အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 28, 2019
ရဋ္ဌပါလသုတ္တန်တရားတော် =============== ကျွန်တော်က မွေးကတည်းက ချမ်းသာလာခဲ့သူဗျ။ ကျွန်တော့်အဖေက ထုလ္လကောဋ္ဌိကနိဂုံးသူဌေးကြီးလေ။ ကျွန်တော်ကြီးလာရင် မိမိမွေးရပ်မြေတိုင်းနိုင်ငံကို စောင့်ရှောက်နိုင်မယ်ဆိုတဲ့ နိမိတ်နဲ့ ကျွန်တော့်နာမည်ကို ရဋ္ဌပါလလို့ မိဘတွေက အမည်မှည့်ပေးခဲ့ကြတာ။ တစ်နေ့တော့ ကျွန်တော်တို့ နေတဲ့နိဂုံးကို ဘုရားရှင်နဲ့ သူ့တပည်သား သံဃာတွေ ကြွလာကြတယ်ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ထုလ္လကောဋ္ဌိကဆိုတဲ့နိဂုံးဟာ မိုးလေဝသ ရာသီဥတုကောင်းတော့ စည်ပင်ဝပြောတယ်ဆိုပါတော့ဗျာ။ ဘုရားရှင်ကြွလာတယ်လည်း ကြားရော ကျွန်တော်တို့နိဂုံးသူနိဂုံးသားတွေ လှုပ်လှုပ်ရွရွဖြစ်လာကြတယ်။ အကုန်လုံးကလည်း ဘုရားရှင်ရဲ့ ကောင်းသတင်းကြော်စောသံတွေကိုပဲ ပြောနေကြတာလေ။ ဒီလောက် ကောင်းသတင်းတွေနဲ့ နာမည်ကြီးနေတဲ့ ဘုရားကြွလာမှတော့ ကျွန်တော်တို့ လှုပ်လှုပ်ရွရွ မဖြစ်ဘဲ နေပါ့မလားဗျ။ ညချမ်းကာလရောက်တော့ ကျွန်တော်တို့ နိဂုံးသူနိဂုံးသားတွေ ဘုရားရှင်ထံ အကုန်နီးပါး သွားရောက်ဖူးမြော်ကြတယ်။ အဲအထဲမှာ ကျွန်တော်လည်း ပါခဲ့တယ်ဆိုပါတော့။ ဘုရားရှင်ဆီက တရားလည်း နာယူပြီးရော အားလုံးပြန်ကြတယ်။ ကျွန်တော်ကတော့ တရားနာပြီး အကြံတစ်ခုရတာနဲ့ မပြန်သေးဘဲ နေမိတယ်။ ကျွန်တော်က ဘုရားဟောတဲ့ တရားကို အနည်းအကျဉ်းသိတယ်ဗျာ။ ဒီတရားကို ကိစ္စဝိစ္စတွေများလှတဲ့ လူတွေကျင့်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာလည်း သိတယ်။ ဒီတော့ ငါ ရဟန်းဝတ်ရရင် ကောင်းမှာပဲလို့ အကြံပေါ်တယ်ဗျ။ လူလည်း ရှင်းရော ကျွန်တော့်အကြံကို ဘုရားရှင်ကို လျှောက်လိုက်တယ်လေ။ ဒီတော့ ဘုရားရှင်က ကြည်လင်သော မျက်နှာတော်နဲ့ မိန့်တယ်ဗျ။ ရဋ္ဌပါလ မင်းမိဘတွေ ခွင့်ပြုရဲ့လား။ ရဟန်းဝတ်တယ်ဆိုတာ မိဘတွေခွင့်ပြုမှ ဝတ်ရတာတဲ့။ ကျွန်တော်လည်း ဘုရားရှင်ကို တရိုတသေ ရှိခိုးပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ မိဘတွေကို ခွင့်ပြုပေးဖို့ အသိပေးတိုင်ပင်လိုက်တယ်။ ကျွန်တော်ဟာ တစ်ဦးတည်းသော သားမို့ မိဘတွေက ခွင့်မပြုနိုင်ပါဘူးတဲ့လေ။ ကောင်းကြသေးရဲ့လားဗျာ။ ကျွန်တော်ကလည်း ရဟန်းဝတ်ချင်တယ်။ မိဘတွေကလည်း တစ်ဦးတည်းသောသားလေးမို့ ကျွန်တော့်ကို ခွင့်မပြုပေးနိုင်ဘူးတဲ့။ ကျွန်တော် နှစ်ကြိမ်၊ သုံးကြိမ်ထပ်ပြောတယ်။ ဒါလည်း မရဘူး။ ခွင့်မပြုဘူး။ ရတယ်လေ။ ကျွန်တော်ကလည်း ကိုယ်ဖြစ်ချင်တာကို လုပ်ရမှ ကျေနပ်တဲ့လူ မဟုတ်လား။ အဲဒီတော့ ခွင့်မပြုတဲ့နေ့ကစပြီး ကျွန်တော် ထမင်းလည်း မစားတော့ဘူး။ ရေလည်း မသောက်တော့ဘူး။ အစာငတ်ရေငတ်ခံကာ မြေပြင်မှာ အိပ်ပြီး မိဘတွေကို ဆန္ဒပြလိုက်တယ်။ နှစ်ရက်သုံးရက်လောက်ကြာတော့ ကျွန်တော့်မှာ အားအင်တွေ ကုန်ခန်းလာပြီ။ ဒါပေမဲ့ ကျွန်တော် ဇွဲမလျှော့ဘူးနော်။ ကျွန်တော့်မိဘတွေက လာပြီး ဖျောင်းဖြပါသေးတယ်။ သားရယ် လူ့ဘဝနဲ့လည်း ကုသိုလ်တွေ ပြုခွင့်ရတာပဲတဲ့လေ။ လူ့ဘဝမှာ အပူအပင်မရှိ ချမ်းချမ်းသာသာနေပြီး သားလှူချင်တာလှူ၊ သီလစောင့်ချင်ရင်လည်း စောင့်ပေါ့တဲ့။ ကျွန်တော်က ရဟန်းဝတ်ချင်တာလေ။ ရဟန်းဝတ်ပြီး တပ်မက်မှုကင်းတဲ့ တရားဓမ္မတွေကို ပိုင်ဆိုင်ချင်တာလေ။ ငါးရက်မြောက်လောက် ရောက်တော့ ကျွန်တော့်မိဘတွေက သူတို့ဖျောင်းဖြလို့ မရမှန်းသိပြီး ကျွန်တော့်သူငယ်ချင်းတွေကို အကူအညီတောင်းတယ်ပေါ့။ ကျွန်တော့်သူငယ်ချင်းတွေကလည်း သူငယ်ချင်းရယ် မင်းမိဘတွေကို ပစ်ထားတော့မလို့လား ဘာလားညာလားနဲ့ ပြောနေတာတွေ စုံနေတာပဲ။ ကျွန်တော် စိတ်မဝင်စားပါဘူး။ သူငယ်ချင်းတွေလည်း လက်လျှော့သွားကြတယ်လေ။ တစ်ပတ်ပြည့်မယ့်ရက်ရောက်တော့ ကျွန်တော် အတော် ပိန်လာပြီ။ အားအင်တွေလည်း မရှိတော့သလောက်ပဲ။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်မိဘတွေကို သွားပြောတယ်။ အဒေါ်ရယ် အဒေါ့်သားကို အဒေါ်တို့ရော၊ ကျွန်တော်တို့ရော ဖျောင်းဖြတာ မရဘူး။ အဒေါ့်သားက သူလုပ်ချင်တာဆို ရအောင်လုပ်တဲ့သူ။ ဒီအတိုင်းဆို အဒေါ့်သား၊ ကျွန်တော်တို့ သူငယ်ချင်းလေး သေသွားလိမ့်မယ်။ သူဝတ်ချင်တဲ့ ရဟန်းဝတ်ခွင့်ကို ပေးလိုက်ပါ အဒေါ်ရယ်။ ဒီအတိုင်းထားလို့ သေမယ့်အတူတူတော့ ရဟန်းဝတ်ရင် အသက်ရှင်နေတာလေးကို မြင်နိုင်သေးတယ်မဟုတ်လား။ အဒေါ့်သား သာသနာ့ဘောင်မှာ မပျော်လို့ လူပြန်ထွက်လာတော့လည်း အဒေါ်တို့အိမ်မှတစ်ပါး အခြားသွားစရာမရှိပါဘူးတဲ့။ ကျွန်တော့်သူငယ်ချင်းတွေက ဒီလိုဖျောင်းဖြလိုက်တော့ မိဘတွေက အားမတန် မာန်လျှော့တဲ့သဘောနဲ့ ကျွန်တော့်ကို ခွင့်ပြုလိုက်တယ်ဗျ။ ကျွန်တော်လည်း အစာရေစာ ပြန်စားပြီး အားမွေးလိုက်တာ နှစ်ရက်သုံးရက်လောက်ရောက်တော့ နဂိုအတိုင်း အသားအရည် ပြန်ဖြစ်လာတယ်ဗျ။ ဒီလိုနဲ့ ကျွန်တော်ဟာ ရဋ္ဌပါလဆိုတဲ့ ရဟန်းတစ်ပါး ဖြစ်ခဲ့တယ်ပေါ့ဗျာ။ ကျွန်တော် ရဟန်းဘဝရောက်လို့ တစ်လခွဲလောက် အကြာမှာ ဘုရားရှင်က ကျွန်တော့်ဇာတိဖြစ်တဲ့ ထုလ္လကောဋ္ဌိက နိဂုံးက သာဝတ္ထိပြည်ကို ကြွချီတော်မူတယ်။ ကျွန်တော်လည်း လိုက်ပါခွင့်ရခဲ့တယ်ပေါ့။ ကျွန်တော်က လူ့ဘဝတုန်းက မိဘတွေကို အတိုက်ခံလုပ်ပြီး ရဟန်းဘောင်ကို ခက်ခက်ခဲခဲ ဝင်ရောက်ခဲ့သူလေ။ ဒီတော့ သာသနာ့ဘောင်မှာ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ မဖြစ်ဘူးဆိုပြီး ကျွန်တော် တရားကို ကြိုးကြိုးစားစား အားထုတ်ရှုမှတ်ခဲ့တယ်။ ကျွန်တော်က သိပ်ဉာဏ်ကောင်းသူ မဟုတ်ဘူးလေ။ တစ်ချို့ဆို ဘုရားရှင်ရဲ့တရားကို တစ်ခါလောက် နာလိုက်ရရုံနဲ့ တရားထူးတွေ ရသွားကြတာ။ ကျွန်တော်ကျတော့ (၁၂)နှစ်ကြာမှ တရားထူးရတယ်ဗျ။ ဒါဟာ ကျွန်တော်လိုချင်တဲ့၊ ရချင်တဲ့၊ ရောက်ချင်တဲ့ ပန်းတိုင်လေ။ ဒါ့ကြောင့်မို့ (၁၂)နှစ်မကလို့ (၂၄)နှစ်ဆိုလည်း မရမချင်း ကျွန်တော် အားထုတ်မှာပါ။ ခုတော့ ကျွန်တော့်မှာ အရာရာကို လိုချင်တပ်မက်စွဲလမ်းတဲ့စိတ်တွေ မရှိတော့ဘူး။ ကျွန်တော် ဘာဆိုဘာမှ မရချင်၊ မလိုချင်တော့ဘူး။ ဒီလို ဘာမှမလိုချင်တာလေးကကို သိပ်ပြီး အေးချမ်းရပါတယ်ဗျာ။ လိုချင်မှုရှိတော့ ရအောင်ကြိုးစားရတယ်။ ရလာပြန်တော့လည်း မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရတယ်။ ပျက်စီးသွားပြန်တော့လည်း ပူပန်ဆင်းရဲရတယ်။ ဒီသဘောတရားတွေကို ကျွန်တော် ကောင်းကောင်း နားလည်ခဲ့ပါပြီ။ ကျွန်တော့်မှာ ခံယူချက်ရှိတယ်ဗျ။ ကျွန်တော် တရားထူး မရမချင်း ကျွန်တော့်ဇာတိကို ဘယ်တော့မှ မပြန်ဘူးလို့ သန္နိဋ္ဌာန်ချထားခဲ့တာ။ ရဟန်းဝတ်ခါစက သာဝတ္ထိရောက်တာတောင် ကျွန်တော်တို့နိဂုံးကို မပြန်ခဲ့ဘူးလေ။ ခုတော့ ကျွန်တော် ပြန်လို့ရပြီပေါ့။ ဒီတော့ ဘုရားရှင်ထံ ခွင့်ပန်ပြီး ကျွန်တော့်ဇာတိ ထုလ္လကောဋ္ဌိကနိဂုံးကို ကျွန်တော်ပြန်လာခဲ့ပါတယ်။ နိဂုံးကိုရောက်တော့ အိမ်ကို မကြွခဲ့ဘူး။ ကျွန်တော်တို့နိဂုံးထဲက ကောရဗျမင်းရဲ့ မိဂစီရဥယျာဉ်ထဲမှာပဲ ကျွန်တော်သတင်းသုံးခဲ့ပါတယ်။ နောက်တစ်နေ့ မနက်ရောက်တော့ သင်္ကန်းကို သပ်သပ်ရပ်ရပ်လေး ရုံပြီး ကျွန်တော့်ကို မွေးဖွားရာ ထုလ္လကောဋ္ဌိကရွာထဲကို ဆွမ်းခံကြွခဲ့ပါတယ်။ ကျွန်တော် ရွာကနေ ထွက်လာတာ (၁၂)နှစ်တောင် ရှိပြီဆိုတော့ ကျွန်တော့်ကို ရွာသူရွာသားတွေက မမှတ်မိကြတော့ဘူးဗျ။ ဆွမ်းလည်း မလောင်းကြဘူးလေ။ ဒီလိုနဲ့ ကျွန်တော်တို့အိမ်ရှေ့ကို ရောက်လာခဲ့တယ်။ ကျွန်တော် အိမ်ရှေ့မှာ ဆွမ်းခံရပ်နေတော့ အဖေက ခေါင်းဖြီးနေတယ်။ ကျွန်တော့်ကို မမှတ်မိဘူးဗျ။ သာမန်ရဟန်းတစ်ပါးလိုပဲထင်ပြီး ဒီရဟန်းတွေကြောင့် ငါ့သားဟာ သာသနာ့ဘောင်ထဲ ရောက်သွားရတာဆိုပြီး တရစပ် ဆဲတော့တာပါပဲ။ တကယ်တော့ ကျွန်တော်ဟာ ဘုရားရဲ့သားတော်စစ်စစ် ရဟန္တာဖြစ်ခဲ့ပြီလေ။ ကျွန်တော့်မိဘတွေအိမ်ရှေ့ ဆွမ်းခံသွားရပ်ပေမယ့် ကန်တော့ဆွမ်းပါ ဆိုတဲ့စကားလေးတောင် ကျွန်တော်မရခဲ့ပါဘူး။ အဆဲတော့ ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့အိမ်က ကျွန်,မလေးက သိုးနေတဲ့မုန့်တွေကို လွှင့်ပစ်ဖို့ဆိုပြီး အိမ်ပေါက်ဝ ထွက်လာတယ်။ ဒကာမလေး မုန့်အသိုးတွေ လွှင့်ပစ်မလို့လားလို့ မေးလိုက်တော့ ဟုတ်တယ်တဲ့။ ဒါဆို ဦးဇင်းသပိတ်ထဲ လောင်းထည့်ပေးပါဆိုတော့ ထည့်ပေးပါတယ်။ ကျွန်တော်လည်း တစ်မနက်လုံး လျှောက်လာတာ ဆွမ်းတစ်ပေါင်းမှ မရသေးဘူးလေ။ ဒီလိုနဲ့ ကျွန်တော် ရွာထဲကနေ ထွက်ပြီး ဇရပ်ကလေးတစ်ခုပေါ်မှာပဲ မုန့်အသိုးတွေကို ဆွမ်းအဖြစ် ဘုဉ်းပေးခဲ့ရပါတယ်။ မုန့်အသိုးတွေ လောင်းထည့်တဲ့ ကျွန်,မလေးက ကျွန်တော့်ကို မှတ်မိပုံတူပါတယ်။ ခဏကြာတော့ ကျွန်တော့်အဖေ ဇရပ်ကို ရောက်လာတယ်။ သားရယ် မိဘတွေရှိရဲ့သားနဲ့ ဘာလို့အိမ်ကို ချက်ချင်းမလာတာလဲဆိုပြီး ထုံးစံအတိုင်း ဆူပူတော့တာပါပဲ။ ခု စားနေတဲ့ မုန့်အသိုးတွေ သွန်ပစ်လိုက်။ လာ အိမ်ကို သွားရအောင်တဲ့။ ဒီတစ်နပ်အတွက် ပြီးသွားပြီ။ မလိုက်တော့ဘူးလို့ပဲ ပြောလိုက်တယ်။ မနက်ဖြန်အတွက် ဆွမ်းစားပင့်လို့် လက်ခံလိုက်ပါတယ်။ မနက်ဖြန်ရောက်လို့ အိမ်ကိုကြွတော့ ကျွန်တော့်ကို ဆွမ်းကပ်ကြတယ်ဗျ။ ဆွမ်းလည်း ကပ်ပြီးရော ကျွန်တော့်မိန်းမနဲ့ မိဘတွေပိုင်ဆိုင်သမျှ ရွှေငွေတွေပုံပြပြီး ကျွန်တော့်ကို လူထွက်ခိုင်းတယ်ဗျ။ ဒီရွှေတွေ ဘာလုပ်မှာလဲ။ ဂင်္ဂါမြစ်ထဲ သွားပစ်ချလိုက်လို့ပြောလိုက်တော့ အဖေလေ စိတ်တွေ အတော်တိုသွားပုံရတယ်။ မျက်နှာကြီးကို နီလို့။ ခဏကြာတယ်ဆိုရင်ပဲ ရုတ်တရက် ကျွန်တော် ဈာန်ပျံပြီး အိမ်ထဲကနေ ထွက်လာခဲ့ပါတယ်။ ကျွန်တော့်ကို မရရအောင် လူထွက်ခိုင်းဖို့ အတင်းအကြပ် ဖမ်းချုပ်ပြီး စီစဉ်ထားကြတာကို ကျွန်တော်က ကြိုသိနေတယ်လေ။ ဒီလိုနဲ့ ကျွန်တော် ကောရဗျမင်းရဲ့ မိဂစီရဥယျာဉ်ထဲကို ပြန်လာခဲ့ပါတယ်။ နောက်တစ်နေ့ရောက်တော့ ဘုရင်ကြီး ကျွန်တော့်ဆီ ရောက်လာတယ်ဗျ။ ဘုရင်ကြီးက ကျွန်တော့်ကို မေးတယ်။ တစ်ချို့က အိုလို့၊ တစ်ချို့က နာလို့၊ တစ်ချို့က စီးပွားပျက်လို့၊ တစ်ချို့က ဆွေမျိုးပျက်လို့ ရဟန်းဝတ်ကြတယ်။ အရှင်ဘုရားကျတော့ ဒီလေးမျိုးလုံး မရှိပါဘဲ ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရဟန်းဝတ်ရတာလဲတဲ့။ ဒီတော့ ကျွန်တော်က ဖြေလိုက်တယ်။ မင်းကြီး ငါဟာ ဘုရားဟေားထားတဲ့ ဓမ္မုဒ္ဒေသတရားလေးပါးကို မြင်တော်မူလို့ ရဟန်းပြုခဲ့ခြင်းဖြစ်တယ်။ ဓမ္မုဒ္ဒေသတရားလေးပါးဆိုတာ (၁) သတ္တဝါမှန်သမျှ မတည်မြဲဘူး။ (၂) သတ္တဝါအပေါင်းဟာ ခိုကိုးစရာ၊ အားထားစရာ၊ မှီခိုစရာ ဘာမှမရှိဘူး။ (၃) သတ္တဝါအပေါင်းမှာ ကိုယ်ပိုင်ပစ္စည်းဆိုလို့ ဘာမှမရှိဘူး။ (၄) သတ္တဝါအားလုံးဟာ ရောင့်ရဲမှုမရှိကြဘူး။ ဒီလိုဟောလိုက်တော့ မင်းကြီးလည်း တရားအသိ တော်တော်ရှိသွားတယ်။ ကျွန်တော့်ဘဝအကြောင်းလေးကို ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ကျွန်တော့်ရဲ့ ရဟန်းဘဝ ဖြစ်လာပုံက အတော်လေး ခက်ခဲကြမ်းတမ်းခဲ့တယ်ဆိုတာ ဒိလောက်ဆို သိလောက်ပါပြီ။ ဒါ့ကြောင့် သာသနာနဲ့တွေ့တုန်း လူဖြစ်စေ၊ ရဟန်းဖြစ်စေ သာသနာပြုအလုပ်တွေ လုပ်ကြပါ။ လူဖြစ်ရင်လည်း ဆွမ်းတစ်နပ်၊ ရေတစ်ခွက်လောက်ကလေးတော့ လက်တွန့်မနေသင့်ပါဘူး။ သာသနာ့ဘောင်က လဇ္ဇီပေသလ သိက္ခာကာမ ရဟန်းတော်တွေကို ပေးလှူပါ။ သာသနာအတွင်းမှာ လှူရတဲ့ ဒါနကုသိုလ်က အင်မတန် အကျိုးကြီးမားပါတယ်။ ခုလက်ရှိ သာသနာ့ဘောင်က ရဟန်းတော်တွေကိုလည်း တပည့်တော် ရဋ္ဌပါလ လျှောက်ချင်ပါတယ်။ အရှင်ဘုရားတို့ရဲ့ ရဟန်းဘဝဟာ တပည့်တော်ရဲ့ ရဟန်းဘဝလောက်တော့ မဆိုးလောက်သေးပါဘူး။ ဒီတော့ ဇွဲမလျှော့ပါနဲ့။ သာသနာမှာ ပျော်မွေ့အောင်နေပါ။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးရပ်ကိုလည်း တစ်နေ့တစ်ခြား များသထက်များလာအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါလို့ တပည့်တော် ရဋ္ဌပါလ လျှောက်တင်လိုက်ပါတယ် ဘုရား။ အပ္ပဒေန သမ္ပာဒေထ။ မောင်ခေမိန်(မကွေး) ၂၅၊ ၈၊ ၂၀၁၉ (((ကျမ်းကိုး။ ။မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ရာဇဝဂ်၊ ရဋ္ဌပါလသုတ္တန်ဒေသနာတော်ကို မှီငြမ်းပြီး ရဋ္ဌပါလ၏ ကိုယ်တိုင်ပြောဟန်ဖြင့် ရေးသားထားခြင်းဖြစ်သည်)))
via အလင်းရောင် ဓမ္မ https://ift.tt/2MDtQuZ
Newer Post
Older Post
Home