အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, January 12, 2020
လောကကြီးက ကြီးကျယ်တယ် ဘာတွေ ကြီးကျယ်နေတုန်းဆိုရင် လောဘတွေကြီးကျယ်နေတယ် ဒေါသတွေ ကြီးကျယ်နေတယ်။ မာန်မာနတွေနဲ့ တစ်ယောက်ကိုတစ်ယောက် မနာလို ဝန်တိုတဲ့ ဣသာ မစ္ဆရိယတွေ ကြီးကျယ်နေတယ်။ လောကကြီး ဘာဖြစ်ဖြစ် ကမ္ဘာကြီးဘာဖြစ်ဖြစ် ကိုယ်ဘာမှ မဖြစ်စေနဲ့ ကောင်းအောင် နေလိုက်စမ်းပါ။ မသင့်လျော်တဲ့ နည်းလမ်းတွေနဲ့ တချို့ပေါလျှံနေကြတာကို အားမကျဘူးလားလို့မေးရင် ပုထုဇဉ်မို့ ခင်မင်မက်မောတတ်တဲ့ လောဘမကုန်သေးတော့ အားမကျပါဘူး လို့တော့ မပြောဝံ့ပါဘူး။ ဒါပေမယ့် သတိရှိလိုက်တာနဲ့ ဥာဏ်ကလေး ကွက်ခနဲ သဒ္ဓါလေး ဒက်ခနဲ ပေါ်လာတာနဲ့ တပြိုင်နက် ဒါတွေဟာ သေစာတွေ လို့ တန်းမြင်မိတော့တာပဲ။ ဒီနေ့ခေတ်မှာ သစ်ပေ့ ဆန်းပေ့ ဆိုတာ တွေဟာ တကယ်တော့ ဘာမှ သစ်တာ ဆန်းတာ မဟုတ်လှပါဘူး။ မိုးအောက် မြေပြင်ပေါ်မှာ မြင်ဘူးပြီးသားတွေချည်း ပါပဲ အာရုံတွေဆိုတာက ကြာသွားရင် ရိုးသွား အီသွား တတ်တာကြောင့် မရိုးရ မအီရလေအောင် ကြံဖန် စီမံနေကြတာတွေပါ လောကမှာ ဘာမှာ သစ်တာ ဆန်းတာ မရှိပါဘူး ။ အစားကောင်း အဝတ်ကောင်း အနေကောင်းတိုင်း ချမ်းသာတာ မဟုတ်ဘူး တဏှာ လောဘ ဒေါသ နည်းရင် ချမ်းသာတာပါပဲ ဒါနနဲ့ သီလမှာ ဒါနက ငွေကုန်တယ် သီလက ငွေမကုန်ဘူး အကျိုးရတော့ သီလက အကျိုးပိုရတယ် ။ ဒါပေမယ့် လူတွေက ငွေကုန်တဲ့ အလုပ်ကို ပို အားသန်ကြတယ် ဂုဏ်တော်ပွားပါ မေတ္တာပွားပါ ဆိုတော့ ပျင်းကြတယ် ငြင်းကြတယ် အတွက် လွဲကြရှာတယ်။ ဘဝပါရမီဆိုတာ ဖြည့်ဆည်းဖို့ မလွယ်ဘူး အများက ဝိုင်းဖြည့်ကြပေမယ့် ကိုယ့်အစွမ်း ရှိသလောက်သာ ကိုယ့်ဝေစု ရပါမယ် သူတစ်ပါးရဲ့ လှေကွဲကို ဖာထေးပေးနိုင်ပါလျက် ကိုယ့်လှေကျမှ မဖာနိုင်ရင် ရေလယ်မှာ နစ်ရလိမ့်မယ် ပေးတာရလို့ဖြစ်တဲ့ ပီတိထက် ရအောင် ပေးလိုက်ရတဲ့ ပီတိက ပိုတာရှည်ခံပါတယ်။ လောကမှာ အပျော်အပါး အမော်အကြွားတွေ ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့ မေ့လျော့နေတတ်ကြတယ်။ ဒါနကို မေ့တယ် သီလကို မေ့တယ် ဘာဝနာကို မေ့တယ် ကိုယ်ကသာ ကုသိုလ်ကောင်းမှုတွေကို မေ့နေတာနော် ကိုယ့်ကို မမေ့တဲ့သူကတော့ ကိုယ့်ကို အမြဲစောင့်ကြည့်နေတယ် အဲ့ဒါက သေမင်းပဲ။ 【မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး】 Credit : အဘိဓမ္မာသီးသန့်ဆွေးနွေးခြင်းပေ့မှကူးယူဖော်ပြပါသည်။
via အလင်းရောင် ဓမ္မ https://ift.tt/2NkOVsP
Newer Post
Older Post
Home