အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 5, 2019
ဘုရား၊ စေတီမှ #ရောင်ခြည်တော် လွှတ်ခြင်းစသော တန်ခိုးများနှင့် စပ်လျဉ်း၍ 🙏💽💽💽💽💽💽💽💽💽💽💽 “ရောင်ခြည်တော်” ဟူသည် ဘုရားရှင်၏ ကိုယ်ခန္ဓာ၌ တည်ရှိသော အဆင်းတော်နှင့်တူစွာ အတွင်းစိတ်တော်၏ ကြည်လင်သန့်ရှင်းမှုကြောင့် တန်ခိုးဣဒ္ဓိပါဒ်တော် အစွမ်းဖြင့် အဆက်ဆက် ဖြာ၍ထွက်သော အရောင်များပင် ဖြစ်သည်။ ယခုအခါ၌ လရောင်၊ ဓာတ်မီးရောင် စသည်တို့ ဟပ်သဖြင့် ဘုရားရှင်နှင့်စပ်သော အရာ၀တ္ထုများ၌ တစ်ခုခု အရောင်ကလေးတွေ့လျှင် - တကယ်ရောင်ခြည်တော်ပဲ” ဟု ပြောကြဆိုကြ ကောလာဟလ ဖြစ်နေကြသည်မှာ ဘာသာခြားလူမျိုးတို့ ပြက်ရယ် ပြောင်လှောင်စရာ ဖြစ်သောကြောင့် အဆင်ခြင်နည်းပါးသူ အချို့လူများအတွက် ဘုရားရှင် ကိုယ်တော်မြတ်မှာ ဂုဏ်တော်မတက်ဘဲ ဂုဏ်ပျက်ဖွယ်သာ ရှိသဖြင့် ၀မ်းနည်းဖွယ် ကောင်းလှချေသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်က ရွှေသည်များ၏ ပယောဂဖြင့် မန္တလေး မဟာမြတ်မုနိ ရုပ်ပုံတော်မှ ခဏခဏ ရောင်ခြည်တော် လွှတ်နေကြောင်းကို မင်းတုန်းမင်းတရားကြီး ကြားသိတော်မူ၍ - “ယနေ့ကစပြီး ဘုရားက ရောင်ခြည်တော် မလွှတ်စေနှင်”့ ဟု တားမြစ်ရဖူးသတဲ့။ စေတိယပါဋိဟာရိယ အခန်း၌ မိလိန္ဒမင်းအား အရှင်နာဂသိန် မိန့်တော်မူပုံ ================================== မဟာရာဇာ... အကြောင်း (၃)မျိုးတွင် တစ်မျိုးမျိုးကြောင့် စေတီတော်မှ ရောင်ခြည်တော် စသော တန်ခိုးများဖြင့် ဖူးမြင်ကြရသည်” – ၁) ရဟန်းတစ်ပါးသည် ပရိနိဗ္ဗာန်စံတော်မမူမီကပင် လူ၊ နတ်တို့ကို သနားတော်မူသောကြောင့် ငါ၏ အရိုးဓာတ် ဌာပနာရာ စေတီတော်မှ မည်သည့်တန်ခိုးမျိုး ထွတ်ပေါ်ရစ်စေသတည်း” ဟု အဓိဋ္ဌာန်တော် မူတတ်၏။ ထို အဓိဋ္ဌာန်တော်မူချက်ကြောင့်လည်း စေတီတော်မှ ရောင်ခြည်တော် စသော တန်ခိုးများ ပေါ်ထွက်တတ်ပေသည်။ ၂) သာသနာအကျိုးကို များစွာလိုလားသော နတ်တို့သည် စေတီတော်၌ တန်ခိုးပြရလျှင် သာသနာတော်ကို ပိုမို၍ ကြည်ညိုကြလိမ့်မည်၊ ကြည်ညိုသူတို့မှာ ကုသိုလ်တရား တိုးပွားလိမ့်မည်” ဟု ကောင်းမြတ်သော ဆန္ဒဖြင့် တန်ခိုး ပြတတ်ကြ၏။ ထိုသို့ နတ်များ၏ တန်ခိုးပြမှုကြောင့်လည်း စေတီတော်မှ တန်ခိုးပေါ်ထွက်တတ်ပေသည်။ ၃) သဒ္ဓါတရား ထက်သန်သော အမျိုးသား၊ အမျိုးသမီး လူကြီးလူကောင်းတို့သည် ပန်း၊ နံ့သာ၊ အ၀တ် စသော လှူဖွယ်၀တ္ထုများကို စေတီတော်သို့ တင်လှူလျက် မည်သည့် တန်ခိုးများ ပြပါစေသား” ဟု အဓိဋ္ဌာန်တတ်ကြ၏။ ထိုသို့ သဒ္ဓါထက်သန်သူတို့၏ ထူးခြားသော အဓိဋ္ဌာန်မှုကြောင့်လည်း စေတီတော်မှ တန်ခိုး ထွက်ပေါ်တတ်ပေသည်။ ဤသို့ မိလိန္ဒမင်းအား အရှင်နာဂသိန် မိန့်တော်မူခဲ့သည်။ ########## ဤအမိန့်တော်ကို ထောက်ထားလျှင် ဘုရားရှင်နှင့် ရဟန္တာများ၏ အထူးအဓိဋ္ဌာန်ထားချက် မရှိသော စေတီတော်မှ ရောင်ခြည်တော်များ ထွက်ဖို့ရန် မဖြစ်နိုင်၊ အကယ်၍ ထွက်ရိုးမှန်လျှင်လည်း ဆိုင်ရာနတ်များက ဆောင်ပြခြင်းသာ ဖြစ်ရာ၏။ ဘုရားရှင်၏ အဓိဋ္ဌာန်တော်မူချက်ကြောင့် မဟာဗောဓိပင်မှ လည်းကောင်း၊ အရိုးဓာတ်တော်များမှ လည်းကောင်း ရောင်ခြည်တော်များ ခမ်းနားစွာ ကွန့်မြူးကြောင်း၊ သာသနာ ကွယ်ပသောအခါ ဓာတ်တော်အားလုံး စုရုံး၍ ဘုရားပွင့်တော်မူရာ မူလ မဟာဗောဓိပင်သို့ ကြွတော်မူပြီးလျှင် ရောင်ခြည်တော်များ ကွန့်မြူး ကြလိမ့်မည့် အကြောင်းများသာ ကျမ်းဂန်၌ လာသည်။ ထို့ကြောင့် ရုပ်ပွားစေတီတော်များမှ ထွက်သော ရောင်ခြည်တော်ကို ဖူးရသည်ဖြစ်စေ၊ မဖူးရသည် ဖြစ်စေ ရောင်ခြည်တော်ဖွင့် ဘုရားရှိခိုးမှ လာသည့်အတိုင်း သက်တော်ထင်ရှား ဘုရားရှင်၏ ထက်၀န်းကျင်၀ယ် အလွန် ကြည်နူးဖွယ်ကောင်းသော ရောင်ခြည်တော် ခြောက်သွယ်တို့၏ စံပယ်ကွန့်မြူးနေပုံကို စိတ်ကူးဉာဏ်ဖြင့် မှန်းဆ၍ မိမိတို့ အိမ်မှာဖြစ်စေ၊ စေတီတော်၊ ဆင်းတုတော် အနီးအပါးမှာဖြစ်စေ၊ ဘုရားအာရုံပြုရင်း ရောင်ခြည်တော်များ ထွက်တော်မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ကြိုးစားကြပါ။ သူက ငါက လုပ်၍ပြသော အတုရောင်ခြည်များကို ဘုရားရောင်ခြည်တော်ဟု မထင်မှားမိပါစေနှင့်။ အရှင်ဇနကာဘိဝံသ၏ “ရတနာ့ဂုဏ်ရည်” မှ Arkar Lynn
via အလင်းရောင် ဓမ္မ https://ift.tt/2oe71mU
Newer Post
Older Post
Home