Wednesday, December 25, 2019

ဗုဒ္ဓဝါဒဟာ ဘဝမှန်ကို တည်ဆောက်ရေးပါပဲ။ ••••••••••••••••••••••• ဗုဒ္ဓဝါဒဟာ အကြောင်းအကျိုး တရားက ပေါက်ဖွားလာပါတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒဟာ အခိုင်အမာချမှတ် ပြဋ္ဌာန်းထားတဲ့ တရားသေဝါဒ "Dogma" မဟုတ်ပါဘူး။ လောကရဲ့ သဘာဝ ဥပဒေများကို သိပ္ပံနည်းကျကျ ရှင်းလင်း ပြညွှန် ထားတဲ့ တရား ဖြစ်ပါတယ်။ တရားသေဝါဒဆိုတာ လူအများ သိကြတဲ့ အတိုင်း သက်ဆိုင်ရာက အမှန်တရားကို ကိုယ်စားပြုပြီး တရားသေစနစ်အဖြစ် ချမှတ် ပြဋ္ဌာန်းထားတာပဲ ဖြစ်ပါတယ်။ သဘောကတော့ တစ်ဦးတစ်ယောက်ရဲ့ အယူအဆကို ထုတ်ပြန်ထားတဲ့ ကြေငြာ ချက်ပါပဲ။ ဗုဒ္ဓဝါဒမှာ ဒါမျိုး လုံးဝ မရှိပါဘူး။ အားလုံး လိုက်နာကျင့်သုံးအပ်တဲ့ အမှန်တရားများနဲ့ အခြေခံစည်းမျဉ်း ကျင့်ဝတ်များသာ ရှိပါတယ်။ ဗုဒ္ဓဝါဒက အမှန်တရား၊ စကြာဝဠာနဲ့ဆိုင်တဲ့ ဥပဒေသများ ကြောင်းကျိုး တရားများ ဓမ္မနိယာမကို ထုတ်လှစ်ပြီး… မိမိသည်သာ မိမိ၏ ဘဝအရှင်သခင် ဖြစ်တယ်လို့ ကြေညာခြင်း ပြုပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ မိမိ ဘဝကို မိမိ စိတ်ကူးရှိတဲ့အတိုင်း မိမိကြိုက် နှစ်သက်သလို ပုံလောင်းနိုင်ကြပါတယ်။ ဗုဒ္ဓဝါဒဟာ စိတ်လေ့ကျင့်မှု မရှိလို့ သေရမှာ ကြောက်တယ်ဆိုတဲ့ ကြောက်လန့်မှုကို ဖယ်ရှားပေးပါတယ်။ ဗုဒ္ဓဝါဒဟာ အကောင်းမြင်ဝါဒလည်း မဟုတ် အဆိုးမြင်ဝါဒလည်း မဟုတ်တဲ့ မှန်ကန်တဲ့ ဘဝထူထောင်မှုပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အနောက်နိုင်ငံသား တွေဟာ ဗုဒ္ဓဝါဒကို အဆိုးမြင်ဝါဒလို့ ထင်မှတ်ကြပါတယ်။ အမှန်ကတော့ ဗုဒ္ဓဝါဒဟာ အဆိုးမြင်ဝါဒ မဟုတ်သလို၊ အကောင်းမြင်ဝါဒလည်း မဟုတ်ပါဘူး။ ကမ္ဘာမှာရှိတဲ့ လူတော်တော်များများ အထူးသဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသူများ … ဂရုတစိုက်မရှိဘဲ ပေါ့ပေါ့နေတတ်ကြ သူများဟာ ဘဝကို အကောင်းဘက် ဆွဲယူပြီး ကြည့်တတ်ကြပါတယ်။ သည်လူသားတွေ စိတ်ဓာတ်ကျတဲ့အခါ အကောင်းဘက်ကို ကြည့်ဖို့ပဲ တိုက်တွန်း ဆုံးမကြလေ့ ရှိပါတယ်။ သည်နည်းဟာ ဗုဒ္ဓဘာသာဝင် တစ်ဦးအဖို့ မမှန်ကန်ပါဘူး။ အကောင်းမြင်ဝါဒဟာ ဘဝရဲ့ အခြေအနေတွေကို ပိုပြီးတွက်လေ့ ရှိတဲ့အတွက် အမှန်တရားကို မမြင်စေပါဘူး။ ထို့အတူပဲ အဆိုးမြင်ဝါဒဟာလည်း အရာရာကို လျော့ပြီး တွက်လေ့ ရှိတဲ့အတွက် အမှန်ကို မမြင်စေပြန်ပါဘူး။ ဘဝမှန်ကို မြင်စေတာကတော့ သည်အစွန်းနှစ်ဘက် ကင်းတဲ့ အလယ်လမ်း "မဇ္ဈိမပဋိပဒါ" ပါပဲ။ သည်အစွန်းနှစ်ဖက်အနက် တစ်ဖက်ဖက်ကို လိုက်လို့ကတော့ ဘယ်သူ့ကိုမှ အကျိုးပြုမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အဖို့ကတော့ ဗုဒ္ဓဝါဒဟာ ဘဝမှန်ကို တည်ဆောက်ရေးပါပဲ။ ကမ္ဘာ့ဗုဒ္ဓ သာသနာပြု အရှင်သေဋ္ဌိလ Essential Themes of Buddhist Lectures သစ္စာရှင် ( မြန်မာပြန် ) ဗုဒ္ဓဓမ္မ အဆီအနှစ်များ


via အလင်းရောင် ဓမ္မ https://ift.tt/2PSoCfl