အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 28, 2019
သူတော်ကောင်းအကျင့် ရဟန်းတို့- သူတော်ကောင်းတရားနှင့် သူတော်ကောင်း မဟုတ်သူတို့တရားကို ဟောကြားပေအံ့။ သူတော်ကောင်း မဟုတ်သူသည် အမျိုးမြတ်ခြင်း ထင်ရှားကျော်ဇောခြင်း လာဘ်ပေါများခြင်းဖြင့် "အတ္တာနုက္ကံ သေတိ ပရံဝမ္ဘေတိ" မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချ၏။ သူတော်ကောင်းသည်ကား ဤသို့မဟုတ်။ အမျိုးမြတ်ခြင်း ထင်ရှားကျော်ဇောခြင်း လာဘ်ပေါများခြင်းတို့သည် လောဘ ဒေါသ မောဟ ကုန်ခြင်းသို့ မရောက်။ လောကုတ္တရာတရား အားလျော်သော အကျင့်ကို ကျင့်၏။ တရားနှင့်လျော်စွာ ကျင့်၏။ ထိုအမျိုးမြတ်ခြင်း ထင်ရှားကျော်ဇောခြင်း လာဘ်ပေါများခြင်းတို့ဖြင့် မိမိကိုယ်ကို မချီးမြှောက်။ သူတစ်ပါးအား မရှုတ်ချ။ သူတော်ကောင်း မဟုတ်သူသည် ဗဟုသုတများခြင်း ဝိနည်းကိုဆောင်ခြင်း တရားဟောတတ်ခြင်းတို့ဖြင့် မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချ၏။ သူတော်ကောင်းသည်ကား ဤသို့မဟုတ်။ ဗဟုသုတများခြင်း ဝိနည်းတော်ကို ဆောင်ခြင်း တရားဟောတတ်ခြင်းတို့သည် လောဘ ဒေါသ မောဟ ကုန်ခြင်းသို့ မရောက်။ လောကုတ္တရာတရား အားလျော်သော အကျင့်ကို ကျင့်၏။ တရားနှင့်လျော်စွာ ကျင့်၏။ ထိုဗဟုသုတများခြင်း ဝိနည်းတော်ကိုဆောင်ခြင်း တရားဟောတတ်ခြင်းတို့ဖြင့် မိမိကိုယ်ကို မချီးမြှောက်။ သူတစ်ပါးအားလည်း မရှုတ်ချ။ သူတော်ကောင်း မဟုတ်သူသည် ဓုတင်ကို ဆောက်တည်၏။ ဤဓုတင်တောက်တည်ခြင်းဖြင့် မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချ၏။ သူတော်ကောင်းသည်ကား ဤသို့မဟုတ်။ ဓုတင်ဆောက်တည်ခြင်းသည် လောဘ ဒေါသ မောဟ ကုန်ခြင်းသို့ မရောက်။ လောကုတ္တရာတရား အားလျော်သော အကျင့်ကို ကျင့်၏။ တရားနှင့်လျော်စွာ ကျင့်၏။ ထိုဓုတင် ဆောက်တည်ခြင်းဖြင့် မိမိကိုယ်ကို မချီးမြှောက်။ သူတစ်ပါးအားလည်း မရှုတ်ချ။ ဤကား ဥပရိပဏ္ဏာသပါဠိတော် အနုပဒဝဂ် သပ္ပုရိသသုတ်တော် စာမျက်နှာ(၈၆) မြန်မာပြန်(၉၀)၌ ရှည်လျားစွာဟောတော်မူသည်မှ လိုအပ်သည့်အပိုင်းကိုသာ ကောက်နှုတ်၍ အတိုချုပ်အားဖြင့် ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။ မိတ်ဆွေများအားလုံး ကျန်းမာ ချမ်းသာ၍ အသိပညာများ ရကြပါစေ။ ဦးဓမ္မသာရ(ဆေးသဲ့တောင်)
via အလင်းရောင် ဓမ္မ https://ift.tt/2L1SeEJ
Newer Post
Older Post
Home