အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 3, 2019
အလောင်းတော်တို့၏ စိတ်ထား •••••••••••••••••••••••••••• • အလောင်းတော်တကာ သူတော်စွာတို့၏ ကိုင်စွဲသောလက်နက်နှင့် ထားမြဲသော စိတ်ထားတို့မှာကား … ၁ ။ သီလ . . . ကိုယ်ကျင့်တရား မပျက်ပြားခြင်း၊ ၂ ။ သစ္စာ . . . မှန်သည်ကိုသာ ပြုလုပ်ပြောဆိုခြင်း၊ ၃ ။ မေတ္တာ . . . တစ်ဦးတည်းသား၌ ထားသောစိတ်ထားမျိုး အများ၌ ထားရှိခြင်း၊ ၄ ။ ခန္တီ . . . တစ်ဦးတည်းသား၏ အကောင်းအဆိုးများကို ခွင့်လွှတ်အားဖြင့် ထားပုံမျိုး အများတို့အပေါ်၌ ထားရှိခြင်းများပင် ။ ထိုလေးမျိုးတို့တွင်. . . ၁ ။ သီလနှင့် သစ္စာနှစ်ပါးကား အမြဲကိုင်စွဲ ရန်ဖြိုခွဲရမည့် လက်နက်အရာတည်း။ ၂ ။ ခန္တီနှင့် မေတ္တာနှစ်ပါးတို့ကား ခုခံရန်လွှဲ သူပစ်တိုင်းလွဲစေသည့် လွှာဒိုင်းကာအရာတည်း။ •• သီလဖြူစင်ခြင်းသည် . . . သစ္စာထိုက်ခြင်း၏ အကြောင်းရင်းတည်း။ •• မေတ္တာအင်အားသည် . . . သည်းခံနိုင်ခြင်း၏ အကြောင်းရင်းတည်း။ • သို့မဟုတ် သစ္စာတရားသည် မိမိ၏ အကျင့်ဂုဏ် အာရုံပြုရာမှ ပေါ်ထွန်းလာစေပြီး၊ ခန္တီတရားသည်လည်း မေတ္တာဓာတ်အား ကြီးရာမှ ပေါ်ထွန်းလာသော အစွန်းထွက်ပင်။ ထိုလေးမျိုးစလုံးတို့တွင် . . . သီလသည်သာ ဥက္ခောင်းအရာတည်း။ အဘယ့်ကြောင့်ဆိုသော် … ၁။ သီလ၌တည်၍ဆိုသော သစ္စာသည်သာ အရာရာ စူးရှလေ့ရှိသောကြောင့်တည်း။ ၂။ သီလ၌တည်၍ထားရှိသော မေတ္တာသည်သာ စမ်းရေပမာ အေးမြကြည်သာသောကြောင့်တည်း။ ၃။ သီလ၌တည်၍ခွင့်လွှတ်သော ခန္တီသည်သာ မကွဲမအက် တစ်ခဲနက် တည်လေ့ရှိသောကြောင့်တည်း။ တစ်ဖန်လည်း … က။ ရန်သူကို ခုခံရာ၌ သီလနှင့်သစ္စာသည် အရေးပါ အရာရောက်တတ်၏။ ခ ။ ရန်သူ အတုအစစ်ခွဲကြည့်ရာ၌ကား ခန္တီမေတ္တာသည် စွာ၏။ ထိုအားလုံးတို့တွင်လည်း ... သီလသည်သာ ဥက္ခောင်းအရာတည်း။ အဘယ့်ကြောင့်ဆိုသော် … • ရန်သူ့လက်နက်ကို သစ္စာဖြင့် တိုက်ဖျက်၍မှ မအောင်နိုင်လျှင် သီလကိုသာ တိုင်တည်ရသောကြောင့်တည်း။ • မေတ္တာစိတ်သွင်းပေး၍မှ ရန်ပြေငြိမ်းခြင်း မရှိလျှင် သီလကိုသာ တိုင်တည်ရသောကြောင့်တည်း။ • ခန္တီစိတ်မွေး၍မှ ရန်မကြေအေးခဲ့လျှင်လည်း သီလကိုသာ တိုင်တည်ရသောကြောင့်တည်း။ သို့ကြောင့် … • အလောင်းတော်တကာ သူတော်စွာတို့ ကိုင်စွဲသော လက်နက်လေးမျိုးတို့တွင် သီလသည် ဣစ္ဆာသယ ပတ္တမြားရတနာပမာ အရာရာ သူမပါမပြီးစီး၊ သူမပါခရီးမတွင်တတ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး •••••••••••••••••••••••••••••••••••••••••••••••• ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။ Credit to original uploader.
via အလင်းရောင် ဓမ္မ https://ift.tt/2oaNiV8
Newer Post
Older Post
Home