အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, August 25, 2019
အကောင်းမြင်စိတ် _________________ အာရုံဆိုတာ ကောင်းတဲ့အာရုံ ရှိသလို မကောင်းတဲ့အာရုံလည်း ရှိတယ်။ ဒါတွေက ရှောင်လို့ မရဘူး။ ဒီတော့ မကောင်းတဲ့ အာရုံနဲ့ တွေ့ပြီဆိုရင် အကောင်းဘက်က တွေးတတ်ဖို့ လိုတယ်။ ဒါမှ စိတ်ချမ်းသာတယ်။ ဟင်းမကောင်းပေမဲ့ ခံတွင်းကောင်းရင် စားလို့မြိန်တယ်။ ခံတွင်းမကောင်းရင် တော့ ဟင်း ဘယ်လောက်ကောင်း ကောင်း စားလို့ အဆင်မပြေဘူးလေ။ ဒီလိုပါပဲ၊ အာရုံမကောင်းပေမဲ့ အတွေးကောင်းရင် စိတ်ချမ်းသာပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ်ဟာ အင်မတန် အရေးကြီးတယ်။ ကောင်းကွက်ကို ရှာပါ --------------------------- လူဆိုတာ ပတ်ဝန်းကျင်နဲ့ နေရတယ်။ မိသားစုတို့ ဆွေမျိုးတို့, တပည့်သားမြေးတို့, မိတ်ဆွေအပေါင်းအသင်းတို့နှင့် မကင်းကြဘူး။ အဲဒီလိုနေတဲ့အခါ တခါတရံ ပြဿနာ ဖြစ်တတ်တယ်။ နီးတစ်ချက်ချက် ဝေးတသက်သက်တဲ့။ ပြဿနာ ဖြစ်ပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပဲ မြင်တယ်။ ဒီတော့ အပြစ်မြင်လေ မကျေနပ်လေပဲ။ ဒါကြောင့် လူရင်းတွေအပေါ် မကျေမနပ် ဖြစ်လျှင် ကျေးဇူးတရားလေးတွေကို တွေးရတယ်။ ဒါမှ စိတ်ထဲမှာ ပေါ့သွားတယ်။ "ကောင်းကွက်ကို ရှာ မေတ္တာ" တဲ့။ လူတိုင်း အပြစ် မကင်းကြဘူးလေ။ ဒီတော့ အပြစ်ကြည့်မယ်ဆိုရင် လူကောင်းဆိုတာ ရှာလို့ မရဘူး။ ဒါကြောင့် ကောင်းကွက်ကို ရှာတတ်ဖို့ အရေးကြီးတယ်။ ခန္တီပါရမီ ဖြည့်ခွင့်ရတယ် -------------------- နောက်တစ်ခု၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်အကျိုး လိုလားသူ ရှိသလို မလိုလားသူလည်း ရှိတယ်။ ဆိုလိုတာက ရန်သူဆိုတာ ရှိသလို မိတ်ဆွေဆိုတာလဲ ရှိတယ်။ ဒီတော့ ရန်သူတွေနဲ့ တွေ့ပြီဆိုရင် စိတ်ညစ်ရတယ်။ ဒါကြောင့် ရန်သူတွေကို တွေ့ရပြီ မြင်ရပြီဆိုရင် "သည်းခံရင် ခန္တီပါရမီတဲ့၊ ဒီတော့ ခန္တီပါရမီ ဖြည့်ခွင့်ရတယ်"လို့ တွေးလိုက်ပါ။ ဒါဆိုရင် စိတ်ထဲမှာ ပေါ့သွားတယ်။ မြတ်စွာဘုရားဆိုရင် ဘုရားမဖြစ်ခင် အလောင်းတော်ဘဝက ဒေဝဒတ်အလောင်းဖြစ်တဲ့ သူယုတ်မာက အမျိုးမျိုး နှောက်ယှက်ခဲ့တယ်။ ဘယ်လိုပင် နှောက်ယှက် နှောက်ယှက်၊ ဘုရားလောင်းက သည်းခံခဲ့တယ်။ ဒါကြောင့် ခန္တီပါရမီ ပြည့်သွားတာ။ ခန္တီပါရမီ ပြည့်သွားလို့လည်း ဘုရား ဖြစ်သွားတာပဲ။ ဒါကြောင့် ရန်သူနဲ့ တွေ့ရင် စိတ်ညစ်စရာ မလိုပါဘူး။ အကောင်းဘက်ကနေ တွေးလိုက်ပါ။ "ခန္တီပါရမီ ဖြည့်ခွင့်ရတယ်" လို့။ ဒါဆိုရင် ဘယ်သူ့ကိုမှ အပြစ်မမြင်တော့ဘူး။ အပြစ်မြင်သည် ထားဦးတော့ နည်းသွားတယ်။ အဲဒါ "အကောင်းမြင်စိတ်" ပါပဲ။ အကောင်းမြင်စိတ် ရှိလေ စိတ်ချမ်းသာလေ၊ စိတ်ချမ်းသာလေ ဘဝဟာ နေပျော်လေပါပဲ။ __________________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ #PhyoeMayOo
via အလင်းရောင် ဓမ္မ https://ift.tt/30yaomN
Newer Post
Older Post
Home