အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 30, 2019
ရုပ်ပွားတော် စေတီတော်များကို ပူဇော်ကန်တော့ရာဝယ် မည်ကဲ့သို့ အာရုံပြုရပါမည်နည်း။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အမေး ၁။ ။(က) ရုပ်ပွားတော် စေတီတော်များကို ပူဇော်ကန်တော့ရာဝယ် မည်ကဲ့သို့ အာရုံပြုရပါမည်နည်း။ (ခ) တန်ခိုးကြီးဘုရားကို တကူတကသွား၍ ဖူးမြော်ပူဇော်ခြင်းနှင့် အိမ်တွင် ကိုးကွယ်ထားသော ရုပ်ပွားတော်ကို ဖူးမြော်ခြင်းတို့တွင့်မည်သည့် ဖူးမြော်ခြင်းက ပို၍ အကျိုးရှိပါသနည်။ အဖြေ(က)။ ။ရုပ်ပွားတော်သည် သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ကို အတုပွား၍ ထားသော (အဆင်းသဏ္ဌာန်တော်ကို အတုပြုလုပ်ထားသော) ဆင်းတုတော် ဖြစ်၏၊ ထို့ကြောင့်ထိုရုပ်ပွား ဆင်တုတော်လောက်တွင် စိတ်အာရုံ မပြီးစေဘဲ သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်လာအောင် ပူဇော်ကန်တော့နိုင်မှ သာ၍ အကျိုးရပါသည်။ "စေတီတော်" ဟူသည် ဘုရားရှင်၏ အရိုးတော် ဓာတ်များကိုသွင်းနှံ ဌာပနာ ထားသောကြောင့် ပူဇော်ကန်တော့ထိုက်သောဌာနတစ်မျိုးတည်း၊ ထို့ကြောင့် စေတီတော်ကို ပူဇော်ရာ၌လည်းသက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်လာအောင် ပူဇော်မူ သာ၍ အကျိုးရပါသည်၊ သို့သော် ရုပ်ပွားတော်, စေတီတော်လောက်တွင် စိတ်အာရုံ ယူနိုင်သော ပုဂ္ဂိုလ်များအတွက် လုံးလုံးအကျိုးမရဟုကား မဆိုလိုပါ။ အဖြေ (ခ)။ ။ဘုန်းကြီးအလိုအားဖြင့် သက်တော်ထင်ရှားမြတ်ဘုရား၏ ကိုယ်စားချည်းဖြစ်ကြသော ရုပ်ပွားတော်, စေတီတော်များကို တန်ခိုးကြီး, တန်ခိုးငယ်ဟု မခွဲခြားလိုပါ၊ လူအသွား အလာများသည်ကို တန်ခိုးကြီး, လူအရောက်အပေါက်နည်းသည်ကို တန်ခိုးငယ်ဟုဆိုလျှင် တောကြီး တောင်ကြီးအတွင်း၌ လူသူ အရောက်အပေါက်နည်းသော ဘုရား" ဟု ခေါ်ရမလိုဖြစ်နေရပါသည်၊ ထို့ကြောင့် ဤပြဿနာအတွက် အထူးမပြောလိုပါ၊ မိမိစိတ်က ဂုဏ်တော်ကို အာရုံပြုရာ၌ သဒ္ဓါပညာ အတိမ်အနက် လိုက်၍သာ အကျိုးရ ကွဲပြားဖွယ် ရှိပါသည်၊ အကယ်၍ အလွန်ကြည်ညိုစွာ အာရုံပြုနိုင်ပါမူ သက်တော်ထင်ရှား မြတ်ဘုရားကို ဖူးမြင်ရသော အကျိုးနှင့် ရုပ်ပွားတော်, စေတီတော်များကို ဖူးမြင်ရသော အကျိုးသည် တန်းတူပင် ဖြစ်နိုင်ပါသည်၊ ဥပမာ-အသက်ရှိသော မိဘကို တွေ့မြင်ရခြင်းနှင့် မိဘမရှိ၍ဓာတ်ပုံကိုသာ ကြည့်ရခြင်း၌ ရိုသေလေးစားမှု မကွာလျှင် အကျိုးပေး မကွာနိုင်သကဲ့သို့တည်း။ တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ, သမေ စိတ္တေ သမံ ဖလံ၊ စေတောပဏိဓိဟေတုံ ဟိ, သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။ တိဋ္ဌန္တေစာပိ-သက်တော်ထင်ထင်, တည်ရှိစဉ်ဝယ်, ဖူးမြင်ရငြား, မြတ်ဘုရား၌လည်းကောင်း၊ နိဗ္ဗုတေစာပီ-ရွှေပြည်နိဗ္ဗူ, စံတော်မူသည့်, သုံးလူ့ထွက်ထား, မြတ်ဘုရာ၌လည်းကောင်း၊ စိတ္တေ-ဂုဏ်တော်အာရုံ, ကောင်းစွာထုံ၍,တလုံသဲလဲ, မှီဝဲစွဲသုံး,စိတ်နှလုံးသည်၊ သမေ-သဒ္ဓါပညာ, အရာရာဝယ်, မကွာတန်းတူ, ညီမျှပါမူကား၊ သမံဖလံ-အကျိုးပေးဟန်, အတန်တန်လည်း, ဧကန်ညီမျှ, တန်းတူရလေတော့၏၊ ဟိယုတ္တံ-ထိုစကားလျှင်, မမှားဧကန်, ယုတ္တိတန်လှပါပေ၏၊ သတ္တာ-ယုတ်မြတ်မဟူ, သူငါကစ, သတ္တဝါဟူသမျှတို့သည်၊ စေတောပဏိဓိဟေတုံ-စိတ်နေစိတ်ထား, ကြီးမား ဖြူစင်, ကြည်လင်သန့်ရှင်း, အကြောင်းရင်းကြောင့်၊ သုဂ္ဂတိံ-လူ့ရွာနတ်ထံ, ချမ်းသာစံလျက်, နိဗ္ဗာန်အထိ, အကောင်းဆုံး ဂတိသို့၊ ဂစ္ဆန္တိ-ပါရမီ စွမ်းသလောက်, စခန်းထောက်၍, လှမ်းရောက်နိုင်ကြပေသတည်း။ [မဉ္စိဋ္ဌကဝဂ်, ပီတဝိမာနဝတ္ထု ပါဠိတော်။] ♣♣ မဟာဂန္ဓာရုံဆရာတော် Aung Aung ရေးသားပူဇော်သည်။ #PhyoeMayOo
via အလင်းရောင် ဓမ္မ https://ift.tt/2otrCUd
Newer Post
Older Post
Home