Thursday, October 3, 2019

သေခြင်းကို မကြောက်တဲ့နည်း ▬▬▬▬▬▬▬▬▬ သေခြင်းတရားကို စဉ်းစားတဲ့ ပုဂ္ဂိုလ် မကြောက်မရွံ့ မတွေမဝေ တည်တည်ငြိမ်ငြိမ် သေရလိမ့်မယ်တဲ့။ အံ့တော့ အံ့သြစရာကောင်းတယ်နော်။ သေခြင်းကို မကြောက်တဲ့နည်းက သေခြင်းကို ကြည့်တဲ့နည်း ဖြစ်နေတယ်။ ဟုတ်ရဲ့လား။ သေခြင်းကို မကြောက်တဲ့နည်းဟာ သေခြင်းကို ကြည့်တဲ့နည်း ဖြစ်နေတယ်။ ခက်တာဟာ လူတွေက သူများ သေထားတဲ့ မသာလောင်းကိုတောင် ကြည့်ရမှာ ကြောက်နေတယ်ဆိုရင် ကိုယ်ကိုယ်တိုင် သေရမယ်ဆိုရင် ဘယ်လိုများ နေမှာလဲ? ဒါ စဉ်းစားစရာ စကားလေးတွေ ဟုတ်ရဲ့လား။ ကဲ-ဒါက စဉ်းစားတဲ့နည်းနှင့် သေခြင်းတရားကို အစဉ်ပြေအောင် ရင်ဆိုင်ကြတာ။ အဲဒါထက် ပိုပြီးတော့ ကောင်းတာက ပြဿနာဆိုတာ နားလည်မှ ကိုင်တွယ်နိုင်တာ။ ပရိသတ်ရေ ဒီစကားလေးကို ထက်ပြောမယ်။ ဘာတဲ့တုန်း။ နားလည်မှ ကိုင်တွယ်လို့ ရတာ။ ဘယ်အရာမျိုးမဆို နားမလည်ရင် မကိုင်တွယ်နိုင်ဘူး။ အဲဒီတော့ ဒီသဘာဝတရားတွေကို ကိုင်တွယ်တတ် ချင်လို့ရှိရင် သဘာဝတရားတွေရဲ့ အကြောင်းကို နားလည်ဖို့လိုတယ်။ ဒါကြောင့် သဘာဝတရားတွေကို နားလည်အောင် မြတ်စွာဘုရားက သတိဦးစီးတဲ့ နည်း။ သတိပဋ္ဌာန် ပေါ့နော်။ သတိတရားနှင့်မိမိခန္ဓာရဲ့ ဖြစ်တိုင်းဖြစ်တိုင်းသော သဘောတရားကို အမှန်အတိုင်း သိသိနေအောင် နားလည်နားလည်သွားအောင် ကြိုးစားခိုင်းတာ။ သတိပဋ္ဌာန်နည်း ရှိတယ်နော်။ မြင်တိုင်း,ကြားတိုင်း, နံတိုင်း, စားတိုင်း, ထိ တိုင်း, တွေးတိုင်း ပဿတိလေး ဦးစီးပြီးတော့ ဒါဘာလဲ? ဒါဘာလဲ?လို့ သိအောင် လုပ်နေတာ။ အဲလို သိအောင် လုပ်ပါများလို့ သိလာပြီဆိုရင် သြော်-သဘာဝတရားတွေဆိုတာ ကိုယ့်အလိုအတိုင်း မဟုတ်ဘူး။ သူ့သဘာဝအတိုင်း သွားနေတာ။ ပုံမှန်သွားနေတာ။ ကိုယ်ဒီထဲကို ဘာမှ ဝင်ပြီးတော့ စွတ်လို့ မရဘူး။ အကြောင်းရှိသည်အားလျော်စွာ သွားနေတာ။ အကြောင်းတရားကို ပြင်မယ်ဆိုရင်တော့ အကျိုးတရားကတော့ ပြောင်းလဲမှာပေါ့။ဟုတ်ရဲ့လား။ အဲတော့ ဆိုလိုတာက သေခြင်းတရားကို ရင်ဆိုင်နိုင်ချင်တယ်ဆိုလို့ရှိရင် သတိပဋ္ဌာန်နည်းနှင့် သဘာဝတရားကို နားလည်အောင် ကြိုးစားရမယ်။ နားလည်ရင် နားလည်သလောက် ကိုင်တွယ်ရတာ လွယ်လာလိမ့်မယ်။ သစ္စာရွှေစည်ဆရာတော် "အခြေအနေမှန်ကို မမေ့ပါနဲ့"တရားတော်မှ ကောက်နုတ်ချက်


via အလင်းရောင် ဓမ္မ https://ift.tt/2oCBQ4F