အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, December 25, 2019
ငွေနဲ့ပေါက်ပေမယ့် ဘာသာမပျောက်သူ ====================== ဗုဒ္ဓဘာသာ မြန်မာတို့အတုယူဖွယ် သာဓကတစ်ခုကား မြတ်စွာဘုရားရှင်လက်ထက်တော်က သုပ္ပဗုဒ္ဓအမည်ရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦးရှိခဲ့ပါသည်။ သုပ္ပဗုဒ္ဓဟာ အတိတ်ကံကြွေးကြောင့် ဒီဘဝမှာ တောင်းရမ်းစားသောက်ပြီး ဝမ်းစာကြောင်းနေရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူ့မှာ နူနာရောဂါကြီးလည်း ရှိနေပါတယ်။ သို့သော် သူဟာ ဘဝကို အားမငယ်ခဲ့ပါ။ မငြီးညူခဲ့ပါ။ စိတ်မညစ်ခဲ့ပါ။ ဝမ်းမနည်းခဲ့ပါ။ မျက်ရည်မကျခဲ့ပါ။ သူ့ဘဝမှာ သာမန်အားဖြင့်ကြည့်ပါက အထီးကျန်သည်ဟု ဆိုသင့်ပေမယ့် သူဟာ အထီးမကျန်ပါ။ ဆွေမရှိ၊ မျိုးမရှိ၊ အပယ်ခံဘဝရောက်နေရပေမယ့် အမျိုးကို ချစ်တဲ့စိတ်၊ ဘာသာ သာသနာကိုလေးစားမြတ်နိုးတဲ့စိတ်က သူ့ရင်မှာ ထာဝရရှင်သန်နိုးကြားတက်ကြွ နေပါတယ်။ သူ့ဘဝမှာ အတိတ်က ဝဋ်ကြွေးကြောင့် နယ်တကာ လှည့်ပြီး ရွာရိုးကိုးပေါက် အရှေ့အနောက် တောင်မြောက် ခြေဦးတည့်ရာသွားလာ၍ အိမ်ပေါက်ဝရောက်တိုင်း “ဦးကြီးတို့ အစ်ကိုကြီးတို့ အဒေါ်တို့ အစ်မတို့ ထမင်းကျန် ဟင်းကျန်လေးများရှိရင် စွန့်ကြဲကြပါ။ သားတို့သမီးတို့ ဦးလေးတို့ စားစရာလေးများရှိပါက ပေးကမ်းကြပါကွယ်” ဟု ဘဝက မလှမပတောင်းရမ်းစားသောက်ရပေမယ့် အမျိုး ဘာသာ သာသနာနှင့် အမျိုးသားရေး လမ်းစဉ် သဘောတရားများကား နေ့စဉ်နှင့်အမျှ သုပ္ပဗုဒ္ဓရင်မှာ ရေလှိုင်းခတ်သလို တဖျတ်ဖျတ်မြည်၍ တလှပ်လှပ် လှုပ်ရှားနေသည်။ တစ်နေ့သော် ဘုရားရှင်သည် ဝေနေယျသတ္တဝါတို့အား တရားဒေသနာဟောကြားတော်မူသောအခါ သုပ္ပဗုဒ္ဓအနာကြီးရောဂါရှိနေ၍ အများသူငှာလို တန်းတူရည်တူ တရားနာပရိတ်သတ်ထဲ မဝင်နိုင်ဘဲ အစွန်အဖျားတစ်နေရာမှ တရားနာယူ၍ သောတာပန်အဖြစ် ရောက်ရှိသွားပါသည်။ ဤအခါမှာ တရားထူးရရှိ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဘုရားရှင်အား လျှောက်ထားရန်သွားသောအခါ လမ်းမှာ သိကြားမင်းနှင့်တွေ့သည်။ သိကြားမင်းက အို (သုပ္ပဗုဒ္ဓ) သင်ဟာ တောင်းရမ်းစားသောက်နေရတယ်။ အနာကြီးရောဂါလည်းရှိနေတယ်။ သင့်ကို ရွှေငွေရတနာတွေ အများကြီးပေးမည်။ နောက်ပြီး သင်၏ အနာကြီးရောဂါကိုလည်း ပျောက်ကင်းအောင် ကုသပေးမည်။ ဒါပေမယ့် တစ်ခုတော့ သင်လုပ်ရမည်။ “ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာမဟုတ်၊ ရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် အကျိုးမရှိဟု ပြောရမည်” ဟု စေခိုင်းလေသည်။ ထိုအခါ သုပ္ပဗုဒ္ဓသည် စက္ကန့်မခြားဘဲ လျှပ်စီးလက်သကဲ့သို့ ချက်ချင်းပင် အို-သိကြားမင်း ငါဟာ ဆင်းရဲသားမဟုတ်၊ အထီးကျန်တစ်ကောင်ကြွတ်မဟုတ်၊ ငါ့မှာ သူတော်ကောင်းတို့ထားရှိတဲ့ ဥစ္စာဖြစ်သော သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပလို့ခေါ်တဲ့ ရတနာ(၇)ပါးရှိတယ်။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးလည်းရှိတယ်။ ဒါတွေဟာ ငါ့ဘဝအတွက် သမုတိသစ္စာအဖော်၊ ငါ့ဘဝသံသရာအတွက် ပရမတ္ထသစ္စာပစ္စည်းဥစ္စာဖြစ်တယ်။ ဒါကြောင့် သင့်ရဲ့ ရေပွက်ပမာ တစ်ခဏတာမျှသော ရွှေငွေကို အလိုမရှိ၊ ရတနာသုံးပါးကို မကဲ့ရဲ့နိုင်” ရဲဝံ့ပြတ်သားစွာ ပြောလိုက်တော့၏။ အားလုံး အတုယူဖွယ် စိတ်ထားပင်ဖြစ်၏။ ဒီသုပ္ပဗုဒ္ဓစကားတွေဟာ ယနေ့မြန်မာတို့ အတုယူဖွယ်ရာပင်ဖြစ်သည်။ မပြောပလောက်သော ငွေကြေးလောက်ဖြင့် ဗုဒ္ဓဘာသာကို သွေဖီသွားခြင်း၊ တစ်သိန်းတန်သော စန္ဒကူးနံ့သာကို ပုံရည်ဟင်းနှင့် လဲလှယ်စားခြင်းလည်းကောင်း၊ အဖိုးအနဂ္ဃထိုက်တန်သော ရွှေခွက်ကို ခွေးသေးဖြင့်ပန်းသကဲ့သို့လည်းကောင်း၊ ဂန္ဓမဏ္ဍာနတောင်ထိပ်မှ မစင်ပုံထဲ ခုန်ချသွားသကဲ့သို့ လည်းကောင်း၊ ဗြဟ္မာ့ပြည်မှ ဝက်စားကျင်း၌ ခုန်ချသွားသကဲ့သို့လည်းကောင်း ဗုဒ္ဓဘာသာအဖြစ်မှ တခြားဘာသာသို့ ကူးပြောင်းသွားပြီးသူ၊ ကူးပြောင်းချင်သူ၊ အထင်ကြီးနေသူများ သတိထားစေချင်လှပါတယ်။ ရခဲလှတဲ့ လူဘဝကို လူဖြစ်ရကျိုးနပ်စေရန် ဗုဒ္ဓဘာသာမှာသာရှိသော ဒါန သီလ ဘာဝနာ ဝိပဿနာ တရားများကို ကျင့်ကြံစေလိုပါတယ်။ ဒီသူတော်ကောင်းတရားများ မရှိတဲ့ ဘာသာတွင် အချိန်ဖြုန်းပြီး လူဖြစ်ရကျိုးမနပ်ဖြစ်မည်စိုးပါ၍ အသိပေးခြင်းမျှသာ ဖြစ်တော့သည်။ စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။ ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) #ဓမ္မနှစ်သက်သူ
via အလင်းရောင် ဓမ္မ https://ift.tt/376k4rn
Newer Post
Older Post
Home