Sunday, September 29, 2019

ပရိညာ၃ပါး ••••••••••• ပရိညာ ဟူသည် ပိုင်းခြား၍ သိသော ဉာဏ်ပညာကို ခေါ်၏။ ပရိ = ပိုင်းခြား၍ ညာ = သိသောဉာဏ် ပရိညာ = ပိုင်းခြား၍သိသော ဉာဏ်ပညာ။ ( ဝိသုဒ္ဓိမဂ် ) ယင်း ပရိညာသည် သုံးပါးရှိလေ၏။ ယင်းတို့မှာ ... ( ၁ ) ဉာတပရိညာ ( ၂ ) တီရဏပရိညာ ( ၃ ) ပဟာနပရိညာ တို့ ဖြစ်ကြ၏။ ( ၁ ) ဉာတပရိညာ ဟူသည် သိအပ်သိထိုက်သော ရုပ်နာမ်တို့၏ အကြောင်းတရားကို ပိုင်းခြား၍ သိသော ဉာဏ်ပညာကို ခေါ်ရ၏။ ဉာတ = သိအပ် သိထိုက်သော ( ဤနေရာ၌ ရုပ်နာမ်နှင့်၎င်းတို့၏ အကြောင်းတရားပင် ဖြစ်၏။ ) ပရိညာ = ပိုင်ခြား၍ သိသော ဉာဏ်ပညာ။ ( ၂ ) တီရဏပရိညာ ဟူသည် စုံစမ်းသုံးသပ်လျှက် ပိုင်ခြား၍ သိသော ဉာဏ်ပညာကို ခေါ်၏။ တီရဏ = စုံစမ်း သုံးသပ် ဆင်ခြင်သော ပရိညာ = ပိုင်းခြား၍ သိသော ဉာဏ်ပညာ။ ( ၃ ) ပဟာနပရိညာ ဟူသည် ပယ်သတ်လျှက် ပိုင်းခြား၍ သိသော ဉာဏ်ပညာကို ခေါ်၏။ ပဟာန = ပယ်တတ်သော ပရိညာ = ပိုင်းခြား၍ သိသော ဉာဏ်ပညာ။ #ဉာတပရိညာ ========== ထိုသုံးပါးသော ပရိညာတို့တွင် .... ဖောက်ပြန်ခြင်း လက္ခဏာရှိသော တရားသည် ရုပ်ဖြစ်၏။ ခံစားခြင်းလက္ခဏာရှိသော တရားသည် ဝေဒနာဖြစ်၏။ မှတ်သားခြင်း လက္ခဏာရှိသော တရားသည်သညာဖြစ် ၏ ဟု ဤသို့သောနည်းဖြင့် ထိုထို ရုပ်နာမ်တရားကို့၏ သီးသီးသော သဘာဝလက္ခဏာကို ကောင်းစွာ မှတ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော ပညာသည် ``ဉာတပရိညာ´´မည်၏။ ဤ ဉာတပရိညာသည် ခန္ဓငါးပါး (ဝါ ) ရုပ်နာမ်နှစ်ပါးကို အကြောင်းနှင့်တကွ ပိုင်းခြား၍ သိခြင်းဖြစ်၏။ ခန္ဓာကို ဉာတပရိညာဖြင့် သိသောအခါ သစ္စာလေးပါးဖြင့် ခွဲခြား၍ သိ၏။ ဤလောက၌ ဝိပဿနာ ရှုပွားရမည့် တရားများဟာ ခန္ဓာငါးပါး ( ဝါ ) ရုပ်နာမ်နှစ်ပါး သာဖြစ်၏။ ဤဉာဏ်သည်လည်း လောကုတ္တရာသိ အဆင့်သို့ မရောက်သေးမှီ ကာလအထိ သစ္စဉာဏ်သည် စစ်စစ်ဟု မဆိုနိုင်သေးချေ။ အမှန်အားဖြင့် ခန္ဓာငါးပါး ( ဝါ ) ရုပ်နာမ်နှစ်ပါးနှင့် ပတ်သက်၍ မည်သို့ပင် သိစေကာမူ လောကုတ္တရာသိ အဆင့်သို့ရောက်ပြီး ``ပစ္စဝေက္ခဏဉာဏ်´´ဖြင့် မဆင်ခြင်နိုင်သေးသမျှ ကာလပတ်လုံး ထိုအသိသည် အတ္တ၌ အနုသယ အနေဖြင့် ပါဝင်နေသေးသောကြောင့် ပုဂ္ဂိုလ်သိသဘောသည် ပါဝင်နေသည်သာ ဖြစ်၏။ လောကုတ္တရာအဆင့်သို့ ရောက်ပါမှ မဂ္ဂင်ရှစ်ပါးသည် အတ္တနေရာ၌ အစားဝင်ပြီး ပုဂ္ဂိုလ်သိအနေဖြင့် မဟုတ်ဘဲ ဓမ္မသိအဆင့်ဖြင့် သိ၏။ ဓမ္မစစ်ဟူသည် မဂ္ဂင်ရှစ်ပါး၌ ပါဝင်သော သီလမဂ္ဂင် သုံးပါး ပေါင်း၍သိသော အသိဖြစ်၏။ သီလမဂ္ဂင်သုံးပါးသည် ``ဝိရတီစေတသိတ်´´သဘောအရ နိဗ္ဗာန်ကို အာရုံပြုပြီးမှ တစ်စုတစ်ပေါင်းတည်း ဖြစ်နိုင်၏။ ထိုအခါမှ မဂ္ဂင်ရှစ်ပါးဖြစ်၏။ #တီရဏပရိညာ =========== တီရဏပရိညာဟူသည် ရုပ်သည်မမြဲ၊ ဝေဒနာသည်မမြဲ ဤသို့ အစရှိသောနည်းဖြင့် ( သဘာဝလက္ခာဏကို ကောင်းစွာ ရှုမှတ်သည်၏ အစွမ်းအားဖြင့်ယူပြီး ရှုသိပြီး ဖြစ်ကုန်သော ) ထိုရုပ်နာမ်တရားတို့အားပင်လျှင် ``သာမညလက္ခဏာ´´ကို တင်၍ ဖြစ်သော၊ လက္ခဏာလျှင် အာရုံရှိသော ဝိပဿနာပညာသည် `` တီရဏပရိညာ´´မည်၏။ ကိစ္စဉာဏ် ကို တီရဏပရိညာဖြင့် သိခြင်းဟူ၍ ဆိုရ၏။ ကိစ္စဉာဏ်တွင် ပိုင်းခြားသိရမည့် ဒုက္ခသစ္စာကိစ္စ၊ ပယ်ရမည့် သမုဒယသစ္စာကိစ္စ၊ မျက်မှောက်ပြုရမည့် နိရောဓသစ္စာကိစ္စ၊ ပွားများရမည့် မဂ္ဂသစ္စာတို့ ပါဝင်၏။ တီရဏပရိညာဟူသည် ဖြစ်ပျက်ကိုမြင်သော ``ဝိပဿနာဉာဏ်´´ပင်ဖြစ်၏။ သို့ရာတွင် ထိုဉာဏ်ဖြင့်သိသော ကိစ္စဉာဏ်ဟူသည်လည်း လောကုတ္တရာသိ အဆင့်ရောက်ပြီး ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ပြီးပါမှ ကိစ္စဉာဏ် စစ်စစ်ဖြစ်သည်ဟု ဆိုရမည်။ ဝိပဿနာအဆင့်တွင် ဆိုင်ရာမဂ်အလိုက် ပယ်ရမည့် ကိလေသာများကို မြစ်ပြတ် ပယ်သတ်နိုင်ခြင်း မရှိသေးသောကြောင့် ဝိပဿနာသိ၌လည်း ပုဂ္ဂိုလ်သိသည် အနုသယအနေဖြင့် ပါဝင်နေသေးသည်သာဖြစ်၏။ အတ္တအနေဖြင့်သိသော အသိဟူ၍ မပါဘဲ မဂ္ဂင်ရှစ်ပါး ဓမ္မအနေဖြင့် သိသော ဓမ္မသိဖြင့် သိမှသာ အရိယာသစ္စာ၏ ကိစ္စဉာဏ်သဘောသည် ပြီးပြည့်စုံ၏။ #ပဟာနပရိညာ =========== ပဟာနပရိညာဟူသည် သာမညလက္ခာ ကို ရှုသည်၏ အစွမ်းအားဖြင့် ယူပြီး ရှုသိပြီးဖြစ်ကုန်သော ထိုရုပ်နာမ်တရားတို့၌ ပင်လျှင် အာရုံရှိသော ``ဝိပဿနာပညာ´´သည် ပဟာနပရိညာ မည်၏။ ကတဉာဏ် ကို ပဟာနပရိညာဖြင့် သိခြင်းဟူ၍ ဆိုရ၏။ ပဟာနပရိညာဟူသည် ဆိုင်ရာ ဆိုင်ရာမဂ်ဖြင့် ဆိုင်ရာ ဆိုင်ရာ ကိလေသာများကို ပယ်ခြင်း ဖြစ်၏။ ထိုပယ်ရာတွင် မြစ်ပြတ်ပယ်ခြင်းကို ဆို၏။ မြစ်ပြတ်ပယ်ခြင်းကို ပါဠိဝေါဟာရအားဖြင့် ``သမုစ္ဆေဒပဟာန်´´ပင်ဖြစ်၏။ သစ္စာလေးပါးတွင် တစ်ပါးစီ တစ်ပါးစီ၌ သစ္စာဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဟူ၍ သုံမျိုးစီရသောကြောင့် ဝိပဿနာတရား ရှုမှတ်သူတို့သည် သစ္စာလေးပါးကို သိရာ၌ ၁၂ ပါးသော အချင်းအရာတို့ဖြင့် သိကြရခြင်း ဖြစ်ပါ၏။ credit: Thick Min Jully #PhyoeMayOo


via အလင်းရောင် ဓမ္မ https://ift.tt/2nyxcEe