အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, December 25, 2019
#သီလမလုံတဲ့ဘုန်းကြီး #မလှူချင်ဆိုသူများအတွက်... မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်း လက်ထက်တုန်းက ဇူဇကာပုဏ္ဏားကြီးကို သားတော်နဲ့ သမီးတော်တွေ လှူလိုက်တုန်းက- ဇူဇကာပုဏ္ဏားဟာ ဘယ် သီလရှိတဲ့ပုဂ္ဂိုလ် ဟုတ်မှာလဲ။ မိန်းမကြောက်လို့ ကလေးတွေကို အဝေးကြီးက လာပြီးတော့ တောင်းတာ။ သီလ လုံးဝမရှိဘူး။ အဲဒီ သီလမရှိတဲ့ ပုဏ္ဏားကို မြတ်စွာဘုရားလောင်းက သားတော် သမီးတော်တွေကို ရက်ရက်ရောရော လှူလိုက်တယ်။ အဲဒီအလှူဒါနဟာ … ဇူဇကာဆိုတဲ့ အလှူခံပုဂ္ဂိုလ်ကြောင့် အကျိုးကြီးတာ မဟုတ်ဘူး။ ဝေဿန္တရာမင်းဆိုတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားလောင်းဘက်က အကျိုးကျေးဇူးဟာ အများကြီးရတာ။ အများကြီးရရုံတင် မဟုတ်ဘူး၊ သူ့ရဲ့ စေတနာစွမ်းအားကြောင့် သားသမီးတွေကို လှူလိုက်တဲ့အခါ မြေငလျင်တောင် တုန်ဟီးသွားတယ်လို့ ပြောတယ်။ လှူတဲ့ အခါမှာ… အလှူခံပုဂ္ဂိုလ်ကပိုပြီးတော့ အရေးကြီးသလား ? အလှူဒါယကာက ပိုပြီးတော့ အရေးကြီးသလားဆိုတော့… နှစ်ဖက်စလုံး အရေးကြီးတယ်လို့တော့ ပြောရမယ်။ သို့သော် ... တကယ် ပြင်ရဆင်ရမှာက လှူတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ပြင်ရဆင်ရမယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာကိုယ်သိနိုင်တာ မဟုတ်ဘူး။ ကိုယ်ကျင့်သီလ ရှိသလား မရှိဘူးလား မသိနိုင်ဘူး။ မြတ်စွာဘုရားဟောထားတာက လောကမှာ… "အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နောက်ချေးခံ" ဆိုတာလို ကိုယ်ကျင့်တရားမရှိပေမယ့် ကိုယ်ကျင့့်တရားရှိတဲ့ အသွင်သဏ္ဍာန်ပေါ်အောင်နေတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ဒါကြောင့် အလှူခံပုဂ္ဂိုလ် သီလရှိမရှိ အတိအကျ မသိနိုင်ဘူးပေါ့။ ဒါယကာ တစ်ယောက်က မြတ်စွာဘုရားကို လာပြီးတော့ ဖူးစဉ် မြတ်စွာဘုရားက မေးတယ်။ ဒါနကောင်းမှုတွေပြုသလားဆိုတော့… "ပြုပါတယ်၊ တပည့်တော်ရဲ့ အလှူကိုကြွတဲ့ ပုဂ္ဂိုလ်တွေဟာ အကုန်လုံး ရဟန္တာတွေချည်းပဲ ဘုရား၊ တပည့်တော်က ရဟန္တာတွေမှ ရွေးလှူတာ"လို့ ပြောတယ် …။ အဲဒီတော့… မြတ်စွာဘုရားက သတိပေးတယ်။ "ဒါယကာ၊ သင်လို လူတစ်ယောက်အနေနဲ့ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာလား၊ ဒီပုဂ္ဂိုလ်ဟာရဟန္တာ မဟုတ်ဘူးလားဆိုတာ မသိနိုင်ဘူးတဲ့။ သံဃာကိုသာရည်စူးပြီးတော့ လှူပါ"လို့ မြတ်စွာဘုရားက ဆုံးမဖူးတယ်။ ရဟန္တာပုဂ္ဂိုလ်ဆိုပြီးတော့ ရွေးလှူတာမျိုး မလုပ်ပါနဲ့တဲ့။ သံဃာကိုသာ ရည်စူးပြီးတော့ လှူပါတဲ့။… ဒီစာလေးကို ဖတ်ပြီး … သံဃာကိုလှူတဲ့အခါမှာ ပုဂ္ဂိုလ်ကိုမရည်ညွှန်းဘဲ သံဃာတော်အများကို ရည်ညွှန်းပြီး လှူနိုင်ကြပါစေ ……။ #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ( ကျေးဇူးရှင်ပါချုပ်ဆရာတော်ကြီး ) (ဓမ္မလက်ဆောင်) #copy မေတ္တာဖြင့် ပြန်လည်မျှဝေပါ၏။ ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ကြပါစေ။ #မေတ္တာရေစင်အရှင်ဝိမလ
via အလင်းရောင် ဓမ္မ https://ift.tt/2ENlqey
Newer Post
Older Post
Home