Thursday, December 26, 2019

ဗာရာဏသီပြည်ကြီးရဲ့ နန်းတော်မှာ ဘုရင်ကြီးကပင့်လို့ ပစ္စေကဗုဒ္ဓ ၅ ပါး ရောက်လာတယ်။ ဘုရင်ကြီးက ဆွမ်း ခဲဘွယ် ချိုချဉ်ရသာတွေ ဆက်ကပ်လို့ ဒါနကောင်းမှုတွေ ပြုပြီး ပစ္စေကဗုဒ္ဓ ၅ ပါးအနီး ထိုင်ပြီး တရား နာနေတယ်။ တရားနာနေတဲ့ အချိန်မှာ သူတို့အကြောင်းကို ဘုရင်ကြီးက သိချင်တယ်။ သိချင်လို့ မေးတယ်။ ပထမပစ္စေကဗုဒ္ဓ ပစ္စေကဗုဒ္ဓ ၅ ပါးမှာ အကြီးဆုံးကို စပြီးမေးတယ်။ “အရှင်ဘုရားက လူ့ဘ၀ကို ရှောင်ပြီး အခုလို သူတော်စင်ဘ၀ကို ဘာကြောင့် ရောက်လာတာလဲ” လို့ မေးကြည့်တယ်။ ခုခေတ်လည်း ဘုန်းကြီး၀တ်တဲ့ ပုဂ္ဂိုလ်တွေ အမေက ၀တ်ခိုင်းလို့ ၀တ်တာလည်း ရှိတာပဲ၊ ကိုယ့်ဟာကိုယ် အိမ်က ထွက်ပြေးပြီး ၀တ်တာလည်း ရှိတယ် - အမျိုးစုံပေါ့။ ဘုန်းကြီးတို့တော့ အမေက ၀တ်ခိုင်းလို့ ၀တ်တာ၊ နောက် ကိုယ့်ဟာကိုယ် စိတ်ပါလာတာ၊ ဘ၀မှာ အကြောင်းဆိုတာ ရှိတတ်တယ်။ ကောင်းပြီ - ပစ္စေကဗုဒ္ဓကို “အရှင်ဘုရား အခုလို သူတော်စင်ဘ၀ ဘယ်လိုနည်းနဲ့ ရောက်လာတာလဲ” လို့ မေးတော့ ပစ္စေကဗုဒ္ဓက သူ့အကြောင်းကို ရှင်းပြတယ်။ သူက ကာသိတိုင်းက ရွာကလေးတစ်ရွာမှာ သာမန်လယ်သမားတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်နှင့် လယ်ထဲမှာ လယ်ထွန်နေကြတယ်၊ အိန္ဒိယမှာ ပူပြင်းတဲ့ အချိန်ဆို အလွန်ပူတယ်။ ရေဘူးလေးတွေ ကိုယ်စီယူသွားပြီး လယ်လုပ်ငန်းကို လုပ်ကြတယ်။ ချွေးက ပြိုက်ပြိုက်ကျ၊ ရာသီဥတုကလည်း ပူနဲ့ ပင်ပင်ပန်းပန်း လုပ်ကြတဲ့အခါ ရေငတ်လာကြတော့ ကိုယ့်ရေဘူး ကိုယ်ဖွင့်ပြီး သောက်ကြတယ်။ အခုခေတ်ဆိုရင် ရေသန့်ဘူးလေးတွေပေါ့၊ အဲဒီလို အလုပ်ပင်ပန်းလို့ ရေငတ်တဲ့အခါ သူ့သူငယ်ချင်း တစ်ယောက်က ရေဘူးဖွင့်ပြီး ရေသောက်တယ်။ သူလည်း ရေသောက်မလို့ ကြည့်တော့ သူ့ရေဘူးက ရေနည်းနေတယ်။ “ငါ့ရေဘူးက ရေကုန်လိမ့်မယ်၊ ဟိုကောင့်ရေဘူးထဲက ရေခိုးမှပဲ” ဆိုပြီးတော့ သူများ ရေဘူးထဲကရေကို မပြောမဆိုဘဲနဲ့ တိတ်တိတ်ကလေး ခိုးသောက်တယ်။ ကိုယ့်ဟာ မဟုတ်ဘဲ သူများရေကို ခိုးသောက်တာ၊ ပြီးတော အလုပ်ဆက်လုပ်ကြတယ်။ ညနေလုပ်ငန်းသိမ်းတဲ့ အချိန်ကျတော့ ညောင်းလို့ ရေသွားချိုးကြတယ်။ ပြီးတော့ အိမ်ပြန်ကြမယ်ပေါ့။ ရေချိုး အ၀တ်အစား လဲပြီးတော့ အေးသွားတယ်။ အေးသွားပြီး အမောပန်းပြေတဲ့အခါ “ငါ ဒီနေ့ ဘာမဟုတ်တာ လုပ်မိသလဲ” လို့ တွေးတော့ ရေခိုးသောက်မိတာ သတိရမိတယ်၊ “သြော်… ငါ အတော်ဆိုးတဲ့ အကောင်ပဲ၊ သူများရေကို ခိုးသောက်ရအောင် ငါ့မှာ လောဘတွေ ဖြစ်နေပါလား၊ ဟောဒီ လောဘကို မနှိပ်ကွပ်ရင် အပါယ်ငရဲ ကျတော့မှာပဲ ငါ အတော်ဆိုးတဲ့အကောင်ပဲ” လို့၊ တချို့ဆို အဲဒီလို တွေးမှာ မဟုတ်ဘူးနော်၊ ဒီရေလေးက ဘယ်လောက် တန်ဖိုးရှိလို့တုန်းလို့ပဲ တွေးမှာ။ သူကတော့ အဲဒီလို မတွေးဘူး၊ သူများရဲ့ရေကို ငါ မပြောဘဲနဲ့ ခိုးသောက်မိတယ်။ တကယ်တော့ အဲဒီရေခိုးသောက်တာဟာ သာမန်အပြစ်ကလေးလို့ ပြောရမယ်၊ “မင်းရေ ငါသောက်မိတယ်” လို့ ပြောရင် ပြီးသွားမှာပဲ၊ သူက အဲဒါနဲ့ကို မကျေနပ်ဘူး၊ ယူကြုံးမရ ဖြစ်နေတာ - “သြော် - ငါ မဟုတ်တာ လုပ်မိပြီ၊ ဒီလိုလုပ်တာဟာ သံသရာမှာ ဆင်းရဲဒုက္ခ ရောက်နိုင်တယ်၊ ဒီအကုသိုလ်ဟာ တယ်ဆိုးပါလား” လို့ လောဘရဲ့အပြစ်ကို တွေးလိုက်တာ - မတ်တပ်ရပ်ပြီး တွေးနေတာ၊ တွေးရင်းကနေ ဘယ်ထိအောင် ရောက်သွားသလဲဆိုရင် လောဘရဲ့ သဘာဝတွေ ဆိုးဝါးမှုတွေကို သိပြီး မမြဲတဲ့ သင်္ခါရသဘောတွေကို ဆင်ခြင်မိသွားတဲ့အခါမှာ တစ်ထိုင်တည်းနဲ့ ပစ္စေကဗုဒ္ဓ ဖြစ်သွားတယ်။ ဘာလို့ ဖြစ်သွားလဲ - မြန်လှချည်လားလို့ မအောက်မေ့နဲ့၊ လေ့ကျင့်ထားခဲ့တဲ့ အရှိန်အဝါတွေကြောင့်မို့ ဖြစ်သွားတာ။ ကြားဖူးကြတယ် မဟုတ်လား၊ ရှင်စူဠပန်ဟာ ပဝါဖြူလေးနဲ့ တရားထူးရသွားတာ၊ မြတ်စွာဘုရားက ပဝါပိုင်းလေး ပေးထားတယ်၊ အဲဒီပဝါပိုင်းလေးနဲ့ပဲ တရားရှုတယ်၊ ပဝါလေးနွမ်းလာတာ မြင်တဲ့အခါ ခန္ဓာကိုယ်ကြောင့် နွမ်းရတယ်လို့ သံဝေဂစိတ်ဖြစ်တယ်၊ အတိတ်ဘ၀နဲ့ ဘုရားက ဆက်ပေးလိုက်တာ။ ဒီစိတ်မျိုးက အရင်ကလည်း ပေါ်ခဲ့ဖူးတယ်။ ပဝါလေး နွမ်းသွားတာကို ကြည့်ပြီး ပေါ်ခဲ့ဖူးတယ်။ အဲဒီစိတ်ကလေးနဲ့ ဆက်ပေးလိုက်တာ။ ယခင်စိတ်နဲ့ ယခုစိတ် ပေါင်းလိုက်တဲ့အခါ စွမ်းအင်တွေ တက်သွားတယ်။ ပြန်အောက်မေ့သွား တယ်။ တစ်ခုသော ဘ၀မှာ ဘုရင်ဖြစ်စဉ်က မိမိမှာပါတဲ့ လက်ကိုင်ပဝါလေးနဲ့ နဖူးကို သုတ်ပြီး ပြန်ကြည့်လိုက်တဲ့အခါ မည်းညစ်သွားတာ တွေ့တော့ ဒီခန္ဓာကိုယ်ကြီးနဲ့ ထိစပ်လို့ ဖြူစင်ရာကနေ မည်းသွားပါလား၊ ခန္ဓာကိုယ်ကြီးက မတင့်တယ်ပါလား ဆိုတဲ့အတွေးလေး ၀င်ခဲ့တယ်။ ဒီအတွေးလေးက ဓမ္မအတွေးလေးပဲ၊ အဲဒီဓမ္မအတွေးနဲ့ နောက်ဆုံးဘ၀မှာ မြတ်စွာဘုရားက ဆက်ပေးလိုက်တာ၊ energy အရှိန်အဝါတွေ ဖြစ်သွားပြီးတော့ ရဟန္တာအဆင့် ရောက်သွားတာ။ ပစ္စေကဗုဒ္ဓအလောင်းက ဒီအသိဉာဏ်နဲ့ပဲ ရေကလေးတစ်ခွက် ခိုးသောက်မိတာနဲ့ သူ့ကိုယ်သူ စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကို နှိပ်ကွပ်ပြီး “တယ်ဆိုးတာပဲ။ ငါ မဟုတ်တဲ့အလုပ်တွေ လုပ်ထားတယ်၊ လောဘဆိုတဲ့တရားက အလွန်ဆိုးပါလား” ဆိုတဲ့ လောဘရဲ့ သဘောကို ဆင်ခြင်လိုက်တာ - မကောင်းတဲ့တရားတွေကို တစ်ခုပြီးတစ်ခု ဆင်ခြင်လိုက်တာ, သင်္ခါရတရားတွေရဲ့ မမြဲတဲ့ သဘောတွေ ဒုက္ခပေးနေတဲ့သဘောတွေ ဒါတွေကို ဆင်ခြင်ရင်း ဝိပဿနာဉာဏ် အဆင့်ဆင့်တက်လို့ ပစ္စေကဗုဒ္ဓ အဆင့်ထိ ရောက်သွားတယ်။ သူ့သူငယ်ချင်းက ရေမိုးချိုးပြီး တက်လာတဲ့အခါ “သူငယ်ချင်း - တို့ပြန်ကြစို့လေ မိုးချုပ်ပြီ” လို့ ပြောတော့ သူက ဘာပြောလဲဆိုတော့ “ငါ အိမ်မပြန်တော့ဘူး၊ ငါ ပစ္စေကဗုဒ္ဓ ဖြစ်နေပြီ” ၊ ပစ္စေကဗုဒ္ဓ ဖြစ်ပေမယ့်လို့ သူ့ပုံပန်းသဏ္ဌာန်က လယ်သမားပဲ ရှိသေးတာ၊ အဲဒါနဲ့ သူ့သူငယ်ချင်းက ပြောတယ် - “မင်း မဟုတ်သေးပါဘူး၊ ဘာတွေ လျှောက်ပြောနေတာလဲ၊ မင်း ပေါက်သွားပြီ ထင်တယ်၊ ပစ္စေကဗုဒ္ဓဆိုတာ မင်းလိုမှ မဟုတ်တာ၊ ခေါင်းကလည်း ကတုံး၊ အ၀တ်ကလည်း ဆေးဆိုးရောင်နဲ့၊ ပစ္စေကဗုဒ္ဓဆိုတာ အဲဒီလိုနေရမှာ” ၊ အဲဒီမှာ သူသတိရပြီး သူ့ခေါင်းလေးကို လက်နဲ့ သပ်လိုက်တဲ့အခါ ခေါင်းလည်း ရိတ်ပြီးသား ဖြစ်သွားတယ်၊ ပရိက္ခရာ ရှစ်ပါးလွယ်လျက် ကောင်းကင်ပျံတက်ပြီး ပစ္စေကဗုဒ္ဓတွေ သီတင်းသုံးရာ ဂန္ဓမာဒနတောင်က နန္ဒမူလိုဏ်ဂူရှိရာ အရပ်ကို ကြွသွားတယ်။ သူငယ်ချင်းက အဲဒီမှာတင် ငေးကျန်ရစ်တယ်။ သူငယ်ချင်းနှစ်ယောက်နော် - သူလည်း လူပဲ၊ သူက အသိဉာဏ်ထူးရပြီး ကျန်သူငယ်ချင်းက ဘာလို့ မရတာလဲ၊ သူက မလုပ်ခဲ့ဖူးဘူးလေ။ မလုပ်ခဲ့ဖူးတဲ့အတွက်ကြောင့် ဒီအသိဉာဏ်မျိုး သူ မပေါက်ရောက်နိုင်ဘူး - ဟုတ်လား၊ သူကတော့ ကိုယ့်ကိုယ်ကို နှိပ်ကွပ်ဆုံးမလိုက်တာ၊ ကိုယ့်သန္တာန်မှာ တကယ့်အားကိုးရာအစစ် တွေ့သွားတယ်။ အားကိုးရာအစစ်ဆိုတာ တခြားမဟုတ်ဘူး။ “အရဟတ္တမဂ်” ဆိုတဲ့ ကုသိုလ်ထူးပဲ၊ အဲဒီ ကုသိုလ်ထူးကို ရပြီးတဲ့နောက်မှာ ဆိုရင် သံသရာဆိုတာ မရှိတော့ဘူး။ ဘ၀အဆုံးသတ်သွားတယ်။ အဲဒါမှ တကယ့်အားကိုးရာအစစ် ဖြစ်သွားတယ်။ အဲဒီနည်းနှင့် သူပစ္စေက ဗုဒ္ဓ ဖြစ်လာပါတယ်လို့ ပြောကြားသွားတယ်။ ဒုတိယပစ္စေကဗုဒ္ဓ ဒုတိယတစ်ပါးကို မေးပြန်တယ် - “အရှင်ဘုရားကရော ဘယ်လို ရဟန်းဘ၀ ရောက်လာတာလဲ” လို့၊ သူလည်း ကာသိတိုင်းက ရွာတစ်ရွာက ဆိုင်ရှင်တစ်ယောက်တဲ့၊ ဆိုင်မှာထိုင်ပြီး စျေးရောင်းနေတာ၊ ဆိုင်ရှေ့ကနေပြီး အမျိုးသားနှင့် အမျိုးသမီး စုံတွဲ လျှောက်သွားတယ်။ အမျိုးသမီးက ရုပ်ချောတယ်၊ အဲဒီ ချောမောတဲ့ အမျိုးသမီးကို စိတ်ထဲက ပြစ်မှားမိတယ်၊ ပြစ်မှားမိတဲ့အခါ “ဒီကနေ့ငါ ဘာများ မဟုတ်တာ လုပ်မိသလဲ” လို့ ဆင်ခြင်တဲ့အခါ “သူများသားမယားကို ငါ စိတ်နဲ့ ပြစ်မှားမိပြီ၊ ဒီစိတ်မျိုးတွေ လက်ခံမိရင် ငါ့ထက်ဆိုးတဲ့သူ ရှိမှာ မဟုတ်ဘူး၊ ငါ လက်ခံလို့တော့ မဖြစ်ဘူး” လို့ တွေးမိပြီး အဲဒီလို မကောင်းတဲ့ စိတ်တွေကို အကြောင်းပြုပြီး အဆိုးတရားတွေကို ဆင်ခြင်သုံးသပ်လိုက်တဲ့အခါ အဆိုးတရားတွေက သင်္ခါရတရားတွေ ဖြစ်သည့်အတွက်ကြောင့် ပထမပစ္စေကဗုဒ္ဓလိုပဲ သူလည်း ပစ္စေကဗုဒ္ဓ ဖြစ်သွားတယ်၊ သာမန်လူဆိုရင် “စိတ်ထဲက ပြစ်မှားမိတာလေးနဲ့ ဘာမှ မဖြစ်ပါဘူး” လို့ ထင်ကြမှာပေါ့၊ သူကတော့ မဟုတ်ဘူး၊ “ငါ မဟုတ်တာ လုပ်တာ အပါယ်ငရဲ ရောက်နိုင်တယ်” ဆိုပြီး ကိုယ့်ကိုယ်ကို ကြောက်လန့်ပြီး နှိပ်ကွပ်လိုက်တာ ပစ္စေကဗုဒ္ဓ အဆင့်ထိ ရောက်သွားတယ်။ တတိယပစ္စေကဗုဒ္ဓ ကဲ တတိယပစ္စေကဗုဒ္ဓက ဘယ်လိုပြောလဲ၊ သူဟာ ကာသိတိုင်းက ဖြစ်တယ်၊ သားအဖ နှစ်ယောက် ခရီးသွားကြတယ်။ ခရီးသွားတဲ့အခါ တစ်ရွာနှင့် တစ်ရွာအကြား တောစခန်းတွေ ဖြတ်သွားရတယ်။ တောစခန်းတစ်ခု ရောက်တဲ့အခါ ဓားပြတွေက ပြန်ပေးဆွဲတာတွေ ရှိတယ်၊ သူတို့မှာ စနစ်တစ်ခု ရှိတယ်။ သားနဲ့အဖဆိုရင် သားကို ဖမ်းထားပြီး အဖေကို ပိုက်ဆံရှာခိုင်းတယ်၊ ဆရာနဲ့တပည့် ဆိုရင် ဆရာကို ဖမ်းထားပြီး တပည့်ကို ပိုက်ဆံရှာခိုင်းတယ်။ သူတို့လုပ်ပုံ လုပ်နည်းက အဲဒီလိုလုပ်လေ့ ရှိတယ်။ ဒီတော့ “အေး - ဓားပြတွေ ဟောဒီတောထဲမှာ ရှိတယ်။ ဒို့ အဖမ်းခံရလို့ရှိရင် မင်းကလည်း ငါ့သားလို့ မပြောနဲ့၊ ငါကလည်း မင်းအဖေလို့ မပြောဘူး” လို့ တိုင်ပင်ပြီးတော့ သားအဖ နှစ်ယောက် တောထဲကို သွားတယ်။ ဓားပြတွေနဲ့ တွေ့တော့ “မင်းတို့ နှစ်ယောက် ဘာတော်လဲ” လို့ မေးတယ်။ “ဘာမှမတော်ပါဘူး” လို့ ပြောတယ်။ လိမ်ကြတာပေါ့။ အဖေကလည်း လိမ်တာပဲ၊ သားကလည်း လိမ်တာပဲ။ အဲဒီတော့ လွတ်လာကြတယ်။ လွတ်လာတော့ အဖေကတော့ ဘာမှ မစဉ်းစားဘူး၊ သူလိမ်တာ ဟန်ကျတယ်၊ လိမ်လို့ လွတ်လာတယ်ပေါ့။ သားလုပ်သူကတော့ အဲဒီလို မဟုတ်ဘူး၊ “ဟာ ငါ့အဖေကို အဖေမဟုတ်ဘူးလို့ ပြောမိတယ်၊ ငါ လိမ်မိတယ်၊ ဒီလိုမျိုး လိမ်မိတာ မကောင်းတဲ့ အကုသိုလ်တစ်ခုပဲ၊ ငါ အပါယ်ငရဲ ကျတော့မယ်” ဆိုပြီး ကြောက်လန့်တကြားနဲ့ သူ့ကိုယ်သူ နှိပ်ကွပ်လိုက်တာ - မုသာဝါဒရဲ့ အပြစ်နဲ့ တရားဓမ္မတွေကို ရှုလို့ ခုန ပစ္စေကဗုဒ္ဓတွေလိုပဲ ဆင်ခြင်သုံးသပ်လိုက်တာ လိမ်မိတာကို အကြောင်းပြုတဲ့ သံဝေဂအခြေခံနဲ့ ပစ္စေကဗုဒ္ဓ ဖြစ်သွားတယ်။ အဖေလုပ်တဲ့သူက ဘာမှ မဖြစ်ဘူး၊ သားလုပ်တဲ့သူက ပစ္စေကဗုဒ္ဓ ဖြစ်တယ်၊ ဘာပြုလို့လဲဆိုတော့ အတိတ်ဘ၀က ကုသိုလ်ကံတွေ ရှိနေခဲ့လို့။ ဒါ သာမန် အကုသိုလ်လေးတွေကိုပဲ ကိုယ့်ကိုယ်ကို မညှာမတာ ဝေဖန်ပြီးတော့ ကိုယ့်ရဲ့ အားကိုးရာအစစ်ကို ရှာသွားကြတဲ့ သူတော်ကောင်းကြီးတွေပဲ။ စတုတ်ထပစ်စကေဗုဒ်ဓ နောက် စတုတ္ထမြောက် ပစ္စေကဗုဒ္ဓက ဘယ်လိုပြောသလဲ၊ သူကလည်း ကာသိတိုင်းက သူကြီးတစ်ဦးပေါ့။ ရွာသူကြီးက သူ့ရွာက လူတွေကို ကျွဲနွားတွေကို မသတ်ရဘူး၊ ကျွဲနွားအသား မပေါ်ရဘူးလို့ အမိန့်ထုတ်ထားတယ်။ အဲဒီလို အမိန့်ထုတ်ထားတာဟာ တိရစ္ဆာန်တွေကို သနားလို့ အမိန့်ထုတ်ထားတာ၊ သို့သော် ရွာသူရွာသားတွေက စုသွားပြီးတော့ “ကျုပ်တို့ ထုံးစံအတိုင်း ဆိတ်တွေ နွားတွေ သတ်ပြီး ယဇ်ပူဇော်ရမယ် ထုံးစံဖျက်လို့ မရဘူး၊ သူကြီး မပိတ်ပင်ပါနဲ့”၊ “ဒါဖြင့် မင်းတို့ထုံးစံရှိတာ လုပ်ချင် လုပ်ကြပေါ့” လို့၊ အဲဒီလို အခွင့်ပေးလိုက်တဲ့အခါ သတ်ကြတယ်၊ အခုခေတ်လည်း ရှိတယ်မို့လား… အသားငါးတွေ ပေါ်ကြတဲ့အခါကျတော့ သူကြီးက ခွင့်ပြုလို့ ဖြစ်သွားတယ်။ သူကြီးက စိတ်မကောင်းဖြစ်သွားတယ်။ “ငါ အခွင့်ပေးလိုက်လို့ ဒီအကောင်တွေ သေကြတာပဲ၊ ဒီအကုသိုလ်တွေက ငါ့ဆီလည်း ရောက်မှာပဲ” လို့ ကြောက်သွားတယ်၊ အကုသိုလ်ရဲ့ အပြစ်ကို ဆင်ခြင်၊ ကုသိုလ်တွေရဲ့ အကျိုးကို ဆင်ခြင်ပြီးတော့ သူကလည်း အတိတ်ဘ၀က တရားလမ်းကြောင်းကို လျှောက်ခဲ့ဖူးသည့် ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် သင်္ခါရတရားတွေကို မြင်ပြီး နောက်ဆုံးတော့ ပစ္စေကဗုဒ္ဓဘ၀ ရောက်သွားတယ်။ သူကလည်း ဒီလိုပစ္စေကဗုဒ္ဓ ဖြစ်သွားတယ်။ ပဉ္စမပစ္စေကဗုဒ္ဓ ပဉ္စမမြောက်ကတော့ ဘုရင်ကြီးက မေးလျှောက်တဲ့အခါ သူက ကာသိရွာက ရွာသူကြီးတစ်ယောက်ပဲ၊ သူ့ရွာမှာ အရက်သေစာ မသောက်စားရလို့ အမိန့်ထုတ်ထားတယ်။ အဲဒီလို အမိန့်ထုတ်ထားတော့ အရက်သေစာ သောက်စားဖို့နဲ့ ကြုံတော့ ရွာသူရွာသားတွေက သွားပြီး ပြောကြတာပေါ့။ “သူကြီး - ကျုပ်တို့ အစဉ်အလာအရ အရက်ပွဲတော် ဘီယာပွဲတော် ကျင်းပရတယ်၊ အစဉ်အလာကို ဖျက်လို့ မဖြစ်ဘူး” ဆိုတော့ သူက “လုပ်ကြပေါ့” လို့ ခွင့်ပေးလိုက်တယ်။ အဲဒီလို ခွင့်ပေးလိုက်တဲ့အခါ အရက်သေစာတွေ သောက်စားပြီး ရမ်းကြတာပေါ့။ သွေးထွက်သံယိုဖြစ်ပြီး ရပ်ကွက်ရုံးကို ရောက်ကြတယ်။ အဲဒီတော့ သူကြီးက စိတ်မကောင်း ဖြစ်တယ်၊ “ဒီကောင်တွေ ရူးကြ ရိုက်ကြနဲ့ ပေါက်ပြဲကုန်တာပေါ့၊ ခုပြဿနာဖြစ်ကြပြီ၊ ဒီပြစ်မှုတွေက ငါနဲ့ပတ်သက်နေတယ်” ဆိုပြီး စိတ်မကောင်း ဖြစ်တယ်၊ သာမန် ပုဂ္ဂိုလ်ဆို စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူး၊ ထူးခြားတဲ့ အသိဉာဏ်ရှိတဲ့ သူကျတော့ စိတ်မကောင်း ဖြစ်မှာပေါ့၊ အပြစ်ကြီးတစ်ခုကို စိတ်ထဲမှာ ထင်လာတယ်။ ဒါ့ကြောင့်မို့ “အကုသိုလ်တရားတွေရဲ့ အပြစ်ဟာ အလွန်ကြီးမားပါလား၊ ငါလည်းပဲ ဒီအကုသိုလ် တရားတွေနဲ့ ဆက်ပြီးနေမယ်ဆိုရင် ငရဲရောက်တော့မှာပဲ” ဆိုပြီး အကုသိုလ် တရားတွေရဲ့ အပြစ်ကို ဆင်ခြင်ရင်း အဆင့်ဆင့် သင်္ခါရတရားတွေရဲ့ ဖြစ်ပျက်မှုတွေ ဆင်းရဲမှုတွေ ကိုယ်ရဲ့အလိုဆန္ဒအတိုင်း မဖြစ်ဘူးဆိုတဲ့ သဘောတွေကို ဆင်ခြင်ရင်း နောက်ဆုံး သူလည်း ပစ္စေကဗုဒ္ဓ ဖြစ်သွားတယ်။ အားလုံးပေါင်း ပစ္စေကဗုဓ္ဓ ၅ ဆူ ဖြစ်တယ်၊ သို့သော် တူညီတာက ဘာလဲဆိုတော့ ကိုယ့်ကိုယ်ကို နှိပ်ကွပ်တာပဲ၊ ကိုယ့်ကိုယ်ကို နှိပ်ကွပ်ပြီး ဆုံးမလို့ ယဉ်ကျေးသွားလို့ တရားထူး တရားမြတ် ရကြတာ၊ ကိုယ့်ကိုယ်ကို ညှာတဲ့ပုဂ္ဂိုလ် ဘာမှ မဖြစ်ဘူး၊ ကိုယ့်ကိုယ်ကို ညာတဲ့ပုဂ္ဂိုလ်လည်း ဘာမှ မဖြစ်ဘူး၊ တရားထူး တရားမြတ် မရဘူး၊ ရင်ထဲရှိတဲ့ တရားထူး တရားမြတ်ကို မတွေ့နိုင်ကြဘူး၊ ကိုယ့်ကိုယ်ကို မညှာမတာ ဆုံးမတယ်၊ ကိုယ့်ကိုယ်ကို မညာတဲ့ပုဂ္ဂိုလ်တွေကျတော့ တကယ် တရားထူး တရားမြတ်ကို ရရှိသွားကြတယ်။ ၅၅၀ ထဲမှာ ပါနီယဇာတ်ဆိုတာ ရှိတယ်။ အဲဒီလို သူတော်စင် သူတော်မြတ်တွေဟာ “အတ္တာ ဟိ အတ္တနော နာထော” “မိမိသည်သာ မိမိ၏ ကိုးကွယ်ရာ” ဆိုသည့်အတိုင်း ကိုယ့်ကိုယ်ကို ကိုးကွယ်ရာ အစစ်ဖြစ်အောင် လုပ်ကြပါ။ အဲဒီပုဂ္ဂိုလ်တွေဟာ ထပ်ပြီးတော့ အပါယ်ငရဲ ကျစရာ မရှိတော့ဘူး။ ကိလေသာတွေလည်း မဖြစ်တော့ဘူး။ ထာ၀ရငြိမ်းချမ်းပြီး နောက်ဆုံး သူတို့ရဲ့သန္တာန်မှာ ရုပ်နာမ်ဓမ္မ သင်္ခါရ အကြောင်းတရား ပြတ်သွားလို့ နောက်ဆုံး ပြန်မဆက်တော့ဘဲ အငြိမ်းဓာတ်တစ်ခုကို ရရှိသွားကြမှာ ဖြစ်တယ်။ အဲဒီ အငြိမ်းဓာတ်သာ နာထ - တကယ့်အားကိုးရာအစစ် ဖြစ်တယ်။ သားသမီး အားကိုးရင် အပေါ်ယံပဲ ရမယ်၊ ဆွေမျိုး အားကိုးရင် အပေါ်ယံပဲ ရမယ်၊ ဆင်းရဲက လွတ်သည်အထိ အားကိုးရာ ဖြစ်ပါ့မလား၊ ကျန်တာတွေက သာမန်အားကိုးရာသာ ဖြစ်တယ်။ ဒါ့ကြောင့်မို့ - “အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ၊ အတ်တနာ ဟိ သုဒန်တနေ၊ နာထံ လဘတိ ဒုလ်လဘံ၊” အတ္တာ ဟိ - မိမိကိုယ်တိုင်သာလျှင်၊ အတ္တနော - မိမိရဲ့၊ နာထော - ကိုးကွယ်အားထားရာ ဖြစ်ပါတော့၏။ ကော ဟိ နာထော ပရော သိယာ - မိမိမှတစ်ပါး ကိုးကွယ်ရာဟု အဘယ်မည်သော ပုဂ္ဂိုလ်သည် အားထားရာ ဖြစ်နိုင်ပါမည်နည်း။ အတ္တနာ ဟိ - မိမိကိုယ်တိုင် နှိပ်ကွပ်ဆုံးမ၍ အလွန်ယဉ်ကျေးမှသာလျှင်၊ နာထံ ဒုလ္လဘံ - အလွန်တရာမှ ရခဲလှသော အားကိုးရာ အစစ်ဆိုတဲ့ တကယ့်တရားထူး တရားမြတ် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုတဲ့ တရားကို၊ လဘတိ - မုချမသွေ ရနိုင်ပါသည်ဟု၊ ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရားသည်၊ အဝေါစ - ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။ (ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော အတ္တာ ဟိ အတ္တနော နာထော တရားဒေသနာမှ) ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ လူမှုကွန်ယက်စာမျက်နှာမှ ပြန်လည် ဖော်ပြပါသည်။


via အလင်းရောင် ဓမ္မ https://ift.tt/2ZzBDxL