အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, December 24, 2019
#နတ်ပြည်မှာမရနိုင်တဲ့ကုသိုလ်" •••••••••••••••••••• -လူ့ဘုံမှာ လူလာဖြစ်ရတာ အရမ်းကံကောင်းပါတယ်။ -လူ့ဘုံမှာ ကမ္မဋ္ဌာန်းလေးဆယ်လုံး ရလို့ပါ။ -နတ်ပြည်မှာဆို . . . -အသုဘကမ္မဋ္ဌာန်း(၁၀) ပါး ရယ် , -ကာယဂတာ သတိ ကမ္မဋ္ဌာန်း ရယ် -အာဟာရပဋိကူလသညာ ကမ္မဋ္ဌာန်း ရယ် . . အားလုံး(၁၂) ပါး မရနိုင်ပါဘူး။ -နတ်ပြည်မှာ အသုဘအလောင်းကောင် ဆိုတာ မရှိပါဘူး။ သေရင် မီးငြိမ်းသလို ခန္ဓာကိုယ် ပျောက်သွားတာပါ။ အလောင်းကောင်မရှိတော့ အသုဘ ကမ္မဋ္ဌာန်း ပွားလို့ မရနိုင်ပါဘူး။ ကာယဂတာသတိကမ္မဋ္ဌာန်း ဆိုတာက . . . -ဆံပင် , မွှေးညှင်း , လက်သည်း , သွား , အရေ . . စသည်တွေကို စက်ဆုပ်ဖွယ်ဖြစ်အောင် ဆင်ခြင်ပြီး ပွားရတာပါ။ -နတ်ပြည်မှာ ဆံပင် , မွှေးညှင်းတွေ ရှိပေမယ့် သူတို့ ဆံပင် , မွှေးညှင်းတွေဟာ သိပ်လှ , သိပ် တင့်တယ်နေတော့ စက်ဆုပ်ရွံရှာဖွယ် ဖြစ်အောင် ပွားဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကာယဂတာသတိ ကမ္မဋ္ဌာန်း မရတာပါ။ အာဟာရပဋိကူလသညာ ကမ္မဋ္ဌာန်း ဆိုတာ . . အာဟာရတွေကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်အောင် ဆင်ခြင်တာပါ။ ဒီအစာတွေဟာ အစာရှိရာကိုလည်း သွားရတယ်။ အစား ရဖို့ရာလည်း ရှာရတယ် . . စသည်ဖြင့် ( ၁၀ ) နည်းနဲ့ ဆင်ခြင်ရတာပါ။ ( ဆင်ခြေပုံ (၁၀) နည်းကိုတော့ ဝိသုဒ္ဓိမဂ် မြန်မာပြန်မှာ ကြည့်ပါ ) နတ်ပြည်မှာ အစာအာဟာရ ရှိပေမယ့် သူတို့ အာဟာရ တွေဟာ နတ်သြဇာ အဆီအနှစ် အာဟာရတွေ ဖြစ်နေလို့ , သိပ်ကောင်းနေလို့ စက်ဆုပ်ရွံရှာဖွယ်လို့ ဆင်ခြင်လို့ မရပါဘူး။ ဒါကြောင့် နတ်ပြည်မှာ အာဟာရပဋိကူလသညာ ကမ္မဋ္ဌာန်း မရတာပါ။ ရူပဘုံမှာကျတော့ အထက်ကပြောခဲ့တဲ့ (၁၂)ပါး ရယ် , အာနာပါနကမ္မဋ္ဌာန်းရယ် မရပါဘူး။ အာနာပါန ဘာဖြစ်လို့ မရတာလဲ . . ရူပဘုံမှာ အသက်မရှူလို့ပါတဲ့။ ဘာပဲပြောပြော သူများဘုံတွေနဲ့စာရင် ကိုယ့်ဘုံက ကမ္မဋ္ဌာန်းလေးဆယ်လုံး ရနေတာ ဆိုတော့ တော်တော်လေးကို ကံကောင်းနေပါတယ်။ ဒါပေမယ့် လူ့ဘုံမှာ ကမ္မဋ္ဌာန်းလေးဆယ်လုံး ရှိနေပေမယ့် ကိုယ်က လုံးဝ မထိကြည့်ဘဲ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ လောကီအာရုံတွေ နောက်ပဲ တစ်ကောက်ကောက် လိုက်နေမယ် ဆိုရင်တော့ လူ့ဘုံမှာ လူလာဖြစ်တာ " ကံကောင်းတယ် " လို့ မဆိုသာဘူးနော်။ (ရဝေနွယ်-အင်းမ) ဓမ္မနှစ်သက်သူ https://ift.tt/2Vr9LK7 ¥°¥°°¥°¥°¥°¥°¥°¥°¥°¥°¥°¥°¥°¥ #ကောင်းကျိူးလိုရာပြည့်ကြပါစေ
via အလင်းရောင် ဓမ္မ https://ift.tt/2PSbs1Q
Newer Post
Older Post
Home