုင်သူတွေကို အရင်လိုဇွတ်အတင်းမညှိုနှိုင်းဖြစ်တော့ဘူး။ သူကသူ၊ ကိုယ်ကကိုယ်၊ သီးခြားဖြစ်တည်မှုတွေနဲ့ မတူညီတဲ့ဘဝတွေမှာ မတူညီတဲ့အတွေးတွေရှိနေနိုင်တာ နားလည်လာတဲ့အခါမှာ "သူကကိုယ်မှမဟုတ်တာ"ဆိုတဲ့စကားလေးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့် ဖြစ်တော့တယ်။။ Crd❤👈
via အလင်းရောင် ဓမ္မ https://ift.tt/2KYjMux

လူတော်ဖြစ်ချင်တဲ့သူဟာ အမြဲကြိုးစားပြီး နေရမယ်။ လူကောင်းဖြစ်ချင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုအမြဲဆုံးမပြီးနေရမယ်။ ဆုံးမပြီးယဉ်ကျေးသွားတဲ့စိတ်ဟာ ချမ်းသာအမျိုးမျိုးကိုဆောင်နိုင်တယ် လို့ မြတ်ဗုဒ္ဓအမိန့်ရှိခဲ့တယ်။ လူ့ဘဝလူ့သက်တမ်းဟာ ဘာမှမကြာဘူးခဏတာမျှပဲ ဒီခဏကို အကျိုးရှိအောင်အသုံးမချနိုင်ရင် သံသရာမှာ ဆင်းရဲခြင်းတွေက စောင့်ကြိုနေလိမ့်မယ်။ သူတော်ကောင်းတရားမသိတဲ့ 'လူမိုက်'တွေအတွက် သံသရာခရီးက အရမ်းရှည်လျားလွန်းတယ်။ ကာမဂုဏ်တွေထဲမေ့ပြီးနေသူဟာ 'လူမိုက်'ပဲ။ ဒါကြောင့်ကိုယ်ဟာ ကာမဂုဏ်အာရုံတွေထဲသာယာနှစ်သက် ခုံမင်နေပြီဆိုရင် - "လူဘဝ အချိန် ဒီ ခဏဟာ သူတော်ကောင်းတရား ဖြည့်ကျင့်ဖို့တောင် အချိန်တွေက မလောက်ချင်ဘူး ဒါန ပြုရမယ် သီလ ဆောက်တည်ကျင့်သုံးရမယ် တရားဘာဝနာ ပွားများအားထုတ်ရမယ်။ ဒီဘဝကုန်ဆုံးခဲ့လို့မတော်တဆ နှလုံးသွင်းမှားယွင်းပြီး အပါယ်သို့ကျရောက်ခဲ့ရင် ပြန်တက်ဖို့လမ်းမမြင်။ အပါယ်ဘုံဘဝတွေဟာ သိပ်ကြောက်ဖို့ကောင်းတယ် အချိန်ရှိတုန်း ပြုဖွယ်ကိစ္စအဝဝကို မြန်မြန်ပြုထားမှ ဖြစ်မယ် လို့ ကိုယ့်ကိုယ်ကိုယ် အမြဲ "ဆုံးမ"ရမယ်။ ပညာရှိသူတော်ကောင်းတွေဟာ ကိုယ့်ကိုယ်ကိုယ် အမြဲဆုံးမပြီးနေကြတယ်။ ဒါကြောင့် လူမှန်ရင် ကိုယ့်ကိုယ်ကိုယ် အမြဲဆုံးမပြီးနေကြရမယ်။ ဘဝမှာ လူတော်မဖြစ်လို့ အပါယ်မကျဘူး လူကောင်းမဖြစ်ရင်တော့ အပါယ်ကျမှာသေခြာတယ်။ ဒါကြောင့် လူတော်မဖြစ်နိုင်ရင် နေပါစေ လူကောင်းဖြစ်ဖို့ ကြိုးစားပါ။ တော်လည်းတော် ကောင်းလည်းကောင်းရင် အကောင်းဆုံးပေါ့ တော်ပြီး-မကောင်းတော့ မဖြစ်စေနဲ့ပေါ့ သံသရာအရေး ရင်လေးရလိမ့်မယ်။ မေတ္တာဖြင့် နန်း သီရိ ဇော်။
via အလင်းရောင် ဓမ္မ https://ift.tt/2zkGruo

Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)