Friday, October 4, 2019

#ပါဏာတိပါတကံ_သူတစ်ပါးအသက်သတ်ခြင်း၏ #ဆိုးကျိုးများနှင့်ဝတ္ထုဇာတ်လမ်းများ ++++++++++++++++++++++++++ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ (သတ္တဝါ၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)တဲ့။ ဒါက ဦးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စောင့်ထိန်းနေကြဖြစ်တဲ့ ငါးပါးသီလရဲ့ ပထမဆုံး သီလဖြစ်ပါတယ်။ သတ္တဝါ၏ အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုရင် ပါဏာတိပါတ ကံလုံခြုံတယ်ပေါ့။ သတ္တဝါရဲ့ အသတ်ကို သတ်လိုက်ရင် ပါဏာတိပါတကံကို ကျူးလွန်တာပါ။ ပါဏာတိပါတကံကို ကျူးလွန်လိုက်ရင် အောက်ပါဆိုးကျိုးတွေကို ရရှိစေပါတယ်။ (၁)။ အသက်တိုခြင်း။ (၂)။ အနာရောဂါထူပေါခြင်း။ (၃)။ အင်အားဆုတ်ယုတ်ခြင်း။ (၄)။ ကြောက်ရွံ့တတ်ခြင်း။ (၅)။ စိုးရိမ် ပူဆွေးစိတ် များခြင်း။ (၆)။ သူတစ်ပါး အနှိပ်စက်ခံရခြင်း၊ (၇)။ သူတစ်ပါးသတ်လို့သေရခြင်း။ (၈)။ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း။ (၉)။ ကိုယ်လုံးကိုယ်ထည်အချိုးမကျခြင်း။ (၁၀)။ ချစ်သူတို့နှင့်ကွဲကွာရခြင်း- စသော ဆိုးကျိုးများကို ရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသူ၊ ကျန်းမာရေး မကြာခဏမကောင်းပဲ အနာရောဂါထူပြောသူ၊ အားအင်ယိုယွင်းပြီး ချည့်နဲ့နေသူ၊ ဘေးရန်တစ်ခုခုပေါ်ပေါက်လာလျှင် အလွန်အမင်းကြောက်ရွံ့တတ်သူ၊ စိုးရိမ် ပူပန်မှုများတတ်တဲ့သူ၊ သူတပါးရဲ့နှိပ်စက်ခြင်းကို ခံနေရသူ၊ သူတစ်ပါးသတ်လို့သေခြင်း၊ မိမိကိုယ်မိမိ အဆိပ်သောက် ကြိုးးဆွဲချပြီး သေတတ်သူ၊ ကိုယ်လက်အင်္ဂါ မပြည့်မစုံပဲ ချို့ယွင်းနေသူ၊ ကိုယ်လုံးကိုယ်ထည် အချိုးမကျပဲဖြစ်နေသူ၊ အခြွေရံတွေပျက်စီးပြီး ချစ်တဲ့သူနဲ့ဝေးကွာခြင်းစတဲ့ချက်တွေနဲ့ပြည့်စုံနေသူများကိုတွေ့ရင် အဲဒီသူသည် အတိတ်က ပါဏာတိပါတကံကို ကျူးလွန်းခဲ့သူလို့ သိထားစေချင်ပါတယ်။ ဒါက ပါဏာတိပါတကံကို ကျူးလွန်လို့ ခံစားရတဲ့ဆိုကျိုးတွေပါ။ ပါဏာတိပါတလုံခြုံသူများကျတော့ ဆိုးကျိုးနဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုဖြစ်စေပါတယ်။ အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ အားအင်ပြည်ဖြိုးခြင်း၊ ကြောက်ရွံ့မှုကင်းခြင် း၊စိုးရိမ်ပူပန်မှုကင်းခြင်း၊ သူတစ်ပါးတို့၏နှိပ်စက်ခြင်းမှကင်းဝေးခြင်း၊ သူတစ်ပါးသတ်လို့သေရခြင်းမှကင်းဝေခြင်း၊ မိမိကိုယ်မိမိ အဆိပ်စသည်သောက်သေခြင်းမှကင်းဝေးခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့မှုမရှိခြင်း၊ ကိုယ်လုံးကိုယ်ထည်လှပခြင်း၊ ချစ်ရသူနဲ့ပေါင်းသင်းရခြင်း၊ အခြွေအရံများပြားခြင်း- စတဲ့အကျိုးတရားတွေကိုခံစားကြရမှာဖြစ်ပါတယ်။ အရှင်လတ်လတ် ပုပ်နေသော ရဟန်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းဝင်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်းတော်တစ်ပါး ညောင်စောင်းပေါ်မှာ လူးလှိမ့်ရင်း ဝေဒနာအပြင်းအထန်ခံစားနေပါတယ်။ ရဟန်းရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ဆီးသီးခန့်၊ ဆီးဖြူသီးခန့် ပမာဏရှိတဲ့ အနာလုံးကြီးများ သွေးတစိုစို ပြည်တရွှဲရွှဲ တစ်ကိုယ်လုံး အပ်ချစရာ နေရာမကျန်အောင် အနှံ့အပြားပေါက်နေပါတယ်။ ရဟန်းတော်ရဲ့ တစ်ကိုယ်လုံးကား ပုပ်စော်နံနေပါတယ်။ ပြုစုမည့်သူလည်း တစ်ဦးတစ်ယောက်မျှမရှိပါဘူး။ ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ မဟာဂရုဏာတော် မေတ္တာကတော့ အင်မတန်မှကြည်ညိုဖွယ်ကောင်းလှပါတယ်။ ဘာလို့လဲဆိုတော့ ပုပ်စော်နံပြီး မည်သူမှ မကပ်ချင်တဲ့ ဂိလာနရဟန်းတော်ကို ပြုစုဖို့ဆိုပြီးကြွရောက်တော်မူပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတော်နားကိုရောက်လာတော့မှ အခြားရဟန်းတွေက ဝိုင်းအုံလာပြီး ဂိလာန ရဟန်းရဲ့ ကိုယ်ပေါ်မှာရှိတဲ့ သင်္ကန်းတွေကို လျှော်ဖွပ် လဲလှယ်ပေးခြင်း၊ အနာလုံးကြီးများကို ဖန်ရည်ဖြင့်ဆေးကြောပေးခြင်း၊ ဆေးထည့်ပေးခြင်း စတဲ့ သူနာပြုလုပ်ငန်းများကိုလုပ်ဆောင်ပေးတာပါ။ အဲလိုပြုစုပေးလိုက်တော့မှ ထိုဂိလာနရဟန်း သက်သာရာရကာ ငြိမ်သက်တဲ့ စိတ်နဲ့ မှိန်းနေပါတယ်။ ပြောချင်တာက ထိုဂိလာနရဟန်း ဘာလို့အခုလို ဆိုးရွားတဲ့ရောဂါဝေဒနာကို ခံစားရတာလဲဆိုတာကိုပြောပြချင်တာပါ။ လောကမှာ တရားသဘောအရ (အကြောင်းရှိမှ အကျိုးဖြစ်တယ်)။ အကြောင်းကင်းပြီး အကျိုးဖြစ်လို့မရဘူး။ ဒီရဟန်းဘာကြောင့် အခုလို ရောဂါဆိုး ဝေဒနာဆိုကျိုးတွေကိုခံစားရတာလည်းဆိုတော့ ကဿပ မြတ်စွာဘုရားလက်ထက်တော်အခါက ထိုရဟန်းဟာ ငှက်မုဆိုးဖြစ်ခဲ့ပါတာပါ။ ငှက်မျိုးစုံကို သတ်ပြီး ဘုရင့်စားတော်ပွဲအတွက် ဟင်းလျာတစ်ခုအနေနဲ့ဆက်သရပါတယ်။ ကျန်တဲ့ ငှက်တွေကိုရောင်းပါတယ်။ ရောင်းလို့ မကုန်တဲ့ငှက်တွေကိုတော့ မပျံနိုင်အောင် အတောင် တွေကိုချိုးထားပါတယ်။ မသွားနိုင်အောင်ခြေထောက်တွေကို ချိုးထားပါတယ်။ တစ်ချို့ငှက်တွေကိုတော့ နောက်တစ်နေ့မှာသတ်ပြီးရောင်းချပါတယ်။ အတောင်ချိုး၊ ခြေချိုးထားတဲ့ငှက်တွေကိုတော့ နှစ်ရက် သုံးရက်နေပြီးမှသတ်ဖြတ်ပြီးရောင်းချပါတယ်။ အဲဒီတော့ ငှက်များဟာ ဆင်းရဲဒုက္ခကို အချိန်ကြာကြာခံစားရပြီးမှ အသတ်ခံကြရတာပါ။ အဲဒီမကောင်းတဲ့ အကုသိုလ်ကံအကြောင်းကြောင့် ယခုဘဝမှာ အရှင်လတ်လတ်ပုပ်နေတဲ့ ဆိုးကျိုးကိုခံစားရတာပါ။ ဒါပေမယ့် တစ်နေ့တော့ ငှက်မုဆိုးက ထိန့်လန့်သံဝေဂဖြစ်တာနဲ့ ရဟန္တာအရှင်မြတ်တစ်ပါးကို အရသာရှိတဲ့ ဆွမ်းနှင့် ဆွမ်းဟင်းလျာကိုလောင်းလှူပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရပါစေလို့ဆုတောင်းပါတယ်။ ယခုဘဝရောက်တော့ ထိုဂိလာနရဟန်းက ဝေဒနာကနေသက်သာလာတဲ့အခါ မြတ်စွာဘုရားက ဘာမျှ အသုံးမကျတဲ့၊ ဘာမျှတင့်တယ်ခြင်းမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးရဲ့ အပြစ်ပြတရားတွေကိုဖော်ထုတ်ပြီး သစ္စာလေးပါးတရားတို့ကိုဟောပေးလိုက်တော့ ရဟန္တာ အရှင်မြတ်ကို လှူဒါန်းခဲ့တဲ့ ကုသိုလ်အထောက်ပံ့ကြောင့် အရဟတ္တဖိုလ်ဥာဏ်ထိရပြီး ပရိနိဗ္ဗာန်စံဝင်ခဲ့ပါတယ်။ ဒီနေရာမှာတစ်ခုမေးဖွယ်ရှိလာပြန်တယ်။ အဲဒါဘာလဲလို့ဆိုတော့ သတ္တဝါတွေကိုညှဉ်းပန်းနှိပ်စက်တဲ့ အကုသိုလ်ကံကြီးရှိနေပါလျှက် အရဟတ္တဖိုလ်ဉာဏ်ထိရနိုင်သလားပေါ့လေ။ အဲဒီတော့ ပဉ္စာနန္တရိယကံ- မြတ်စွာဘုရားကိုသွေးစိမ်းတည်အောင်ပြုခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ သံဃာသင်းကွဲစေခြင်း၊ အမိကိုသတ်ခြင်း၊ အဖကိုသတ်ခြင်းဆိုတဲ့ ကံကလွဲရင် ကျန်တဲ့အကုသိုလ်ကံကို အရိယာမဂ်က ပယ်သတ်နိုင်ပါတယ်။ အဇာတသတ်မင်းသားဆိုလျှင် သာမညဖလသုတ်ကို နားကြားပြီးတော့ သောတာပန်တည်ရမည့်အစား အဖသတ်ထားတဲ့ကံကြောင့် အရိယာမဂ်နဲ့လွဲခဲ့တာပါ။ အဲဒီတော့ အတိတ်ဘဝက မမြင်ရတဲ့ အကုသိုလ်ကံကြွေး၊ ဒီဘဝမှာပြုလုပ်ထားတဲ့အကုသိုလ်ကံကြွေးတွေကို နှလုံးမသာမယာမဖြစ်ကြပဲ ပြုသင့်ပြုထိုက်တဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာအလုပ်များကိုကြိုးစားလုပ်သင့်တယ်လို့အသိပေးချင်တာပါ။ အကုသိုလ်ကံကြွေးတွေကို အရိယာမဂ်ကပယ်သတ်နိုင်တယ်ဆိုပြီး ကုသိုလ်အလုပ်ကိုမလုပ်ပဲ အကုသိုလ်အလုပ်တွေကိုတော့မလုပ်စေချင်ပါ။ ဘာလို့လဲဆိုတော့ ဒီဘဝမှာတကယ်အရိယာမဂ်ကိုရမယ်ဆိုတာ ဘယ်သူမှကျိန်းသေ တွက်ဆလို့မရပါဘူး။ ဂိလာနရဟန်းအရိယာမဂ်ကိုရတယ်ဆိုတာကလည်း သားသတ်မုဆိုးဘဝက ရဟန္တာအရှင်မြတ်ကိုလှူဒါန်းခဲ့တဲ့ကုသိုလ်ရယ်၊ အခြားဘဝတွေမှာပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေရယ် ပါရမီဉာဏ်တွေရင့်သန်လို့သာရခဲ့တာပါ။ ဦးဇင်းတို့တွေက ပါရမီဉာဏ်ရင့်သန်နေတဲ့သူတွေဟုတ် မဟုတ်ဆိုတာ သေချာပြောလို့မရတာဖြစ်သည့်အတွက် အကုသိုလ်ကိုတော့ရှောင်ကြဉ်စေချင်ပါတယ်။ ဒါက ပါဏာတိပါတကံကိုကျူးလွန်လို့ ခံစားရတဲ့ အကျိုးဒုက္ခပြ ပုံပြင်လေးတစ်ခုပါ။ ပါဏာတိပါတကံလုံခြုံရင်တော့ အထက်ကဖော်ပြခဲ့တဲ့ ကောင်းကျိုးတွေထဲက သူတစ်ပါးသတ်လို့မသေပဲအသက်ချမ်းသာခွင့်ရ၊ လက်တွေ့ခံစားရတဲ့ အကျိုးတရားလေးတစ်ခုပြောပါဦးမယ်။ ရှေးတုန်းက သီဟိုဠ်ကျွန်းမှာလယ်သမားကြီးတစ်ဦးပေါ့လေ၊ နွားပျောက်လို့ နေရာအနှံ့အပြားလိုက်ရှာနေရာကနေ တောင်စောင်းတစ်ခုပေါ်မှာရပ်ပြီး နွားများကိုလှမ်းမျှော်ကြည့်ရှုပြီးရှာဖွေနေတုန်း စပါးကြီးမြွေတစ်ကောင်က လယ်သမာကြီးရဲ့ ခြေထောက်ကို ရစ်ပတ်ထားပါတယ်။ လယ်သမားကြီးက လက်ထဲမှာကိုင်ထားတဲ့ ထက်လှတဲ့ ပဲခွပ်(ဓား)ဖြင့် မြွေကြီးကို ခုတ်ပိုင်းရန်ကြံစည်ပြီးကာမှ၊ ပိင်္ဂလဗုဒ္ဓရက္ခိတမထေရ်ထံမှာ ဆောက်တည်ခဲ့တဲ့သီလကို ပြန်ပြီးသတိရလို့ မြွေကြီးကို မသတ်ပဲ ပဲခွပ်ကိုတောထဲသို့လွင့်ပစ်လိုက်ပါတယ်။ အဲဒီတော့မှ မြွေကြီးက အခွေကိုဖြေကာ တောထဲသို့လျှောကနဲ ဝင်သွားပါတယ်။ ပြောချင်တာက သူတစ်ပါးအသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျှင် မိမိလည်း အသက်ချမ်းသာရတယ်၊ အသက်ရှည်တယ်လို့ပြောလိုခြင်းသာဖြစ်ပါတယ်။ ပါဏာတိပါတကံကျူးလွန် လျှင် ပစ္စုပ္ပန်လည်းမကောင်း၊ နောင်သံသရာလည်းမကောင်း။ နောင်သံသရာဆိုရင်တော့ ဆိုးကျိုးဆယ်မျိုးလုံးနဲ့ဆိုးကျိုးတွေခံစားရပြီး၊ ရှောင်ကြဉ်မယ်ဆိုရင်တော့ အခုလည်းကောင်း နောင်သံသရာလည်းကောင်းပါတယ်။ အားလုံး သူတစ်ပါးအသတ်ကိုသတ်ခြင်းမှ ရှောင်ကြဉ်စေလိုကြောင်း ဒီပိုစ့်လေးနဲ့ အသိပေးလိုက်ပါရစေ။ ဒီလောက်ဆိုရင် ပါဏာတိပါတကံရဲ့ ဆိုးကျိုး၊ ကောင်းကျိုးတို့ကို သိနားလည်လောက်ပါပြီ။ အဒိန္နာဒါန အကြောင်းကိုဆက်ရေးပါဦးမယ်။ အားလုံးကိုယ်စိတ်နှစ်ပါး၊ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) :::::::::::::::::::::::::::::::::::::::::::::::::::::::::: မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ ( ဓမ္မတရားတော် Post များကို အများသူငါ ဖတ်ရှုလေ့လာနိုင်စေရန်အတွက် မည်သူမဆို ပြန်လည်၍ဝေမျှ-( Share)(Save) (Copy) ယူ ခြင်းဖြင့်ကုသိုလ် ယူနိုင်ကြပါသည်ခင်ဗျာ) (အသိပညာဗဟုသုတနှင့် ကုသိုလ်တရား များတိုးပွားနိုင်ကြပါစေခင်ဗျာ) 🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏 🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏


via အလင်းရောင် ဓမ္မ https://ift.tt/2ADZ4Kq