Wednesday, January 15, 2020

မတရားခံရတာ ဘာ့ကြောင့်လဲ ? ~~~~~~~~~~~~~~~~~~ 🌹မဟုတ်တာကို မိမိကလုပ်တာ မဟုတ်ပါပဲ အချောင် မတရားခံရတာတွေ ရှိတတ်ပါတယ် မတရားခံရသူတွေဟာ စိတ်တို အမျက်ထွက် ခံရခက်စွာ တောက် ခေါက် ( ခတ် ) ကြတာတွေ ရှိပါတယ် ။ 🌹အကျိူ းမှန်သမျှ အကြောင်းရှိလို့သာ ဖြစ်တာက ဓမ္မတာပါပဲ..အခု လောလောဆယ်မှာ မိမိက လုပ်တာ မဟုတ်သော်လည်း ဟိုတုန်းက မိမိက မတရားလုပ်ခဲ့လို့ မတရားခံရတာ ဖြစ်ပါတယ် ။ 🌹မြတ်စွာဘုရားရှင် လက်ထက်က သောတာပန်ဖြစ်တဲ့ ဦးမဟာကာလဆိုတာ ရှိပါတယ်..သူက ဇေတဝန်ကျောင်းမှာ ဥပုသ်နေ့ ဥပုသ်သီလ ဆောက်တည်ပြီး တစ်ညလုံး တရားကိုနာ တရားကို နှလုံးသွင်း နေပြီး နံနက်ခင်း ဝေလီဝေလင်း အိမ်အပြန် ဇေတဝန်ကျောင်းပေါက် ရေကန်မှာ မျက်နှာ သစ်နေတုန်း သူခိုးတစ်ယောက်က သူ့နား ရောက်တဲ့ခါ ခိုးရာပါ အထုပ် ချပြီး ပြေးပါတယ် ။ 🌹နောက်က လိုက်လာသူတွေက အောင်မယ် သူခိုးက အခုမှ သူတော်ကောင်းယောင် ဆောင်နေ လို့ ပြောကြပြီး ဝိုင်းရိုက်သတ်ကြပါတယ် ။ ရေခပ်လာတဲ့ ဦးဇင်းတွေ ကိုရင်တွေက မြင်ကြပြီး ဒီသူတော်ကောင်း သောတာပန် ဒကာကြီး မဟာကာလ မတရားခံရပြီး သေရပါတယ်ဘုရားလို့ မြတ်စွာဘုရားကို လျှောက်ထားကြပါတယ် ။ 🌹မြတ်စွာဘုရားရှင်က ချစ်သားရဟန်းတို့…မဟာကာလသည် အခု ပစ္စုပ္ပန် အနေအထားနဲ့ ကြည့်ပါက မတရားခံရ သေရတာ မှန်ပါတယ် သို့သော် သူ့ရဲ့ အတိတ်ကံ အနေအထားနဲ့ ကြည့်ပါက တရားစွာ သေတာ ဖြစ်တယ်လို့ မိန့်ပါတယ်။ 🌹ထိုရဟန်းတို့က မဟာကာလ၏ အတိတ်က သူတစ်ပါးပေါ် မတရားပုံကို မေးမြန်းလျှောက်ထားကြပါတယ် ။ မြတ်စွာဘုရားရှင်က ချစ်သားရဟန်းတို့…ရှေးတုန်းက ဗာရာဏသီနိုင်ငံရဲ့ အစွန်အဖျား တောအုပ်တစ်ခုမှာ သူခိုးဓါးပြတွေ သောင်းကျန်းလို့ မင်းကြီးက မင်းချင်းယောက်ျား တစ်ယောက်ကို ပို့လိုက်တယ်။ 🌹သူ့တာဝန်က ခရီးသည်တွေကို တောအုပ်ရဲ့ ဒီဘက်ကနေ ဟိုဘက်ရောက်အောင် ဟိုဘက်ကနေ ဒီဘက်ရောက်အောင် စောင့်ရှောက် ပို့ပေးရတယ်။ တစ်နေ့မှာ လင်မယားနှစ်ယောက် ရောက်အလာ ထိုမင်းချင်းယောက်ျားက ခရီးသွားယောက်ျား၏ မိန်းမကို မြင်ပြီး တပ်မက်၍ ပြစ်မှုဆင်ပြီး ခရီးသွားယောက်ျားကို မတရားသဖြင့် သတ်လိုက်တယ် ။ 🌹အဲဒီ မင်းချင်းယောက်ျားသည် အဲဒီဘဝက သေတော့ အဝီစိငရဲသို့ ကျရောက်ပြီး ဆင်းရဲပူပန်ရတယ် အဝီစိငရဲက လွတ်တော့လည်း ရာပေါင်းများစွာသော ဘဝတွေမှာ မတရားသဖြင့် သေခဲ့ရသလို အခု မဟာကာလဘဝ ဖြစ်တော့လည်း မတရားသဖြင့် သေရတယ် လို့ မိန့်တော်မူကာ … အတ်တနာ ဟိ ကတံ ပါပံ | အတ်တဇံ အတ်တသမ်ဘဝံ။ အဘိမတ်ထတိ ဒုမ်မဓေံ | ဝဇိရံဝသ်မမယံ မဏိံ ။ 🌹ကျောက်မှ ဖြစ်ပေါ်တဲ့ ဝဇိရစိန်ဟာ ဖြစ်ပေါ်ရာဖြစ်တဲ့ အဲဒီ ကျောက်ကို စားပြီး အပိုင်းအပိုင်း အပေါက်အပေါက် ပြုသလို…မိမိကိုယ်တိုင် ပြုလိုက်တဲ့ မကောင်းမှုကံဟာ ဖြစ်ပေါ်ရာဖြစ်တဲ့ မိမိကို နှိပ်စက်ဖျက်ဆီးတယ်လို့ မြတ်စွာဘုရားရှင် ဟောကြားပြီးတဲ့အခါ ရဟန်းတော်ပေါင်းများစွာ သောတာပန် ဖြစ်ကြပါတယ်တဲ့ ။ 🌹အကျယ် ဖတ်မှတ်လိုပါက ဓမ္မပဒ-မဟာကာလ ဥပါသကာဝတ္ထု မှာ ဖတ်မှတ်နိုင်ပါတယ် ။ မတရားခံရတာ မတရားလုပ်ခဲ့ဖူးလို့ပါပဲ ``သူ မတရား လုပ်လို့ ´´``မိမိက မတရား ပြန်လုပ်ရင် နောင် မတရား ပြန်ခံရပါလိမ့်မယ်´´ ။ အရှင်ဉာဏာဝုဓ ( ဉာဏရောင်ခြည် )


via အလင်းရောင် ဓမ္မ https://ift.tt/2Ts3nD5