Sunday, September 29, 2019

""အပျော်မရှိလေသော သာသနာ"" သာသနာမှာ မပျော်တော့ လို့ လူထွက်တော့မယ်တဲ့••• သာသနာမှာ အပျော်ရှိတယ်လို့ ဟောကြားပြသထားတာ တခါမှ မတွေ့ဖူးပါဘူး အပျော်ရှာ ဖို့ သာသနာထဲ ဝင်လာတာလား လို့ မေးချင်မိပါတယ်••• အပျော်ရှာဖို့ဆိုရင်တော့ အပျော်ရှိတဲ့ နေရာနေပေါ့လေ သာသနာထဲ စဝင်တဲ့ အချိန်မှာ သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ ဆိုပြီးတော့ သံသရာဝဋ်ဒုက္ခမှ အမြန်လွတ်ချင်လို့ လောကတ္ထ စရိယ{ လောကအကျိုးအတွက်} ဉာတတ္ထစရိယ{ ဆွေမျိုးဉာတိအကျိုးအတွက် } ဗုဒ္ဓတ္ထ စရိယ {ဘုရားဖြစ်ဖို့ မဟုတ်တောင်မှ မိမိရဲ့ ပစ္စုပ္ပန် သံသရာ ကောင်းဖို့ အတွက်} ဖြစ်ဖို့ ကောင်းပါတယ် ဝင်လာစဉ်က အကြောင်းအမျိုးမျိုးကြောင့် ဝင်လာခဲ့တာ ဆိုရင်လည်း သာသနာထဲ ရောက်နေပြီဆိုတော့ ဘယ်လို အကြောင်းနဲ့ လာလာ သာသနာအတွက် စရိယ သုံးပါးကို အဓိက ထား ဖို့ လိုအပ်ပါပြီ••• သီရိဓမ္မာ အသောက မင်းရဲ့ ညီတော်တိဿမင်းသားဟာ သာသနာကို မကြည်ညိုဘူးတဲ့ ••• တနေ့တော့ တောကစားထွက်ရင်း သမင်တွေ မြူးတူးနေတာမြင်ရတော့ "မြက် စားတဲ့ သမင်တွေတောင် ဒီလောက် မြူးတူးနေရင် ငါ့အစ်ကို အသောက ကိုးကွယ်တဲ့ ဘုန်းကြီးတွေ ဆွမ်းအဦးအဖျား အစားကောင်းတွေ စားပြီး ဘယ်လောက် ပျော်မြူးနေလိုက်မလဲ "လို့ တွေးပြီး အသောကမင်းကို သွားပြောပါသတဲ့••• အသောက မင်းက ငါ့ညီတော်ဟာ မတွေးသင့်တာ တွေးမိနေပြီ ဆုံးမမှ ရမယ်ဆိုပြီး တနေ့တော့ အကြောင်းကိစ္စမဟုတ်ပဲ စိတ်ဆိုးယောင်ဆောင်ပြီး "လာခဲ့ ညီတော် မင်းကို ခုနှစ်ရက် ထီးနန်းစည်းစိမ်ကို စံစား စေမယ် ခုနှစ်ရက်ပြည့်ပြီးရင် သတ်မယ် လို့ အမိန့်တော် မှတ်သတဲ့ ••• အသောကမင်းရဲ့ ညီတော်တိဿ ဟာ ခုနှစ်ရက် ထီးနန်းစိုးစံရပေမယ့် တစ်ရက်မှ မပျော်ဘူး တဲ့ သူဟာ ခုနှစ်ရက်ပြီးရင် သေရမယ်ဆိုတာ သိနေတာကိုး ••• ခုနှစ်ရက်ပြည့်တဲ့ နေ့မှ အသောက မင်းက ဘယ်လိုလဲပေါ့ ထီးနန်းစည်းစိမ်မှာ ပျော်ရဲ့လား လို့ မေးတော့ မပျော်ကြောင်းပါဘုရား လို့ လျှောက်သတဲ့ ဒီတော့မှ အသောကမင်းက" အေး ညီတော်ဘုရားသားတော် ရဟန်းတွေဟာလည်း ဘယ်လောက်ကောင်းတဲ့ အာဟာရကို ဘုဉ်းပေးနေပါသော်လည်း သေခြင်းတရားကို နှလုံးသွင်းထားကြတာမို့ ညီတော်ထင်သလို မဟုတ်ပါဘူး" လို့ ရှင်းပြလိုက်သတဲ့••• ပြောလိုတာက သာသနာမှာ မပျော်လို့ လူထွက်မယ် ဆိုတဲ့ ညီတော်နောင်တောင်များ ဘုရား လူ့ဘဝခဏတာလေးပါ သာသနာတော်ဟာ အပျော်မရှိတဲ့နေရာဖြစ်ပြီး ကုသိုလ်တွေ နဲ့သာ ပျော်ရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ပျော်စရာမရှိဘူးလို့ မတွေးဘဲ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ သေနိုင်တယ်လို့ နှလုံးသွင်းပြီး ဘာသာ သာသနာ စည်ပင်ဖို့ ပရိယတ် ပဋိပတ် ကြိုးစားအားထုတ်ရင်း လောကအကျိုး ဉာတိဆွေမျိုးအကျိုး မိမိရဲ့ အကျိုး တိုးပွားအောင် ကျင့်ဆောင်တော်မူကြပါလို့ တိုက်တွန်းနိုးဆော်ပါတယ် သာသနာ့ ညီတော်နောင်တော် ညီမတော် အစ်မတော် တို့ ဘုရား •••• CR# __________ ဦးဇင်းလပြည့်[မြိတ်]


via အလင်းရောင် ဓမ္မ https://ift.tt/2nAiYCQ