အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, December 26, 2019
စိတ်ကြည်နေဖို့ ဘုရားပေးတဲ့နည်း 🙏🙏🙏🙏🙏🙏🙏🙏🙏 တစ်ခါက ဘုရားရှင် ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတုန်း သာကီ၀င်မင်းတစ်ပါးဖြစ်တဲ့ မဟာနာမ်က ဘုရားတပည့်နေနည်းကို မေးလျှောက်တဲ့အတွက် ဟောပြထားတဲ့ ဘုရားတပည့်နေနည်း (၆) မျိုးရှိပါတယ်။ အရမ်းအသုံးတည့်ပြီး တစ်ကယ်ဘုရားဟောတဲ့အတိုင်းနေနိုင်ရင် ငြိမ်းချမ်းတဲ့နေခြင်းဖြစ်နေမှာပါပဲ။ ရိုးရိုးလေးနဲ့၊ အမြဲယဉ်ပါးပြီး ကြားဖူးနား၀ရှိပြီးသား တရားတွေပါပဲ။ အမှန်တစ်ကယ် ယုံကြည်စွာကျင့်ဖို့ကတော့ ကိုယ့်တာ၀န်ပေါ့။ လောကလူသားတွေ ဘယ်လောက်စိတ်ညစ်တယ်လို့ ညည်းညည်း၊ ဘုရားအာရုံပြုဖို့တော့ တော်တော်များများက ပျက်ကွက်နေတတ်ပါတယ်။ ကိစ္စတွေများတဲ့ ဒုက္ခသားတွေအများကြီးပါပဲ။ အဓိကက စိတ်မထားတတ်၊ အာရုံမယူတတ်တာပါပဲ။ ယူတတ်ဦးတော့ မယူနိုင်လောက်အောင်ကို စိတ်ကိုချောင်ပိတ်ထားကြတာပါပဲ။ စိတ်ထွက်ပေါက် မယူတတ်တာပေါ့။ ယူပြန်တော့လည်း တစ်လွဲနည်းနဲ့ပေါ့။ ဥပမာ အရက်သောက်တာမျိုးပေါ့။ တစ်ခါတစ်ခါ အံ့သြမိတာက ဂုဏ်တော်လေးပွားပြီးနေတာကိုတောင် မလုပ်ချင်တာကိုတွေ့ရတာပါပဲ။ ဘုရားပေးတဲ့ ပထမနည်းကလည်း ဘုရားဂုဏ်တော် (၉) ပါးကို ပွားနေတာပါပဲ။ လူနတ်ဗြဟ္မာသတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောကြောင့် အရဟံမည်တော်မူသော မြတ်စွာဘုရားလို့ အကြိမ်များများ စိတ်ထဲမှာပွားနေပြီဆို ဘုရားအာရုံနဲ့ပဲ နေနေတဲ့အတွက် ပွားနေသူရဲ့စိတ်ကို ရာဂ၊ ဒေါသ၊ မောဟ နှိပ်စက်လို့မရတော့ဘူးလို့ ဘုရားရှင်ကဟောပြတော်မူပါတယ်။ ရာဂစတဲ့ အညစ်ဓာတ်တွေကင်းပြီး ပွားများနေတဲ့ခဏမှာပဲ စိတ်က ဘုရားအာရုံကြောင့် ဖြောင့်မတ်တဲ့စိတ်ဖြစ်သွားပါပြီတဲ့။ အာရုံပြောင်းသွားတဲ့အတွက် (အကောင်းအာရုံဖြစ်သွားတော့) ရာဂဖြစ်လို့မရတော့၊ ဒေါသဖြစ်လို့မရတော့တဲ့ သဘောပေါ့။ ဒါကြောင့် စိတ်ညစ်ရင် ဘုရားအာရုံယူလိုက်တာ အကောင်းဆုံးပါပဲ။ စိတ်အာရုံပြောင်းပေးလိုက်တာပေါ့။ ကောင်းတဲ့အာရုံကြောင့် စိတ်ကဖြောင့်သွားတယ်။ စိတ်ဖြောင့်သွားတော့ ပါဠိရော၊ အဓိပ္ပါယ်ပါ ကောင်းကောင်းနားလည်ပြီး တရားနဲ့ယှဉ်တဲ့ ၀မ်းမြောက်မှု ပါမောဇ္ဖကိုရတယ်တဲ့။ ပါမောဇ္ဖရှိမှလည်း နှစ်သက်တဲ့ပီတိကိုရပါတယ်။ ၀မ်းမြောက်ခြင်း ပါမောဇ္ဇမရှိရင် ဘယ်လိုမှ ပီတိစိတ်ကိုမရစေဘူးလေ။ ဒါကြောင့် ကိုယ့်စိတ်ကို ကုစားချင်ရင် ပထမဆုံး ဘုရားအာရုံနဲ့ စိတ်ကိုဦးတည်ရာပြောင်းပေးလိုက်ရတာ။ အကြိမ်များများကို စိတ်ထဲရွတ်နေပွားနေရမှာ။ အဆိုးအာရုံကို မေ့ထားလို့ရအောင်ကိုမေ့ထားလိုက်တော့။ ဘုရားအာရုံက လွှမ်းမိုးသွားအောင်လုပ်ယူ၊ ကျင့်ယူ။ ဒီတော့ စိတ်ကဘုရားအာရုံကြောင့် ကြည်လင်သွားပြီး စွမ်းအားတစ်မျိုးကိုရလာတယ်။ အဲဒီစိတ်စွမ်းအားကနေ ၀မ်းသာမှုကိုဖြစ်စေတယ်။ ၀မ်းသာမှုကြောင့် ပီတိဖြစ်တယ်။ ပီတိဖြစ်မှ ကိုယ်၏ငြိမ်းခြင်းကိုရတယ်။ ကိုယ်၏ငြိမ်းခြင်းကိုရမှ သုခဝေဒနာခံစားနိုင်တယ်။ စိတ်ချမ်းသာတယ်။ သုခဝေဒနာကို ခံစားတဲ့စိတ်ကမှ တည်ကြည်မှုကိုရနိုင်တယ်လို့ ဘုရားရှင်က အကြောင်းအကျိုး အဆင့်ဆင့်ကို ဟောပြလိုက်ပါတယ်။ ဒီအခါမှာ ဘုရား ဂုဏ်တော်ပွားသူဟာ မငြိမ်သက်တဲ့လောကအလယ်မှာ ငြိမ်သက်စွာနေနိုင်တယ် ။ ဆင်းရဲနေတဲ့လောကအလယ်မှာ ဆင်းရဲခြင်းကင်းစွာနေနိုင်တယ်လို့ ဘုရားရှင်က ဗုဒ္ဓါနုဿ တိပွားခြင်းရဲ့ အကျိုးကို ဟောပြတော်မူပါတယ်။ တစ်ကယ်ဘုရားဟောသလိုနေရင် တစ်ကယ်ကို အကုသိုလ်အာရုံတွေပျောက်ပြီး စိတ်အေးချမ်းစေတယ်၊ စိတ်ကြည်လင်စေတယ်ဆိုတာ လက်တွေ့တရားတွေပါ။ သူတော်ကောင်းများ အလုပ်များတဲ့ကြားက စိတ်ကိုကြည်အောင်နေနိုင်တာ ဒီလိုနေလို့ပေါ့။ မဟုတ်ရင် လောဘဘီလူး၊ ဒေါသဘီလူးဖြစ်နေမှာပေါ့။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေတဲ့နည်း၊ ဘယ်သူဘယ်လောက်ပူပူ ကိုယ်မပူလောင်တဲ့နည်း၊ မီတောက်ထဲမှာ အေးအောင်နေတဲ့နည်းပါပဲ ။ အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် ________________________ " ဓမ္မမိတ်ဆွေ သူတော်ကောင်း များအားလုံး … မြတ်ဘုရားဂုဏ်တော်များ ပွားများ နိုင်ကြ၍ စိတ်၏ အေးငြိမ်းချမ်းသာခြင်း သန္တိသုခ ကို ရရှိခံစားနိုင်ကြပါစေ " ဓမ္မဒါန မျှဝေပူဇော်ပါသည် ။
via အလင်းရောင် ဓမ္မ https://ift.tt/2tK8Fz4
Newer Post
Older Post
Home