အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, December 26, 2019
" နိဗ္ဗာန်ချမ်းသာ တွေ့အောင်ရှာ " ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 နိဗ္ဗာန်ချမ်းသာဆိုတာ ချမ်းသာတကာတို့ထက် အမြတ်ဆုံးဖြစ်တယ်... ။ ဘေးအပေါင်းက လွတ်မြောက်တယ် ။ နိဗ္ဗာန်ရရင် ဘယ်ဘေးမှ မသင့်နိူင်တော့ဘူး... ၊ ဘေးအပေါင်းက လွတ်ချင်ရင် နိဗ္ဗာန်ရအောင် ကြိုးစားကြ... ။ ဒီနေရာမှာ မိလိန္ဒမင်းက ရှင်နာဂသိန်ကို မေးလျှောက်တယ်.. " အရှင်ဘုရား နိဗ္ဗာန် ချမ်းသာဟာ ဘယ်ချမ်းသာနဲ့တူပါသလဲ...? " ဒီတော့ ရှင်နာဂသိန်က"မင်းကြီး ဥပမာ အားဖြင့် ပြောရရင် ပဋိသန္ဓေကထဲက မျက်စိမမြင်လာတဲ့ လူက အဖြူဆိုတာ ဘယ်လိုဟာတုံး ၊ အနီဆိုတာ ဘယ့်နှယ်ဟာတုံး၊ နေဆိုတာ ဘာနဲ့တူသတုံး" လို့ မေးတာနဲ့တူတယ်...။ သူက မွေးကထဲက မျက်စိမပါတဲ့ လူဆိုတော့ လောကမှာရှိတဲ့ အရာဝတ္ထုတွေကို ဘယ်နည်းနဲ့ ခွဲခြမ်းပြီး သိနိူင်ပါ့မလဲ... ။ ဒီဥပမာလိုပါပဲ လောကထဲမှာရှိနေတဲ့ လောကသားတွေ အဖို့ရာမှာ လောကနဲ့ တန်တဲ့ မျက်စိသာပါကြတာပဲ ... ၊ လောကထက်လွန်တဲ့ လောက မှာရှိတဲ့ ချမ်းသာမျိုးတွေနဲ့ နှိုင်းယှဉ်မရတဲ့ လောကုတ္တရာ နိဗ္ဗာန်ချမ်းသာဟာ လောက ချမ်းသာထဲမှာ ဘယ်ချမ်းသာနဲ့မှ တူတယ်လို့ မဆိုနိူင်ပေဘူး ၊ နိဗ္ဗာန်နဲ့တူတဲ့ ချမ်းသာဟာ လောကမှာမရှိဘူးလို့ မှတ်ပေါ့လို့ ဖြေကြားတော်မူလိုက်တယ်... ။ ဥပမာဆိုရရင် လောကမှာရှိတဲ့ ချမ်းသာဟာ သရက်သီးပုပ်နဲ့တူတယ် ၊ သရက်သီးပုပ်ဆိုရင် နည်းနည်းပုပ်ပုပ် တစ်ခြမ်းပဲပုပ်ပုပ် သရက်ပုပ် လို့ခေါ်ရတာပဲ အပြစ်အနာအဆာကင်းရင် သရက်ကောင်း ၊ အနာအဆာ မကင်းရင် သရက်သီးပုပ်လို့ ခေါ်ရသလို လောကချမ်းသာ ဆိုတာကလည်း အပြစ်အနာဆာ မကင်းတော့ ချမ်းသာစစ် ချမ်းသာကောင်းလို့ မခေါ်ဆိုနိူင်ဘူး... ။ ဖြစ်ပြီးပျက်နေတဲ့ လောကထဲမှာ ချမ်းသာစစ်ဆိုတာ ဘယ်မှာရနိူင်ပါ့မလည်း ၊ ဖြစ်ပျက်လောကထဲမှာ ချမ်းသာစစ် မရနိူင်ဘူး... ။ နောက်တစ်ဖန် ရှင်နာဂသိန်က နိဗ္ဗာန်ကို မီးဝိုင်းခံရသူ ဥပမာနဲ့ နှိုင်းယှဉ်ပြပြန်တယ်.. ဒကာတော်မင်း ဥပမာအားဖြင့် ပတ်ဝန်းကျင် အရပ်လေးမျက်နှာက လှည့်ပတ်ဝိုင်းရံပြီး လောင်မြိုက်လာတဲ့ မီးပုံကြီးဆိုပါတော့... ။ အဲဒီ မီးပုံကြီးအလယ်မှာ လူတစ်ယောက်ဟာ မီးပတ်ချာ ဝိုင်းမိရက်သား ဖြစ်နေတယ်၊ မီးခိုးတွေ မီးအရှိန်ဝါတွေဟာ ကိုယ်ကို အပူလာဟပ်ပြီး ပူလွန်လွန်းလို့ အခံရ အတော်ကြပ်နေလေပြီ... ။ ဒီအခါမှာ အဲဒီလူဟာ ဘယ်နည်းနဲ့များ လွတ်ကင်းနိူင်ပါ့မလည်းဆိုပြီး အပူတပြင်း ထွက်ပေါက်ရှာကြံမယ် ၊ လွတ်မြောက် နိူင်ရေးအတွက် တစ်အား အားထုတ် တော့မယ်... ။ အဲဒီလိုဘေးဆိုးကြီးတွေနဲ့ ရင်ဆိုင်ရတော့ ယောက်ျားတို့ စွမ်းပကားနဲ့ ကြောက်အား.. ကြီးပြီး တအားကြီး ကြိုးစားလိုက်တော့.. ကံအားလျော်စွာ မီးပုံကြီးအတွင်းက လွတ်မြောက်သွားရတယ် ၊ အဲဒီမီးလောင်ခံ ရတော့မယ့်ဆဲဆဲ ဘေးက လွတ်မြောက် သွားတဲ့ ယောက်ျားဟာ ဘယ်လောက်များ ဝမ်းမြောက်မလည်း ၊ ဘယ်လောက်များ စိတ်ချမ်းသာ သွားမယ်ဆိုတာ စဉ်းစား ကြည့်ကြ ၊ အတိုင်းအဆကို မမြင်နိူင်ဘူး...။ မင်းကြီး ဒီဥပမာကဲ့သို့ပင် နိဗ္ဗာန်ချမ်းသာ ဆိုတာ နိုင်းယှဉ်စရာ မရှိပေဘူး ၊ မီးဘေးက လွတ်မြောက်ရတဲ့ စိတ်ချမ်းသာ မှုမျိုးထက် အဆရာထောင်မက ငြိမ်းအေးချမ်းတဲ့သဘော ရှိပေတယ်လို့ မိန့်ဆို ဖြေကြားတော်မူတယ်... ဒီနေရာမှာ ဒကာတို့ သိဖို့က ခန္ဓာငါးပါးဆိုတာ မီးလောင်စာနဲ့ မီးတွေပဲလို့ သိထားကြရမယ်။ ခန္ဓာဟာ လောင်စာနဲ့မီး ၊ မီးနဲ့လောင်စာ တွဲရက်ကြီး အမြဲနေတာပဲ ၊ ခန္ဓာမှာ ဉာဏ်နဲ့ ရှာရင် မီးနဲ့လောင်စာမှတစ်ပါး တစ်ခြား ဘာမှ မတွေ့ရပါဘူး... ။ ဒါကြောင့်မို့ ဒကာတို့ကို စိတ္တနုပဿ . နာရှု ကြလို့ တိုက်တွန်းရတယ်။ရှုရင်ခန္ဓာဖြစ်ခြင်း ပျက်ခြင်း မြင်ရမယ် ၊ ဖြစ်ပျက်မြင်ရင် မီးဝိုင်းမှန်းသိပြီ..၊ မီးမှန်းသိလို့ မီးကိုမုန်းရင် နိဗ္ဗိန္ဒဉာဏ်ရတာပဲ မီးမုန်းတော့ ထွက်လမ်းရှာ ၊ ရှာတော့... ထွက်လမ်းဟာ မဂ်ပဲ ၊မဂ်လမ်းစဉ်နဲ့ထွက်တော့ မီးဘေးက လွတ်မြောက်တဲ့ ဥပမာဟာ .. " နိဗ္ဗာန် " ပဲ... ။ တို့တကာတွေဟာ ပထမဦးဆုံး အနေနဲ့မီးမှန်း သိဖို့လိုတယ် ၊ မီးဝိုင်းတာကို ဝိုင်းမှန်းသိမှ အရူးပျောက်မယ် ဝိုင်းမှန်းမသိရင် အရူးပဲ ။ ဘာကြောင့်လည်းဆိုတော့... မီးကို မီးမှန်း မသိ ရွှေတောင်များထင်လို့ ဝင်ပြီးတိုးမိ ။ ဝင်တိုးမိတော့ လောင်လိုက်တာပေါ့... ။ ဒါကြောင့် ပိုးဖလံမျိုး လို့ပဲ ဆိုရတာ... ၊ တိုးပြန်ရင် ကိုယ်ကျိုး နည်းပြန်ရော... ။ ခန္ဓာမှာ လောင်စာနဲ့မီးပဲ ရှိတယ် ။ ဒါကိုသိမှ ကလျာဏပုထုဇဉ်လို့ ခေါ်နိူင်တယ် ။ ဒါမသိသေးရင် ဥမတ္တက အရူးပဲရှိသေးတယ်မှတ်။ အဲဒီတော့ အရူးမဖြစ်ချင်ရင် အားထုတ်ကြ... အားထုတ်ရင် ခန္ဓာ ရုပ်နာမ်ဖြစ်ပျက်ကို မြင်ရမယ် ၊ ဖြစ်ပျက်မြင်ရင် မီးဝိုင်းမှန်းသိပြီ..၊ မီးဝိုင်းမှန်းသိလာတော့ လွတ်ရာလွတ်ကြောင်း လမ်းကောင်းရှာမယ် ၊ လွတ်လမ်းရှာလို့ တွေ့တာ ငြိမ်းတာပေါ့... အဲတာ " နိဗ္ဗာန် " တွေ့တာပဲ... ။ ကဲ ! ကြိုးစားအားထုတ်ကြ... ... ... ။ ဒုလ္လဘဒေသနာ တွဲ(၁) ၊ စာ(၁၁၁)... မှ ကူးယူပူဇော်ပါသည် ။ သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ ... မိုးကုတ်ဆရာတော် ဟောကြား သစ္စာတရားများ Credit : Original Uploader
via အလင်းရောင် ဓမ္မ https://ift.tt/2sd1vmO
Newer Post
Older Post
Home