Sunday, January 12, 2020

ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်လိုက်မယ်ဆိုရင် ဘာတွေသိလာနိုင်တုန်း? မြတ်စွာဘုရားက တရား ၃ -မျိုး, ကိုယ့်စိတ်ထဲမှာ ဖြစ်တတ်တဲ့ အချက် ၃- မျိုးကို ဟောထားတယ်။ နံပတ်တစ် က ခံစားချက်ဝေဒနာ။ လောက လူတွေမှာ ခံစားချက်ဟာ အဓိကကျတယ်။ ခံစားချက်ပေါ်မှာ မူတည်ပြီးတော့ လူတွေက လှုပ်ရှားနေကြတယ်။ ခံစားချက်လို့ ဆိုတဲ့နေရာမှာ ပျော်ရွှင်ချမ်းမြေ့ခြင်း ခံစားမှု၊ ဝမ်းနည်းကြေကွဲမှုခံစားမှု။ နောက်တစ်ခုကတော့… ဝမ်းနည်းတာလည်းမဟုတ်ဘူး၊ ဝမ်းသာတာလည်း မဟုတ်ဘူး၊ 'အဒုက္ခမသုခ'လို့ ဆိုတဲ့ ခံစားမှု။ အဲဒီခံစားချက်ကတော့ မထင်ရှားတဲ့ ခံစားချက်ပဲ။ အဲဒီ ခံစားချက်တွေကို မိမိသန္တာန်မှာ ဖြစ်တာကိုလည်း ထင်ထင်ရှားရှားသိတယ်။ ဖြစ်လာပြီးသည့်နောက် မိမိသန္တာန်မှာ တည်နေတာကိုလည်း ထင်ထင်ရှားရှား သိတယ်။ ပျက်သွားတာကိုလည်း ထင်ထင်ရှားရှား သိတယ်။ ခံစားချက်နဲ့ ပတ်သက်ပြီး သတိသမ်ပဇညတရားကို အရှိန်မြှင့်လိုက်တဲ့ အခါမှာ ဝိပဿနာဉာဏ်နဲ့ ထင်ထင်ရှားရှားကြီး သိသွားတယ်။ နောက်တစ်ခုက - အာရုံနဲ့ တွေ့တိုင်း တွေ့တိုင်း မှတ်တမ်းတင်တတ်တဲ့ သညာ။ အဲဒီ သညာတရားပေါ်လာတာကိုလည်းပဲ ထင်ထင်ရှားရှားသိတယ်။ သညာ တရားရဲ့လုပ်ဆောင်မှုတွေကိုလည်းပဲ ထင်ထင်ရှားရှား သိတယ်။ ချုပ်ငြိမ်းသွားတာကိုလည်းပဲ ထင်ထင်ရှားရှား သိတယ်။ နောက်တစ်ခုက - ဘုန်းကြီးတို့ တစ်တွေမှာ စိတ်ကလေးပေါ်လာတာနဲ့ တစ်ပြိုင်နက် ဟိုတွေး ဒီတွေး တွေးတတ်တဲ့ အတွေးလေးတွေ ရှိတယ်ပေါ့။ အဲဒီအတွေးကို ဝိတက်လို့ ခေါ်တယ်။ ကြံစည်ခြင်း စိတ်ကူးခြင်းလို့ ခေါ်တယ်။ အဲဒီ ကြံစည်ခြင်း စိတ်ကူးခြင်းဆိုတဲ့ အတွေးနဲ့ပတ်သက်ပြီး ပေါ်လာတာကိုလည်း သိလိုက်တယ်။ ပျောက်သွားတာကိုလည်း သိလိုက်တယ်။ ထင်ရှားရှိစဉ် ဆောင်ရွက်နေတာကိုလည်း သိလိုက်တယ်။ ဒီလို ကိုယ့်သန္တာန်မှာ သဘာဝတရားတွေရဲ့ ဖြစ်လာမှု ပျက်စီးသွားမှုတွေကို ထင်ထင်ရှားရှား သိလာပြီဆိုရင် ဒါအဆင့်မြင့်တဲ့… ဝိပဿနာဉာဏ်လို့ ခေါ်တယ်။ အဲဒီ ဝိပဿနာဉာဏ် ရှိလာပြီဆိုရင် လောဘတွေ ဒေါသတွေ မောဟတွေကို ပိုပြီး ဝေးဝေးလံလံရောက်သွားအောင် တွန်းထုတ် ဖယ်ရှားပစ်နိုင်တဲ့ စွမ်းရည် သတ္တိတွေ ရလာတယ်။ ဝိပဿနာဉာဏ်ရင့်သန် သွားပြီဆိုတဲ့အခါ အဲဒီ ဝိပဿနာဉာဏ် အရှိန်အဟုန် ကြီးမားလာတာနဲ့ တစ်ပြိုင်နက် သူက အကျိုးတစ်ခုကို ဖြစ်ပေါ်စေတယ်။ ဝိပဿနာကျင့်လိုက်လို့ နောက်ဆုံးရလာတဲ့ အသိဉာဏ်က ဘာတုန်းဆိုလို့ ရှိရင်… သင်္ခါရတရားတွေရဲ့ သဘာဝကို ဆင်ခြင်စဉ်းစားရင်းက နေပြီး သင်္ခါရ သဘာဝတွေအားလုံး နောက်ဆုံးပိတ် ချုပ်သွားတဲ့နေရာကို မြင်နိုင်ခြင်းဖြစ်တယ်။ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနက လောဘဆိုတာ အမြစ်ပါပြုတ်သွားတယ်၊ ဒေါသဆိုတာလည်း အမြစ်ပါပြုတ်သွားတယ်၊ မောဟ ဆိုတာလည်း အမြစ်ပါပြုတ်သွားတယ်၊ နောက်ထပ် မလာနိုင်တော့ဘူး။ အဲဒါကိုပဲ ဝိပဿနာ အရှိန်မြှင့်လို့ ရလာတဲ့ မဂ်စိတ်ပေါ်တာ လို့ ပြောတာနော်။ အဲဒီလို မဂ်စိတ် ပေါ်လာပြီးတဲ့နောက်မှာ လောဘ ဒေါသ မောဟတွေရဲ့အပူတွေကို ထပ်ပြီး ငြိမ်းပေးတဲ့ ဖိုလ်စိတ်ပေါ်တယ်။ သင်္ခါရတွေရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်သန္တာန်မှာရှိတဲ့ အဆိုးတရားတွေဟာ လုံးဝအမြစ်ပါမကျန် ပျောက်သွားတယ်။ အသိပညာကို အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ် အဆင့်ရောက်အောင် မြှင့်တင်ပေးလိုက်နိုင်ပြီဆိုရင် ကိုယ့်ရဲ့ စိတ်နှလုံးထဲမှာ ပူလောင်ညစ်နွမ်းစေတက်တဲ့ သောကတွေ ဒေါမနဿတွေ အားလုံးကို ဖယ်ရှားပစ်နိုင်တယ်။ တကယ့်ကို ငြိမ်းတဲ့ အငြိမ်းဓာတ်နဲ့ ချမ်းမြေ့တဲ့ဘဝမှာ နေနိုင်တယ်လို့ မြတ်စွာဘုရားက ဟောထားခြင်း ဖြစ်ပါတယ်။ "သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း" လို့ဆိုတဲ့… မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဒီတရားတော်ကို နာယူမှတ်သားပြီးတဲ့အခါမှာ - တို့တစ်တွေ ဘဝမှာ … ဘာတွေလုပ်ရမယ် ဆိုတာ ကိုယ်စီကိုယ်စီ မှတ်သားလေ့လာပြီး ဘဝရဲ့ ငြိမ်းချမ်းမှုကို ရလိုသူတိုင်း ဒီလမ်းစဉ်အတိုင်း လေ့ကျင့်ခြင်းဖြင့် ဘဝရဲ့ ငြိမ်းချမ်းမှုကို ရမှာပဲလို့ ဧကန်ယုံကြည်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ဒေါတ်တာအရှင်နန္ဒမာလာဘိဝံသ


via အလင်းရောင် ဓမ္မ https://ift.tt/3a24Kyo