အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, January 12, 2020
"သေခါနီး ဝေဒနာ ခံစားရပုံ" 🙏🙏🙏🙏🙏🙏🙏🙏 သေတယ်ဆိုတာ အခုအကောင်းကြီးမြင်နေလို့ အကောင်းမတွက်နဲ့။ အကောင်းကြီးနဲ့တွက်ရင်တော့ မှားလိမ့်မယ်။ သေခါနီး ပုဂ္ဂိုလ်တစ်ယောက်ကို ယပ်တောင်သွားမခတ်နဲ့၊ ဓားနဲ့ခွဲသလိုပဲ ။ စကားသွား မပြောနဲ့နားကို စူးနဲ့ထိုးသလိုပဲ။ ဒါ ဦးဇင်း မှတ်တမ်းတွေလည်း ရှိပါတယ်။ သေခါနီးအခါကျတော့ သေတဲ့ ပုဂ္ဂိုလ် ဘယ်လိုခံစားရသလဲဆိုရင် သေတယ်ဆိုတာ သီတတေဇော၊ ဥဏှတေဇော အပြန်အလှန် မဖလှယ် တော့တာကို ခေါ်တာ။ ဘယ်ရောဂါနဲ့ဘယ်လိုပဲသေသေ ဓာတ်လေးပါး ပြိုကွဲမှ သေလို့ရတယ်။ ဓာတ်လေးပါး ပြိုကွဲဖို့က အပူအအေး မဖလှယ်တော့တာကို ဆိုလိုတာ။ ခုထွန်းထားတဲ့ မီးဟာ ပူတလှည့် အေးတလှည့် ၊ တစ်ကြိမ်ပူပြီးရင် တစ်ကြိမ်အေးတာ၊ တောက်လျှောက်သာ ပူသွားရင် လောင်သွားမှာပေါ့။ ပူတလှည့် အေးတလှည့် ပတ်နေတာ။ ခင်ဗျားတို့ကျုပ်တို့ရုပ်တွေလည်း ပူတလှည့် အေးတလှည့် မရှိဘူးလား။ ပူတလှည့် အေးတလှည့် ၊ တင်းတလှည့် တောင့်တလှည့်၊ ထုံတလှည့် ကျင်တလှည့်၊ တွန်းတလှည့် ကန်တလှည့် ၊ ယိုတလှည့် ဖွဲ့တလှည့်၊ အဲလို အပြန်အလှန်ဖြစ်နေမှ ဓာတ်လေးပါး မျှတတယ်ခေါ်တယ်။ အဲဒီ ဓာတ်လေးပါးမှာ ဓာတ်သုံးပါးကို ဦးဆောင်တာက တေဇောဓာတ် က ဦးဆောင်တယ်။ သေခါနီးလူ သွားကြည့်ရင် ဘာတွေ့လဲ၊ သွေးသွားစမ်းကြည့်ရင် ဒီပုဂ္ဂိုလ် သွေးဆုတ်ပြီ ဆိုရင် သေပြီပေါ့။ သွေးဆိုတာက တေဇောဓာတ်၊ အပူဓာတ်လို့ခေါ်တယ်၊ သွေးမလျှောက်တဲ့ နေရာ အေးတာပဲ။ အဲတော့ သေပြီဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပူပြီးရင် အေး၊ အေးပြီးရင် မပူတော့ဘဲနဲ့ အပူဓာတ်ဖြစ်တဲ့ သွေးတွေဟာ ခန္ဓာ ကိုယ်ရဲ့ခြေဖျား လက်ဖျား ခေါင်းဖျားကနေ တဖြည်းဖြည်းနဲ့ဗဟိုချက် နှလုံးကို လာစုခဲပါတယ်။ အပူခဲတာ တချို့မသေခင် အရေပြားတွေ လောင်မနေဘူးလား။ မသေသေးဘူး၊ လောင်နေတာ၊ အပြင်ကမီးနဲ့ခန္ဓာက မီးနဲ့အတူတူပဲ။ အခုယောဂီတို့က အပူအအေး ဖလှယ်မျှတနေလို့။ တချို့အပူချိန် ၁၀၄ လောက်ဆို ကယောင်ကတမ်း ငန်းဖမ်းမလာဘူးလား။ အဲဒါ အပူ၊ မသေသေးဘူး။ အဲလောက် အဟုန်ရှိတဲ့ အပူတွေဟာခေါင်းဖျား ခြေဖျား လက်ဖျားကနေ စုလာပြီးတော့ နှလုံးအိမ်ရောက်ရော။ နှလုံးအိမ်ကို အပူတွေ စုခဲတော့ နှလုံးက ဘာဖြစ်သွားလဲ၊ ကျွတ်ကျွတ်ဆူအောင် လောင်မြိုက်တော့တာပေါ့။ ရေနွေးအိုးကို မီးများများထိုးသလို ဆူပွတ်မလာဘူးလား။ သေခါနီးပြီဆိုတဲ့သူဟာ ဓာတ်လေးပါး ပြိုကွဲဖို့ရာ အပူတေဇောက နှလုံးအိမ်ကို စုတော့ မီးတွေ ခဲလာတယ်။ ကဲ ခင်ဗျားတို့စိတ်ကလေး ရေနွေးအိုးတည်သလို အထိုးခံရပြီ ဆိုရင် ဘယ်နှယ့်နေမလဲ။ ချမ်းသာပါ့မလား၊ အဲဒါက ဥဏှတဇော။ နှလုံးအိမ်ထဲကို မီးခဲနဲ့ထိုးသလို ခံရပါပြီ။ ပေါ့ပေါ့လျှော့လျှော့နဲ့တော့ မတွက်ကြနဲ့။ အကောင်းဘက်နဲ့မတွက်ကြနဲ့။ သေခါနီးတော့ အားရှိသေးလား။ အာဟာရတွေ ပြတ်ပြီ။ ခင်ဗျားတို့ထမင်း မစားဘဲ နှစ်ရက်နေကြည့်စမ်း။ အာဟာရအကုန်ပြတ်တော့ အားအင်တွေ အကုန် ကုန်ခမ်းနေတဲ့ ရောဂါ၊ အားအင်တွေ ပြတ်တောက် နေတော့ တော်လှန်နိုင်သေးလား၊ ရေလည်း မသောက်နိုင်တော့ဘူး၊ ထမင်းလည်း မစားနိုင်တော့ အားအင်တွေ ကုန်ခမ်း ရက်စက်တဲ့ ရောဂါကလည်း ပြင်းထန်တဲ့အချိန်၊ အဲဒီလို တွက်ရမှာ ဒီလို အကောင်းကြီးတွေ ရှိမယ်များ မတွက်နဲ့။ အဲတော့မှ အပူနှုတ်လိုက်တော့ အအေးကျန်တယ်တဲ့။ ပူတာနဲ့အေးတာ ဘယ်ဟာက ပြင်းထန်လဲ။ ပူတာက ပြင်းထန်တယ်ဆိုရင် ရေခဲတိုက်ထဲ သွားနေကြည့်ပါလား။ အေးတာရော ချမ်းသာရဲ့လား။ ဒီဆောင်းတွင်း အေးလိုက်တာကွာ` အရိုးကွဲမတက်ဘဲ လို့မပြောဘူးလား။ အေး မှတ်ထား၊ သေခါနီး အရိုးကွဲတာပဲ။ ဥဏှတေဇော အပူက နှလုံးအိမ်စုပြီးတော့ အပြင်မှာ သီတတေဇော အအေးဓာတ် မကျန်ဘူးလား။ အရိုးတွေကို ပလာယာနဲ့ညှပ်နဲ ့တူပေါ်တင်ပြီး တစ်ချောင်းချင်း ခွဲနေသလို။ ဦးဇင်းက ခံစားပြီး ပြောတာ။ ဒီစိတ်ရဲ့ပါဝါ အပူအအေးကို ဒီစိတ်နဲ့ပြောင်းလွဲကြည့်တာ။ ပြောင်းလဲကြည့်တဲ့အခါကျတော့ စိတ်ရဲ့ပါဝါ ဇီးရိုးထိ ကိုယ့်ဘာသာ ချကြည့်တဲ့အခါကျတော့ ချက်ချင်း ရှိန်းဆို တခါတည်း အပူဓာတ်တွေ နှလုံးအိမ်မှာ စုပြီးတော့ အပြင်မှာ အေးတာ။ ဘယ်လောက်ထိလဲဆိုရင် ဆက်ပြီးတော့ ချရင် သေများသေတော့မယ်။ အရိုးတွေက ခွပ်ကနဲ ခွပ်ကနဲ ကျွတ်ကနဲ အဲလို ခံစားနေရတယ်။ ဒါ ကိုယ့်ဘာသာကိုယ် စိတ်နဲ့တရားနဲ့လုပ်ကြည့်တာ။ သီတတေဇော အအေးဓာတ်ရဲ့သဘောကလည်း အရိုးတွေ အက်ကွဲမတက် ခံစားရတယ်။ ဒီနှလုံးအိမ်မှာလည်း အပူဓာတ်က တဝုန်းဝုန်းဆူအောင် ခံစားရတယ်။ တခါ နားထဲကပါ တဝူးဝူးနဲ့ကြားနေရတယ်။ နှလုံးသွေးတွေ ဆူပွက်တာ။ ဆက်သာ လုပ်ရင် သေသွားမလား အောက့်မေ့ရတယ်။ အဲဒီတော့မှ သီတတေဇောနဲ့ဥဏှတေဇော မဖလှယ်တော့မှ ကျန်တဲ့ ဓာတ်တွေက ပြိုကွဲသွားတော့၊ တွန်းတာနဲ့ကန်တာ မလျှော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ ၊ တောင့်တင်းပြီး ပြတ်ထွက်မသွားဘူးလား။ သေခါနီးတော့ တွန်းတာကလည်း ဆက်တွန်းတော့မယ်၊ ကန်တာကလည်း ဆက်ကန်တော့မယ်ဆိုတော့ ဟောဒီခန္ဓာကိုယ်ကြီးကို အ၀တ်ရေညှစ်သလို လိန်ညှစ်နေသလိုပဲ ၊ တွန်းတဲ့ ဝါယောကလည်း ဆက်တွန်း နေသလို ကန်တဲ့ ဝါယောကလည်း ဆက်ကန်နေတော့မယ်ဆိုရင် လိန်ညှစ်မလာဘူးလား။ သေတဲ့သူ သွားစမ်းရင် တောင့်တောင့်ကြီး ဖြစ်မနေဘူးလား။ အဲဒါ အညှစ်ခံထားရတာ။ အဲဒီလို လိန်ညှစ်မတက် ပြတ်ထွက်မတတ် ခံစားရသလို၊ အဲဒိလိုညှစ်တော့အထဲထဲမှာရှိတဲ့ ရေတွေက ထွက်မလာဘူးလား။ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးဟာ ခင်ဗျားတို့ကြည့်တော့ ဇီးကင်းလောက် ရှိတယ်၊ ဟိုမှာတော့ မချိမဆန့်ခံစားနေရတယ်။ ချွေးတစ်ပေါက် ထွက်လာတာဟာ သံချောင်းတုံးတုံးကြီးနဲ့အသားတွေကြားထဲက ဖြတ်ထွက်လာသလို ခံစားရတယ်။ ချွေးပေါက်တစ်ပေါက် အပြင်ရောက်လာဖို့ဟာ အသားတွေကို အမျှင် အမျှင် ဖြတ်ထွက်လာရတယ်။ အဲလိုထွက်လာတော့ မခံနိုင်ဘူး။ တစ်ဖက်ကလည်း လိန်ညှစ်နေတယ်၊ တစ်ဖက်ကလည်း နှလုံးကို သွေးပွက်ပွက်ဆူအောင် ပူနေတယ်။ အရိုးတွေက ကွဲမတက်လည်း ဖြစ်နေ တယ်၊ အသားထဲက ဆူးနဲ့ထိုးသလိုလည်း ချွေးတွေ ထွက်နေတယ်။ ချွေးက တစ်ပေါက်တည်းလား၊ ပြည့်နှက်နေလား၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး သံချောင်းတွေနဲ့ထိုးနေသလိုပဲ။ အဲဒီက ချွေးပေါက်တစ်ပေါက် က စီးလာတယ်ဆိုတာက အသားကို တုတ်နဲ့ တဖြည်းဖြည်းချင်း ခြစ်ချနေသလို ခံစားရတယ်။ သဘောပေါက်ပြီလား။ အဲဒီသေဘေးနဲ့ကြုံလာရင် ချမ်းသာဖို့လိုပါသည်။ သူဋ္ဌေးကြီး မဖြစ်ရင် နေပါစေ ၊ အသေတတ်ဖို့လိုပါသည်။ အာဏာရှိကြီး နာမည်ကျော်ကြီး မဖြစ်ရင်နေပါစေ ၊ အသေတတ်ဖို့လိုပါသည်။ တရားစခန်းမှာ ဘာလာယူတာလဲ၊ အသေတတ်မယ့် ပညာလာယူတာ။ သေတယ်ဆိုတာ ဟောဒီရုပ်ကြီး ပြင်းထန်စွာ နှိပ်စက်တာ။ ပြင်းထန်စွာ နှိပ်စက်တဲ့အခါမှာ ဆောက်တည်ရာ မရအောင် ဖြစ်နေတဲ့ စိတ်ကလေးက ချုပ်ငြိမ်းပြီးတော့ ချမ်းသာစွာ သေနိုင်ဖို့ တရား လိုတယ်။ (အောင်လံဆရာတော်ကြီး အရှင်စန္ဒိမာ ဟောကြားသော နိဒါန်းတရား တရားတော်မှ) Photo-တိုက်ခွဲ(၃၂)သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ မေတ္တာဖြင့် _/\_ _/\_ _/\_ Credit to Lwin Oo Ko
via အလင်းရောင် ဓမ္မ https://ift.tt/3a50mP1
Newer Post
Older Post
Home