Monday, August 26, 2019

အမေ့ဆီက ဖုန်းလာရင်ပျော်လိုက်ပါနော် ❤❤❤❤❤❤❤❤❤❤ ဒီနေ့ ဗီဒို ရှင်းရင်း အမေကိုင်ခဲ့တဲ့ တရုတ်ဖုန်းအဟောင်းလေး အမှတ်မထင်တွေ့လိုက်တယ်။ ကျမ ခဏတာ ငိုင်ကျသွားတယ်အမေ... အမေ့ဖုန်းခေါ်သံ ကျမ မကြားရတာ ဘယ်လောက်ကြာနေပြီလဲ.. အမေ့ တသက်တာမှာ ဘယ်ဖုန်းအသစ်ကိုမှ ဝယ်မကိုင်ခဲ့ဘူး။ ကျမတို့မောင်နှမတွေ မကိုင်ချင်တော့တဲ့ ဖုန်းကိုမှ အမေကိုင်တယ်။ ဆန်းဆန်းပြားပြား ဖန်ရှင်တွေလည်း အမေ မသိခဲ့ဘူး။ ကျမတို့မောင်နှမတွေရဲ့နာမည်ရယ် သူ့အမျိုးတချို့ နာမည်တွေသာ ဖုန်းထဲမှာရှိတဲ့ အမေ့ဖုန်းလေး.. ဘေလ်တောင်မဖြည့်တတ်တဲ့ အမေ့ဖုန်းလေး.. အားပြည့်မပြည့်ကိုတောင် မကြည့်တတ်တဲ့ အမေ့ဖုန်းလေး... ဘေလ်လည်းမစစ်တတ်တဲ့ အမေ့ဖုန်းလေးပါ၊ အမေရယ် ကျမဆီဖုန်းဆက်ပါဦး... အမေရှိစဉ်က ... ကျမပြန်ရောက်ရမယ့်အချိန် နည်းနည်းနောက်ကျတာနဲ့ ဆက်ပြီ.. အရည်သောက်ပူပူသိပ်ကြိုက်တတ်တဲ့ ကျမအတွက် ဟင်းရည်နွေးထားရတော့မလား မေးပြီ.. အသုပ်သုပ်တဲ့နေ့ဆို ကြိုလှီးထားရင် ညီးစော်နံမှာစိုးလို့ လာခါနီးရင် ကြက်သွန်လှီးထားလိုက်ရတော့မလား မေးပြီ.. ကျမ ခရီးသွားရင် ဘယ်ရောက်နေလဲ ပြန်လာပြီလား မေးပြီ... အခုမေးပါဦးလား အမေရယ်... က်မေလ အမေရှိစဉ်တုန်းက အမေ့ဆီကဖုန်းလာရင် စိတ်တိုမိတယ်။ ရောက်တော့မှာပေါ့ ကားတွေပိတ်နေလို့.. လာမှာပေါ့ ရုံးမှာပြဿနာတွေတက်နေလို့.. ဘာလို့ဆက်ရတာလဲ.. တခါတလေ ပြောမိတယ်.. အမေ... အမေ့ဆီက အခုဖုန်းမလာတော့ဘူး ကျမဖုန်းထဲက MOM ဆိုတဲ့ contact လေးကိုလည်း ကျမမဖျက်ပစ်ရက်ဘူးအမေရယ်.. အမေရှိစဉ်က တရုတ်တန်းရောက်ရင် အမေဘာစားဦးမလဲ... City mart ရောက်ရင် အမေဘာဝယ်ခဲ့ရမလဲ... ဘုရားရောက်ရင် အမေအမေ့အတွက်လှူနေတယ် သာဓုခေါ်နော်... အမြဲအမေ့ဆီဖုန်းခေါ်ခဲ့တာ... အခု အမေလည်းမရှိတော့ဘူး အေမက်မဆီ ဘယ်တော့မှဖုန်းခေါ်တော့မှာမဟုတ်ဘူး ကျမခေါ်လည်း အမေဖုန်းမကိုင်နိုင်တော့ဘူး... အမေ့ဖုန်းလေးကို ကျမအားပြန်သွင်းကြည့်ပြီး ပြန်ဖွင့်ကြည့်တယ် ကျမ နံပါတ်ကိုအရင်တွေ့ရတယ် " သမီးကြီး " တဲ့... ကျမလေ ကျမနံပါတ်ကိုနှိပ်လိုက်တယ်.. ကျမဖုန်းမှာ အသံမြည်လာတယ် " MOM "တဲ့... ကျမ ပျော်သွားတယ် အမေရယ်... အမေ တကယ်ခေါ်နေသလိုပါပဲ... ကျမခွန်အားတွေပြန်ရလိုက်သလိုပဲ. ကျမ ရင်ထဲမှာလေ ဝမ်းနည်းတာရော ဝမ်းသာတာရော အမေ့ကိုလွမ်းတာရော အမေ့ကို ပြန်လိုချင်တာရော... ခံစားမှုတွေရောထွေးရင်း.. ဖုန်းသံဆုံးတဲ့အထိ ငိုင်နေမိတယ်... အမေ့ရဲ့ဖုန်းလေးကိုအားပြည့်တဲ့အထိ သွင်းလိုက်တယ် ပြီးတော့အမေ့ဖုန်းထဲက app တွေကို တခုခြင်း ပြန်ရှာမိတယ်။ ဖုန်းထဲမှာ အမေနဲ့ကျမ အပျော်ရိုက်ထားတဲ့ပုံတွေ.. အမေနာယူဖို့ကျမသွင်းပေးထားတဲ့ တရားတော်တွေ.. အမေနားထောင်ဖို့ ကျမ ကူးပေးထားတဲ့ မာမာအေးသီချင်းတွေ... အမေအရမ်းချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ wall paper တွေ .... အမေရယ်... ကျမဆီကို ဖုန်းလေးတကောလ်လောက် ခေါ်ပါဦးလား..😢 'ဘုရားပန်းဝယ်ခဲ့နော်'...မှာပါဦးလား 'ထွန်းရွှေဝါဝယ်ခဲ့နော်'...မှာပါဦးလား 'season ရောက်ရင်ပေါင်မုန့်မမေ့နဲ့နော်'.... မှာပါဦးလား... ပြန်မရတော့ဘူး အမေ... အမေပြန်မလာတော့ဘူး.. အဲဒီနောက်ပိုင်းတော့ ကျမဘဝမှာ စိတ်တွေမွန်းကြပ်လာရင်.. အနာဂတ်တွေပျောက်ကုန်တယ်လို့ ခံစားမိရင်.. လုပ်သမျှ အရာရာဘာတစ်ခုမှအဆင်မပြေရင်.. အမေ့နံပါတ်ကလေးကိုနှိပ်ရင်း ဖုန်းခေါ်ထားရင်း ကျမ ငိုကြွေးမိတယ်။ ဘယ်သူမှမရှိတဲ့အခန်းလေးထဲမှာ အမေ့ဖုန်းလေးကိုခေါ်ရင်း ကျမ စကားတွေပြောရင်း ငိုတတ်လာတယ်။ အမေရယ်... ဖုန်းခေါ်ပါ ကျမခေါ်ရင်လည်းကိုင်ပါ... စာဖတ်သူတွေဆီမှာ အမေရှိသေးရင်.. အမေ့ဆီက ဖုန်းခေါ်သံကြားနေရသေးရင်.. ပျော်လိုက်ပါ... ဝမ်းနည်းတိုင်း ပျော်ရွှင်တိုင်း အောင်မြင်မှုတွေရတိုင်း ဆုံးရှုံးမှုတွေကြုံတိုင်း အမေ့ဆီဖုန်းဆက်ပါ... ကမ္ဘာပေါ်မှာ အချိန်အကန့်အသက်နဲ့သာ ပြောလို့ရနိုင်တာ အမေ့ဖုန်းခေါ်သံပါ... အမေ သေသွားရင် ဖုန်းပြောလို့မရနိုင်တော့ဘူး... အမေ နာမကျန်းဖြစ်သွားရင် ဖုန်းပြောလို့မရနိုင်တော့ဘူး.... ဒါကြောင့် အမေ့ဆီက ဖုန်းသံကြားနေရသေးရင် သင် ပျော်လိုက်ပါ။ Cr# Min Yel Kyaw Swar အမြဲရွှင်လန်း ချမ်းမြေ့ကြပါစေ။ ဇာဏီ အလင်းရောင်ဓမ္မ


via အလင်းရောင် ဓမ္မ https://ift.tt/3227xTj