အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 30, 2019
"လူတွေရဲ့အပြုအမူတွေကို နားလည်ပေးလိုက်ပါ…"᠌᠌᠌ ဉာဏ်အမြော်အမြင် ကြီးထွားရင့်သန်လာမှုကို ခါးသီးနာကျည်းမှု လျော့ပါးသက်သာသွားတာနဲ့ အတိအကျ တိုင်းတာနိုင်ပါတယ်။ ဆိုလိုတာက ကိုယ်ဘယ်လောက်ရင့်ကျတ်ပြီလဲ ကိုယ့်ဉာဏ် ဘယ်လောက်ရင့်သန်သလဲ ကိုယ့်မှာ အမြော်အမြင်ဘယ်လောက်ရှိသလဲဆိုတာ ကိုယ့်ရင်ထဲမှာ ခါးသီးနာကျည်းတဲ့စိတ်တွေ ဘယ်လောက် လျော့ပါးသက်သာသွားပြီလဲဆိုတာနဲ့ အတိအကျကို တိုင်းတာလို့ရပါတယ်လို့ ဆိုလိုတာပါ။ လူတွေဟာ ကိုယ့်ကို သူတို့ဆက်ဆံချင်သလို ဆက်ဆံလိုက်ကြမှာပါနော်။ လူတော်တော်များများဟာ သိပ်မတွေးကြပါဘူး။ အမှတ်တမဲ့ပြောမိ ဆိုမိ ဆက်ဆံမိတာ များပါတယ်။ ကိုယ်ကတော့ ခံစားလိုက်ရတယ်။ နာနာကျင်ကျင်ကို ခံစားလိုက်ရတယ်။ ကိုယ်နဲ့ ဆက်ဆံနေရတဲ့သူမှာ သူဟာ သူ့ကိုယ်သူလည်း လေးစားတဲ့စိတ်ရှိတဲ့သူ သူတစ်ပါးကိုလည်း လေးစားတဲ့စိတ်ရှိတဲ့သူ ဖြစ်တယ်ဆိုရင် သူရဲ့အဆင့်အတန်းမြင့်တဲ့စိတ်နဲ့ ကိုယ့်ကို လေးလေးစားစားဆက်ဆံလိုက်မှာပါ။ စိတ်နေစိတ်ထားနိမ့်ကျတဲ့သူ ဖြစ်နေရင်လည်း သူဟာ သူ့စိတ်ရင်းအတိုင်းဆက်ဆံလိုက်မှာ လုံးဝသေချာတယ်။ ခက်တာက တစ်ခါတလေ ကိုယ်ကအချစ်ဆုံးလို့ ဆိုတဲ့သူတွေကတောင် တစ်ခါတလေ သူတို့ဆက်ဆံချင်သလို ဆက်ဆံလိုက်တာ ခံလိုက်ရလို့ ကိုယ့်ရင်ထဲမှာ ဝမ်းနည်းလွန်းလို့ ခံရခက်လွန်းလို့ စိတ်နာသလိုလို တန်ဖိုးမဲ့သွားသလိုလို ခံစားရတတ်ပါတယ်။ ရင်ထဲမှာ ပြန်တွေးမိတိုင်း နာကျင်နေရတယ်။ တကယ်တော့ သူတို့သိပ်တွေးမနေဘဲနဲ့ သူတို့ဟာသူတို့ သတိမပါဉာဏ်မပါ ဆက်ဆံချင်သလို ဆက်ဆံချလိုက်တာပါ။ လူတွေရဲ့ ကိုယ့်အပေါ် အပြုအမူ အပြောအဆိုတွေ မှားယွင်းတိုင်းသာ ကိုယ်က နာကျင်ခံစားနေရမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ချမ်းသာရွှင်လန်းမှုက ဘယ်သူ့ဆီရောက်သွားပြီလဲ။ ဒါကြောင့် သူတစ်ပါးအပြုအမူကြောင့် ဘယ်တော့မှ ငါတန်ဖိုးမရှိတော့ဘူးလို့ မတွေးပါနဲ့။ ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့သူတွေ အပါအဝင် လူတွေရဲ့ အပြုအမူတွေကို နားလည်ပေးလိုက်ပါ။ ရင့်ကျတ်တဲ့စိတ်ထားကို မွေးယူပါ။ လူကြီးစိတ်နဲ့ နားလည်ပေးလိုက်ပါ။ လူတွေဟာ ကိုယ့်ကို သတိမပါ ဉာဏ်မပါ သူတို့ဆက်ဆံချင်သလို ဆက်ဆံမိနေကြအုံးမှာပါ။ အဲဒါ တကယ်တော့ ကိုယ်မတတ်နိုင်တဲ့ကိစ္စကြီးပါ။ ခါးသီးနာကျည်းမှုတွေနဲ့ သိက္ခာမဲ့တဲ့အတွေးတွေ တွေးမနေဖို့ကတော့ ကိုယ့်ဉာဏ်ပညာအပေါ်မှာပဲ မူတည်ပါတယ်။ ဒီကိစ္စကတော့ ကိုယ်ဘက်က အပြည့်အဝတတ်နိုင်ပါတယ်။ ကိုယ်ရဲ့ဉာဏ်အမြော်အမြင် ကြီးထွားရင့်သန်လာမှုကို ကိုယ့်ရင်ထဲက ခါးသီးနာကျည်းမှု ဘယ်လောက် လျော့ပါးသက်သာသွားပြီလဲ ဆိုတာနဲ့ အတိအကျ တိုင်းတာနိုင်ပါတယ်။ သူတို့ ကိုယ့်ကို ဘယ်လိုပဲဆက်ဆံဆက်ဆံ ကိုယ့်တန်ဖိုးကိုကိုယ် အမြင့်ကြီးမှာထားပါ။ ကိုယ့်စိတ်ကလေးကိုကိုယ် ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်နေအောင် ဂရုစိုက်ပါ။ ကိုယ့်အတွေးလေးတွေ သိက္ခာရှိနေပါစေ။ Credit : Htet Htet Htun (ပြန်လည်မျှဝေပါသည်) photo credit
via အလင်းရောင် ဓမ္မ https://ift.tt/2mO7qvV
Newer Post
Older Post
Home