Friday, October 4, 2019

"လူ"ဆိုတာ… အပေါ်ယံလေး ကြည့်ပြီး သိဖို့…မလွယ်ဘူး… "လောကလူ"ဆိုတာ- "အပေါ်ယံလေးကြည့်ပြီးတော့- လူ့အကြောင်း ကို မသိနိုင်ဘူး"-တဲ့၊ "မြတ်စွာဘုရား"…က။ ဆိုပါစို့၊ -သပ်သပ်ယပ်ယပ် ဝတ်စားလာတယ်၊ -လူ က လာတဲ့အခါ "ကား"လည်း ကောင်းကောင်း စီးလာတယ်ပေါ့။ ခုခေတ်၊ -"တယ်လီဖုန်း"နဲ့လာတယ်။ "ဟာ ဒီကောင် သူဋ္ဌေး"-လို့ သွားမထင်လိုက်နဲ့၊ ငှား ထားတာလည်း ဖြစ်ချင်ဖြစ်မယ် နော်။ အေး… အပေါ်ယံလေးကြည့်ပြီးတော့ သွားပြီးတော့ မဆုံးဖြတ်လိုက်နဲ့။ မှန်လိုက်တာပေါ့၊ အချို့ အဲဒီလိုလုပ်ပြီး ညာသွားတာတွေ အများကြီးရှိတယ်လေ၊ အများကြီးရှိတယ်၊ ယုံလွယ်တဲ့သူတွေ ပါကုန်တယ်လေ။ ယုံလွယ်တဲ့သူတွေ ပါကုန်တယ်။ ဒါကြောင့်မို့လို့- "လောကကြီး ဟာ အလွန် သတိထား ရမယ်"-လို့ ဒီလိုဆိုလိုတယ်ပေါ့။ "လူဆိုတာ"တဲ့- "အပေါ်ယံလေးကြည့်ပြီးတော့ သိဖို့မလွယ်ဘူး"တဲ့။ "သူ့ရဲ့အရည်အချင်းက ပြောလို့ မရဘူး"-တဲ့။ "တစ်ခဏလေး တွေ့လိုက်တဲ့လူကို အရောဝင်ပြီးတော့ မယုံနဲ့"-တဲ့။ "အကဲမခတ်"ဘဲနဲ့ "တစ်ခဏလေး တွေ့လိုက်တာလေးနဲ့"တင် သွားပြီးတော့ "အရောမဝင်လိုက်နဲ့"။ "လူ"ဆိုတာ အမျိုးစုံ ရှိတယ်။ အဲဒီလို "ယုံ"လို့ "ဒုက္ခ"ရောက်သွားတာတွေ ရှိတယ်လေ။ "ထိပ်ချမှ ဓားပြမှန်းသိ"-ဆိုတာမျိုး ဖြစ်ကုန်တယ်။ ကိုယ်ခံလိုက်ရပြီဆိုတော့မှ- "သြော် မိတ်ဆွေ"လို့ ထင်နေတဲ့ပုဂ္ဂိုလ်"က "ကိုယ့်ရန်သူ"လုပ်တာလေ။ လောကကြီးမှာ အများကြီးပဲ၊ ဒီ"ဇာတ်လမ်း"တွေက။ ဒါကြောင့်မို့- "မြတ်စွာဘုရား"က- -"အကျွမ်းမဝင်လိုက်နဲ့"တဲ့၊ -"အချိန်တိုလေးအတွင်း တွေ့လိုက်တာနဲ့ပဲ လူတစ်ယောက်နဲ့ သွားပြီးတော့ အရောတဝင် မလုပ်ပါနဲ့"တဲ့။ -"လူတော်လူကောင်း အသွင်သဏ္ဌာန်တွေ"ကို ယူထားပြီးတော့ "မိကောင်းဖခင် သားသမီးပဲ"ဆိုတဲ့ပုံစံမျိုးတွေ ချိုးထားတဲ့ပုံစံနဲ့ နော်၊ -ယဉ်ကျေးမှု မရှိတဲ့ပုဂ္ဂိုလ် တွေ -ကိုယ်၊ နှုတ်၊ နှလုံးကို မစောင့်တဲ့လူဆိုးတွေ ဟာ- တကယ့်ကို "လူတော်လူကောင်း အသွင်သဏ္ဌာန်"နဲ့ "လောကကြီးမှာ လှည့်လည်နေတတ်တယ်"-တဲ့။ "သတိထားကြဖို့"ဆိုတာကို "မြတ်စွာဘုရား"က ဟောတာ။ -လူကဲခတ်ရမယ်၊ -လူတော်လူကောင်း အသွင်သဏ္ဌာန် ယူပြီးတော့- "မကောင်းတဲ့သူ တွေဟာ လူကောင်း ယောင် ဆောင်ပြီးတော့ နေတတ်တယ်"- ဒါကို သတိထားရမယ်။ အဲဒီတော့ လောကကြီး ဟာ- -ဟန်ဆောင်ပန်ဆောင် နေတဲ့ဟာတွေက "လောကကြီးမှာ အများကြီးရှိတယ်"လို့ ဒီလိုဆိုလိုတယ်။ ဒါကြောင့်မို့ အရာခပ်သိမ်းဟာ "သတိ"နဲ့ထားပြီးတော့ "လူကဲခတ်"တတ်ကြရမယ်။ -"ကိုယ်ကျင့်သီလ"ကို သိချင်တယ်-ဆိုရင် "သူနဲ့အတူတကွ ပေါင်းသင်းဆက်ဆံပြီး၊ အသိပညာနဲ့ လေ့လာအကဲခတ်တတ်ရမယ်"-နော်။ -"လူတစ်ယောက်ရဲ့စင်ကြယ်မှု၊ မစင်ကြယ်မှု"-ဆိုတာကို သိချင်ရင်- "သူနဲ့အတူတကွ စကားပြောဆိုခြင်း" ဖြင့်သာလျှင် သူ့ကို သိနိုင်တယ်။ သေသေချာချာ- "လူတစ်ယောက်ရဲ့စွမ်းရည်သတ္တိ"ဆိုတာလည်း "ဘေးရန်အန္တရာယ် ကြုံတဲ့အခါမှ"-သိနိုင်တယ်။ "လူတစ်ယောက်ရဲ့ အသိပညာ"ဆိုတာလည်းပဲ "ဆွေးနွေး တိုင်ပင်ခြင်း"ဖြင့်သာ သိနိုင်တယ်။ လောကမှာ- "ကြွားဝါ ပြောတတ်တဲ့ပုဂ္ဂိုလ်"တွေကလည်း အများကြီးနော်။ "ဘေးရန်အန္တရာယ်"ဆိုတာ- -မကြုံခင်တော့ ဟုတ်သယောင်ယောင် ပြောပြီးတော့၊ -လေလုံးထွား ပြော၊ တကယ်လည်း လာတဲ့အခါကျတော့ အဲဒီပုဂ္ဂိုလ်တွေဟာ သူများထက် ပိုကြောက်တတ်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ အေး- ဒါကြောင့်မို့, "လောက လူ"တွေဆိုတာ -အပြောနဲ့ချည်းပဲ ယုံရမှာ မဟုတ်ဘူး။ -ရုပ်ပြနဲ့လည်း ယုံရမှာ မဟုတ်ဘူး။ "မြတ်စွာဘုရားရဲ့အဆုံးအမ"တွေဟာ- -"ဒိဋ္ဌဓမ္မ"=မျက်မှောက် ဘဝ-မှာလည်း အသုံးကျတဲ့အရာ ဖြစ်တယ်။ -"သံသရာဟိတ"=တမလွန် ဘဝ-မှာလည်း အသုံးကျတဲ့အရာဖြစ်လို့, လောက လျှို့ဝှက်နက်နဲ ဆန်းကြယ်တဲ့ -လူတွေရဲ့နှလုံးသား၊ လူ့လောကထဲမှာနေကြတဲ့ -မိမိတို့ လူသားတစ်ယောက်ဟာ, -မိမိကိုယ်တိုင် ရိုးသားအောင်ကျင့်ပြီးတော့ -ပတ်ဝန်းကျင်ကိုလည်းပဲ လေ့လာ အကဲခတ်ပြီးတော့ "မှန်ကန်တဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းဖြင့်သာလျှင် ကောင်းကျိုးချမ်းသာတွေ ရရှိနိုင်မှာ ဖြစ်တယ်"-လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး လိုက်နာ ကျင့်သုံးနိုင်ကြပါစေ ကုန်သတည်း။ "ပါမောက္ခချုပ် ဆရာတော်ကြီး- "ဒေါက်တာ နန္ဒမာလာဘိဝံသ" ━━━━━━━━━ မှီခိုရာ ကျမ်းကိုး- ━━━━━━━━━ ["ပါမောက္ခချုပ် ဆရာတော်ကြီး- "ဒေါက်တာ နန္ဒမာလာဘိဝံသ" ဟောကြားတော်မူသော "လူကဲခတ်နည်း တရားတော်"မှ]


via အလင်းရောင် ဓမ္မ https://ift.tt/30K1oKz