အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, October 2, 2019
*** ထေရီမြတ်တို့ ပြုံးတော်မူကြလိမ့်မည် *** ၁။ မိန်းမတွေဟာ ဥာဏ်သေးနုပ်လို့ တရားထူး တရားမြတ် မရနိုင်။ သုဇာတာထေရီမ ကပြုံးတော်မူပါလိမ့်မည်။ ထေရီမသည် လူဝတ်နှင့်ပင် ရဟန္တာ ဖြစ်ပြီးမှ ရဟန်းမ ဖြစ်ခဲ့သည်။ ထေရီမ၏ အပြုံးက အထက်ပါစကားကို ချေဖျက်ပြီး ဖြစ်ပါတယ်။ ၂။ အသက်ကြီးမှ အားထုတ်လို့ တရားရမှာ မဟုတ်ဆိုသူအတွက် မိထွေးတော် ဂေါတမီထေရီမ နှင့် သောဏာထေရီ တို့က ပြုံးတော်မူပါလိမ့်မယ်။ ဂေါတမီထေရီမကြီးသည် အသက် ၈၀ တွင် မိုင် ၄၀၀ ကျော်ခရီး ခြေလျင်နှင်ကာ မိန်းမများ ရဟန်း ဝတ်ခွင့် ရအောင်တောင်းဆို ခဲ့သူဖြစ်သည် ရဟန်းဖြစ်ပြီး ရဟန္တာ ဖြစ်အောင်ကြိုးစားပြသွား သူဖြစ်သည် ။ သောဏာထေရီ မကြီးကား သား၁၀ယောက် မိခင် ဖြစ်သည် မုဆိုးမဘဝတွင် သားများကို အမွေခွဲဝေ ပေး၏ သားများက ဥစ္စာလက်မဲ့ အမေ့ကို ပစ်ထား၍ လူ့ဘောင်ကို စိတ်ကုန်ကာ ရဟန်းဝတ်ခဲ့သည် ရဟန်းမဘဝတွင်လည်း အခြားရဟန်းမများက အနိုင်ကျင့်သည့် ဒဏ်ခံရသေးသည်။ ရေချိုးခန်း ရေဖြည့်စဉ် ချော်လဲရာ ခန္ဓာဒုက္ခကို ဆင်ခြင်၏ ထိုနေရာမှာပင် ရဟန်းတရား ပြည့်စုံ သွားသည် မြတ်စွာဘုရားက ကြိုးစားအားထုတ်မှု ဧတဒဂ် ပေးအပ်တော်မူခဲ့ပါသည်။ ထေရီမ ၂ ပါးတို့၏အပြုံးက အထက်ပါစကားကို ချေဖျက်ပြီး ဖြစ်ပါတယ်။ ၃။ အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်တရားရပါ့မလဲ ဆိုသူအတွက် ဥတ္တမာထေရီ နှင့် သေလာထေရီမ တို့က ပြုံးတော်မူပါလိမ့်မည်။ ထေရီမ ၂ ပါးလုံးပင် ၇ နှစ်သမီးအရွယ်တွင် ရဟန္တာမ ဖြစ်ခဲ့ကြပါသည်။ ထေရီမ ၂ ပါး၏အပြုံးက အထက်ပါစကားကို ချေဖျက်ပြီး ဖြစ်ပါသည်။ ၄။ ဘာသာခြား ဖြစ်ခဲ့လို့ တရားမရနိုင် ဆိုသူများအတွက် နန္ဒတ္တရာထေရီ စာလာထေရီ ကုဏ္ဌလကေသာ ထေရီမ တို့ကပြုံးတော်မူပါလိမ့်မည်။ ထေရီမ ၃ ပါးပင် ဘာသာခြားလူကုံထံ အသိုင်းအဝိုင်း၌ မွေးဖွာခဲ့ကြပြီး ဘာသာခြား ဒေသနာများကို လေ့လာကျွမ်းကျင်ထားသူတို့ပင် ဖြစ်ကြသည် ။ နန္ဒတ္တရာထေရီ မှာ အရှင်မောဂ္ဂလန် နှင့် ဝါဒပြိုင်ရာမှ ရှုံးပြီး ရဟန်းမ ဝတ်လာသူဖြစ်၏ မကြာမီ ရဟန္တာမ ဖြစ်တော်မူ၏ ။ စာလာထေရီမ မှာအရှင်သာရိပုတ္တရာ၏ နှမအရင်းဖြစ်၏ အကို့ကို ယုံကြည်၍ အခြားအယူစွန့်ကာ ရဟန်မ ဝတ်ပြီး ရဟန္တာဖြစ်ခဲ့သူ ဖြစ်ပါသည် ။ ကုဏ္ဌလကေသာ ထေရီမ ဘဝက ရာဇ၀တ်သားကို အရူးအမူး ချစ်ခဲ့မိ၍ သေတွင်းမှ ကယ်ထုတ်ပြီး လင်တော်ခဲ့သူဖြစ်သည် ထိုလင်ကပင် အသက်ကိုရန်ရှာသောအခါ လင်ကိုသတ်ပြီး တိတ္ထိတို့ထံ ရဟန်းပြုခဲ့သည် တိတ္ထိဝါဒများ သင်ယူပြီး ဝါဒပြိုင်ရာမှ အရှင်သာရိပုတ္တရာ နှင့် တွေ့ပြီး ကျွတ်တမ်းဝင်ခဲ့ ဖြစ်ပါသည် ။ ထေရီ ၃ ပါးတို့၏ အပြုံးက အထက်ပါစကားကို ချေဖျက်ပြီး ဖြစ်ပါသည် ။ ၅။ အသက်မွေးလုပ်ငန်း နိမ့်ကျခဲ့လို့ တရားမရနိုင် ဆိုသူများအတွက် ဝိမလာထေရီ အဘယာထေရီ အမ္ဗပါလီထေရီ တို့က ပြုံးတော်မူပါလိမ့်မည်။ ထေရီသုံးပါးလုံး ပြည့်တန်ဆာ ဘဝဖြင့် ဖြတ်သန်း ခဲ့ရသူများဖြစ်ခဲ့ကြသည် ။ ဝိမလာထေရီ ဆိုပါလျှင် လူ့ဘဝက အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးကို ကျောင်းအထိ လိုက်ပို့၍ ဖျားယောင်း ဖူးသူဖြစ်သည် နောင် တရားအသိဝင်မှ တောင်းပန်ကာ ရဟန်းမ ဝတ်ခဲ့ခြင်းဖြစ်သည် ။ ထေရီမ ၃ ပါးစလုံး ရဟန္တာဖြစ်ခဲ့ကြပါသည် ။ ထေရီမ ၃ ပါး၏အပြုံးက အထက်ပါစကားကို ချေဖျက်ပြီး ဖြစ်ပါသည် ။ ၆။ သား၊ သမီးသောက ကြီးလွန်းလို့ တရားမရနိုင် ဆိုသူများအတွက် ကိသာဂေါတမီထေရီ နှင့် ဥပ္ပရီထေရီမ တိုက ပြုံးတော်မူပါလိမ့်မည် ။ ကိသာဂေါတမီထေရီ သည် သားသေကို ရင်မှာပိုက်ပြီး လမ်းတကာပြေးလွှားရင်း ဘုရားဆီရောက်ကာ မုန့်ညင်းစေ့ တရားဖြင့် အသိဝင်ကာ သောတာပန်ဖြစ်ပြီး ရဟန်းမ ဝတ်ခဲ့သူဖြစ်၏ ။ ဥပ္ပရီထေရီမကား ကောသလမင်း၏ မိဖုရားဖြစ်ခဲ့၏ အလွန်ချစ်သော သမီးသေဆုံးခဲ့ရာ သမီးစိတ်ဖြင့် ပူလောင်နေရ၏ သမီးအုတ်ဂူရှိရာ သွားငိုနေရ၏ ထို့သို့ရှိရာမှ မြတ်စွာဘုရား က နိမ္မိတရုပ်ပွားလွှတ်၍ တရား ဟောရာ လူအဖြစ်နှင့်ပင် ရဟန္တာဖြစ်ပြီးနောက်မှ ဘိက္ခုနီ ဝတ်ခဲ့ခြင်းဖြစ်သည် ထေရီမ ၂ပါး ၏အပြုံးက အထက်ပါစကားကို ချေဖျက်ပြီး ဖြစ်ပါသည် ။ ၇။ စိတ်ဓာတ် ကျလွန်းသူတွေ တရားထူး မရနိုင် ဆိုသူများအတွက် အညတရထေရီ နှင့် သီဟာထေရီတို့ က ပြုံးတော်မူပါလိမ့်မည် ။ အညတရထေရီ သည် ကပိလဝတ်နန်းတော်၌ မိထွေးတော် ၏ ရံရွေတော်ဖြစ်ခဲ့၏ ကာမဂုဏ် အပျောပါး၌သာ စိတ်ရောက်၏ မိထွေးတော် ကို မခွဲနိုင်၍သာ သင်္ကန်း ဝတ်ခဲ့ရသော်လည်း မပျော် တရားအားထုတ်သော သမာဓိ လုံးဝမရ စိတ်ဓါတ်ကျ၍ နေ့စဉ်နှင့်အမျှ ငိုရသည် ၂၅နှစ်ကြာပြီးနောက်မှ ရဟန္တာ ဖြစ်သွားသည် ။ သီဟာထေရီ ကား အောင်မြင်ကျော်ကြားမှု အားလုံးစွန့်ပြီး ရဟန်းပြုလာရာမှ မပျော်ရွှင်တော့ ထွက်ရန် နေရန် ဆုံးဖြတ်ခက်ပြီး ကြိုးဆွဲချသေဖို့ ခုန်ချလုလုတွင် ရဟန္တာ အဖြစ်ရောက်၏ ။ ထေရီမ ၂ ပါးတို့အပြုံးက အထက်စကားကို ချေဖျက်ပြီး ဖြစ်ပါသည် ။ ၈။ လောကဓံ ရိုက်ချက်တွေ ပြင်းထန်လွန်းလို့ တရားမရနိုင် ဆိုသူများအတွက် ပဋာစာရီထေရီ နှင့် ဝါသိဋ္ဌီထေရီမ ၂ပါးတို့က ပြုံးတော်မူကြပါလိမ့်မည်။ ပဋာစာရီထေရီ သည် သား ၂ ဦး လင် မိဘများသေခြင်းကို ဆက်တိုက်တွေ့ကြုံရပြီးနော် သွက်သွက်ခါအောင် ရူးသွားခဲ့သည် ဘုရားနဲ့တွေ့မှ တရားထူးရခဲ့ခြင်းဖြစ်သည် ။ ဝါသိဋ္ဌီထေရီမကား သားရူးရူးပြီး တွေ့ရာသွား နေရာမှ ဘုရားနှင့်တွေ့ပြီး တရားရ ရဟန်းမပြုခဲ့ခြင်း ဖြစ်သည် ထေရီမ ၂ပါးတို့ အပြုံးက အထက်ပါစကားကို ချေဖျက်ပြီး ဖြစ်ပါသည်။ ၉။ အိမ်ထောင်ရေး စီးပွားရေး ဆိုးလွန်းလို့ တရားအားထုတ်ဖို့ အဆင်မပြေဘူးလို့ ဆိုသူများအတွက် စန္ဒာထေရီ နှင့် ဣသိဒါသီထေရီမတို့က ပြုံးတော်မူပါလိမ့်မည် စန္ဒာထေရီ သည် ကူးစက်ရောဂါကြောင့် မိသားစု လိုက် ပျက်စီးရာမှ သူတောင်းစားဘဝ ရောက်ခဲ့ရ၏ လှည့်လည် တောင်းရမ်းရင်း ဘိက္ခုနီမ ကျောင်းရောက်ကာ တရားနာပြီး ရဟန်းမ ဖြစ်ခဲ့၍ မကြာမီ ရဟန္တာ ဖြစ်သွားသည် ။ ဣသိဒါသီထေရီမကား လူ့ဘဝ၌ အိမ်ထောင် သုံးခါ ကျခဲ့သည် ပထမ ဒုတိယ လင်သားများက အပြစ်မရှိပဲ ပစ်ခွာကြ၍ ဖခင်က သူတောင်းစားနှင့် လက်ဆက်ပေး၏ သူတောင်းစားကလည်း စွန့်ပစ်သွား၏ ရပ်ရွာတွင် မျက်နှာမပြဝံ့၍ သတ်သေရန် စဉ်းစား ရာမှ ဘိက္ခုနီ ဝတ်ခဲ့ခြင်းဖြစ်သည် ရဟန်းမ ဖြစ်ပြီး မကြာမီ ရဟန္တာမကြီး ဖြစ်တော်မူသည် ။ ထေရီမ ၂ ပါး၏အပြုံးက အထက်ပါစကားကို ချေဖျက်ပြီး ဖြစ်ပါသည်။ ၁၀. အလှ ဥစ္စာ ပြည့်စုံတဲ့ ဘဝ မို့ တရားအားထုတ်ဖို့ မလိုသေးဘူး ဆိုသူများအတွက် ခေမာထေရီ ဥပ္ပလဝဏ်ထေရီ ဘဒ္ဒကစ္စနာထေရီ ရူပနန္ဒထေရီ တို့က ပြုံးတော်မူကြပါလိမ့်မည် နန်းစည်းစိမ် နှင့် အလှဧကရီ ဘဝများကို စွန့်ပစ်၍ ထေရီမတို့ ရဟန်းပြု တရားအားထုတ်ခဲ့ကြပါသည် ရဟန္တာမကြီးများ ဖြစ်တော်မူခဲ့ကြသည် ထေရီမ ၄ ပါးတို့အပြုံးက အထက်ပါစကားကို ချေဖျက်ပြီး ဖြစ်ပါသည်။ တရားအားထုတ်ဖို့. တရားသိမြင်ဖို့ အကြောင်းပြချက် ဆင်ခြေများဖြင့် ရှောင်လွဲလိုပါသေးသော် ထိုရှောင်လွဲမူ တို့အတွက် ထေရီမြတ်တို့ ပြုံးတော်မူပါလိမ့်မယ် #credit # တရားအားထုတ်ဖို့အတွက် မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါလိမ့်မယ်။ အမျိုးသမီးများလည်းတရားအလုပ်မှာ အားတတ်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါသည်။ #ကုမုဒြာကြာတစ်ပွင့်
via အလင်းရောင် ဓမ္မ https://ift.tt/2mYl6EA
Newer Post
Older Post
Home