အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, December 24, 2019
★ နာမည်ကြီး ထိုင်းဆရာဝန်ကြီးတစ်ယောက်၊ သူက စာလည်း အရမ်းတော်တယ်။ ကြိုးစားတယ်။ အမေရိကားမှာ စာသွားသင်ပြီးတော့ ဆရာဝန်ဖြစ်အောင်၊ အထူးကုဖြစ်အောင် လုပ်တယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာလည်း ကြိုးစားတယ်။ ဆေးပညာကလည်း တော်တယ်ဆိုတော့ ဆေးရုံကြီးတစ်ရုံရဲ့ ဒါရိုက်တာဖြစ်သွားတယ်။ ပုဂ္ဂလိကဆေးရုံတစ်ရုံရဲ့ ဆေးရုံအုပ်ဖြစ်သွားတယ်။ ★ သူ့မှာ သားလေးတစ်ယောက်တည်းရှိတာ သားလေးအတွက် အချိန်မပေးနိုင်ဘူး။ သူ့မိန်းမ ကလေးရဲ့အမေနဲ့ အပ်ထားခဲ့တယ်။ မိန်းမက "အလုပ်နည်းနည်းလျော့ပါဦး, ရှင့်မှာ စိတ်ဖိစီးမှုတွေ များနေတယ်။ သားလေးနဲ့ နေပေးပါဦး"ပြောရင် " ဒီမှာ သားလေးအတွက် အလုပ်ကြိုးစားနေတာ" လို့ ပြောတယ်။ ★ မနက်အစောကြီး ကလေးအိပ်ရာကနေ မနိုးခင် အလုပ်သွားတယ်။ ကလေး အိပ်ယာဝင်ပြီးတဲ့ အချိန်မှ အိမ်ပြန်ရောက်တယ်။ တစ်ဦးတည်းသော သားနဲ့ ရင်းရင်းနှီးနှီးနေခွင့်မရဘူး။ ကလေးက ဒီလိုပုံစံမျိုးနဲ့ အသက် ၁၈နှစ် ရောက်လာတယ်။ ဒီသားလေးက လိမ်မာတယ်။ အမေက ဆုံးမတာ လိမ်မာတယ်။ ★ တစ်နေ့ကျတော့ သားလေးက Charity - လူမှုရေးလုပ်ငန်းအတွက် လမ်းသွားလျှောက်မယ်၊ တောင်သွားတက်မယ် ဆိုတော့ ဘယ်အထိသွားမလဲဆိုတော့ အာဖရိကက အရမ်းမြင့်တဲ့ ဗစ်တိုးရီးယားတောင်ကို သွားတက်တယ်။ ဗစ်တိုးရီးယာလားမသိဘူး။ တောင်တစ်တောင်ကို သွားတက်တယ်။ ★ တောင်တက်တော့ သူ့မှာ သူ့ရဲ့ နှလုံးမှာ အပေါက်လေးရှိနေတယ်ဆိုတာ သူလည်းမသိဘူး။ တကယ့်ဆရာဝန်ကြီးဖြစ်တဲ့ သူ့အဖေလည်း မသိဘူး။ အဲ့ဒါနဲ့ အပေါ်ရောက်တဲ့အခါ အမောဆို့ပြီး သေသွားတယ်။ သူ့သားလေးရဲ့ အလောင်းကောင်ကို အမေရိကကနေ အာဖရိကအထိသွားယူတယ်။ ★ မွေးတာက ထိုင်းမှာ၊ အာရှမှာ ။ ကြီးတာက အမေရိကမှာ။ အလောင်းကောင်သယ်လာတာက အာဖရိကမှာ။ တိုက် သုံးတိုက်။ ★ သူ့ရဲ့သား အသက်ရှင်နေစဉ်က သူ အချိန်မပေးနိုင်ဘူး။ နီးနီးကပ်ကပ်မနေခဲ့ရဘူး။ အခု သူ့သား စကားမပြောနိုင်တဲ့အချိန်၊ လူသေကောင်ဖြစ်နေတဲ့အချိန်မှာ လေယာဉ်ပျံငှားပြီး သွားခေါ်လာတယ်။ ★ အဲ့ဒီဆရာဝန်က စာရေးပြီးတော့ သူ့လို အချိန်မဖြုန်းဖို့၊ သူ့သားရဲ့ အသက် ၁၈ နှစ်၊ သူ့သား ဘယ်လို ကြီးထွားလာလဲဆိုတာ သူမသိခဲ့တာ။ သူ့သား ဘာကြိုက်လဲဆိုတာ သူမသိဘူး။ သူ့သားက သူများအပေါ်မှာ အရမ်းစာနာတတ်တယ်ဆိုတာလည်း သူ မသိလိုက်ရဘူး။ အရမ်း လိမ်မာတဲ့သားအတွက် အချိန်မပေးနိုင်ဘူး။ သူနောင်တတွေရတယ်။ ★ work and life balance အလုပ်နဲ့ ဘဝနဲ့ မျှတအောင် မနေတတ်ဘူး။ အဲ့ဒီလို မနေတတ်တဲ့အတွက်ကြောင့် သူ့သားရဲ့ ဘဝကလည်း မပြည့်စုံခဲ့ဘူး။ သူ့ဘဝကလည်း မပြည့်စုံခဲ့ဘူး။ ★ ဘယ်နောက်ကို လိုက်နေတုန်းဆိုတော့ ပိုက်ဆံနောက်ကို လိုက်နေတယ်။ နာမည်ကြီးမှုနောက်ကို လိုက်နေတယ်။ အောင်မြင်မှုနောက်ကို လိုက်နေတယ်။ ★ မလိုက်ရဘူးလားဆိုတော့ လိုက်ရတာပေါ့။ ဒါပေမဲ့ တစ်ဖက်စောင်းနင်းဖြစ်အောင် အစွန်းရောက်အောင် မလိုက်ရဘူးလို့ ဒီလို ပြောတာ။ ★ ဘာဖြစ်လို့မလိုက်ရတာလဲဆိုတော့ ဘဝက အကန့်အသတ်ရှိလို့။ Our Time is limited ★ အဲ့ဒါကြောင့် ဘုန်းဘုန်းတို့ နိုင်ငံခြားထွက်တဲ့အချိန် လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က မြန်မာပြည်မှာ တရားပွဲတွေ ဒီလောက်သိပ်မများဘူး။ အခု တရားပွဲတွေ များတယ်။ ★ အဲ့ဒါကို ကြည့်ပြီးတော့လေ လူတွေ အလုပ်တွေလည်းကြိုးစားတယ်။ အိမ်ကောင်းကောင်းတွေလည်း အများကြီးပေါ်လာတယ်။ လမ်းတွေလည်း ပိုပြီးတော့ ကောင်းလာတယ်။ ★ ဘုန်းဘုန်းက 1987 ခုနှစ်ကတည်းက ထွက်သွားတာ။ အခု လမ်းတွေလည်း ပိုကောင်းလာတယ်။ အိမ်တွေလည်း ပိုကောင်းလာတယ်။ လူတွေ အဝတ်အစားဝတ်တာလည်း ပိုပြီးတော့ စျေးကြီးတာတွေ ဝတ်နိုင်တယ်။ ကားကောင်းတွေ၊ လေယာဉ်ပျံကွင်းတွေလည်း ပိုကောင်းတယ်။ ဒီကြားထဲမှာ အချိန်ယူပြီးတော့ တရားနာကြတယ်။ အဲ့ဒါတွေ တွေးပြီးတော့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာတွေကို ဂုဏ်ယူတယ်။ လူငယ်အသင်းတွေရော၊ တခြားအသင်းတွေရော၊ တရားပွဲ စီစဉ်တဲ့အသင်းတွေကို ဂုဏ်ယူတယ်။ တချို့က စိတ်ညစ်ညစ်နဲ့ မကောင်းဘက်တွေးတယ်။ 🍀 "ကြည့်စမ်းပါဦး ကိုယ်တော်လေးတွေကလည်း အားတိုင်း တရားဟောဖို့ပဲ ကြိုးစားနေတာပဲ။ တယ်လီဗေးရှင်းတွေထဲမှာ ပါဖို့ပဲ ကြိုးစားနေတာပဲ။ ပလ္လင်ပေါ်ရောက်ဖို့့ပဲ ကြိုစားနေတာပဲ။ တခြားအလုပ်တွေ မလုပ်ဘူး" အဲ့လိုတွေ ပြောတယ်။ 🍀 တရားတစ်ပုဒ်ဟောရတာ အရမ်းခက်တယ်။ ဘုန်းဘုန်း ကိုရင်ဘဝနဲ့ ဓမ္မာစရိယအောင်တယ်။ သုံးဝါရတဲ့အချိန် ဘန်ကောက်မှာ ဒကာတစ်ယောက်ကပင့်လို့ ကံတရားအကြောင်း ဟောတာ ဘယ်လိုစလို့ ဘယ်လို အဆုံးသတ်ရမလဲ မသိဘူး။ ပလ္လင်ပေါ်တက်ရပြီဆိုရင် ကြောက်နေတာ။ 🍀 အဲ့ဒီတော့ တရားဟောဖို့အတွက် စာကြိုးစားပြီးတော့ ကြည့်တယ်။ ကြိုးစားပြီးတော့ တရားထိုင်တယ်။ တရားတွေးတယ်။ အဲ့ဒီလို လုပ်တယ်ဆိုရင် သာသနာကြီးပွားရေးတစ်ခုပဲ။ အကောင်းမြင်ရတယ်။ ဟောရင်းပြောရင်းနဲ့ အမှားတွေ ပါသွားရင်လည်း နားလည်ပေးရမယ်။ ဘုန်းဘုန်းဆိုလိုချင်တာက "အကောင်းမြင်တတ်ဖို့"။ 🍀 ဒီအကောင်းမြင်ဝါဒ ခိုင်မြဲအောင်ဆိုရင် "တို့ဘဝ၊ ရရှိထားတဲ့ဘဝက ထာဝရ မဟုတ်ဘူး။ အကန့်အသတ်ရှိတယ်" လို့ နှလုံးသွင်းရမယ်။ 🍀 ညအိပ်ယာဝင်ပြီးတော့ မနက်ကျတော့ အသက်မရှိတာတွေလည်း ရှိတယ်။ မနက်အိပ်ယာထပြီးတော့ အိပ်ယာမဝင်ခင်မှာ အသက်ပျောက်တဲ့သူတွေလည်း ရှိတယ်။ ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမီ ဒါမျိုးဖြစ်နိုင်တယ်။ ★ ဒါလေးကို သိတဲ့အခါကျတော့ ကိုယ့်လက်ထဲမှာ ရှိတဲ့ပစ္စည်းက ထိလွယ်၊ ရှလွယ် တန်ဖိုးအရမ်းရှိတယ်ဆိုရင် ဒီပစ္စည်းကို ဂရုစိုက်ပြီးအသုံးပြုသလို "ဘဝကို ဂရုစိုက်ပြီး အသုံးပြုတယ်"။ ဘာမှ မဟုတ်တာလေးနဲ့ အချိန်ကုန်မခံပါနဲ့။ ############################# 💢အောက်စဖိုဒ့်ဆရာတော်💢 🌟ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ🌟 Cr#Tzwin အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2MqH0tv
Newer Post
Older Post
Home