အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, December 24, 2019
စိတ်ဓါတ်ရင့်ကျက်လာဖို့” (၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။ (၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။ (၃) ငါ သေရအုံးမှာ..အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။ (၄) ငါဘာတွေတွေးနေလဲ?ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။ (၅) ငါဘာကိုတန်ဖိုးထားတာလဲ? အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား? တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား? ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ? ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ? ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား? ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။ (ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ) (၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။ သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။ သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။ သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲအရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။ အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်းဘာရှေ့ဆက်လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။ နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။ ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။ တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။ တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ ေ၇းထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။ ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ..။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။ “ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော်အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာစေလိမ့်မယ်နော်။ “ငါ သေရအုံးမှာ.. အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံးသွင်းကြည့်ရင်… စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ..။ဘယ်လိုခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။ “ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ” အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီးသားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေတွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။ အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့် လုပ်ဖို့ရယ်ပါ..။ နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့………… ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ် (ဆရာတော်ဦးဇောတိက)။ ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။ ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုခေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေတယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။ Credit to Ko Nyo Lwin Posted by ဒေါ်စိုး
via အလင်းရောင် ဓမ္မ https://ift.tt/2rnrqHN
Newer Post
Older Post
Home