Thursday, August 29, 2019

🌹 ဓမ္မဝါဒီ အဓမ္မဝါဒီ ဟူသည် ထိုအခါ တရားစစ်မှုးကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ထိုကောသဗ္ဗီရဟန်းတို့ သာဝတ္ထိပြည်သို့ လာကြကြောင်း သတင်းစကား ကြားသိရ၍ မြတ်စွာဘုရားရှင်ထံသို့ သွားရောက်ဝပ်လျှိုး ရှိခိုးပြီးခါ အပြစ်လွတ်ရာ အရပ်၌ ထိုင်နေပြီးလျှင် မြတ်စွာ ဘုရားရှင်ကို "ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ခိုက်ရန်ငြင်းခုံမှု ပြုကြသည့် ထိုကောသဗ္ဗီ ရဟန်းတို့သည် သာဝတ္ထိပြည်သို့ လာကြပါကုန်သတဲ့။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်သည် ထိုရဟန်းတို့ အပေါ်ဝယ် အဘယ်သို့ ကျင့်ရပါမည်နည်း" ဟူ၍ မေးလျှောက်လေလျှင် မြတ်စွာဘုရားရှင်သည် "ချစ်သား သာရိပုတ္တရာ ထိုသို့ဖြစ်လျှင် သင်ချစ်သားသည် တရားလမ်းကြောင်းအတိုင်း တည်လေလော့" ဟု မိန့်တော်မူ၏။ "ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်သည် တရားသည် မတရားသည်ကို အဘယ်သို့ သိရပါမည်နည်း" ဟု အရှင်သာရိပုတ္တရာ မထေရ်က လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သောအတိုင်း အဓမ္မဝတ္ထု တစ်ဆယ့်ရှစ်ပါး ဓမ္မဝတ္ထု တစ်ဆယ့်ရှစ်ပါးတို့ကို အစဉ်အတိုင်း ဟောကြားတော် မူလေ၏။ 🌷 အဓမ္မဝတ္ထု တစ်ဆယ့်ရှစ်ပါး "ချစ်သား သာရိပုတ္တရာ တစ်ဆယ့်ရှစ်ပါးသော အကြောင်းတို့ဖြင့် အဓမ္မဝါဒီပုဂ္ဂိုလ်ကို သိရမည်။ ချစ်သား သာရိပုတ္တရာ သာသနာတော်၌ ရဟန်းသည် (၁) တရားမဟုတ်သည်ကို တရားဟု ပြ၏။ (၂) တရားကို တရားမဟုတ်ဟု ပြ၏။ (၃) ဝိနည်း မဟုတ်သည်ကို ဝိနည်းဟု ပြ၏။ (၄) ဝိနည်းကို ဝိနည်းမဟုတ်ဟု ပြ၏။ (၅) မြတ်စွာဘုရား မဟောအပ်၊ မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ဟု ပြ၏။ (၆) မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု ပြ၏။ (၇) မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏။ (၈) မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏။ (၉) မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏။ (၁၀) မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏။ (၁၁) အာပတ် မသင့်သည်ကို အာပတ် သင့်၏ဟု ပြ၏။ (၁၂) အာပတ် သင့်သည်ကို အာပတ် မသင့်ဟု ပြ၏။ (၁၃) ပေါ့သော အာပတ်ကို လေးသော အာပတ်ဟု ပြ၏။ (၁၄) လေးသော အာပတ်ကို ပေါ့သော အာပတ်ဟု ပြ၏။ (၁၅) အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏။ (၁၆) အကြွင်းမရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏။ (၁၇) ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏။ (၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်း ကြမ်းတမ်းသော အာပတ်ဟု ပြ၏။ ချစ်သား သာရိပုတ္တရာ ဤတစ်ဆယ့်ရှစ်ပါးသော အကြောင်း (ဝတ္ထု) တို့ဖြင့် အဓမ္မဝါဒီ ပုဂ္ဂိုလ်ကို သိရမည်။ 🌷 ဓမ္မဝတ္ထု တစ်ဆယ့်ရှစ်ပါး ချစ်သား သာရိပုတ္တရာ တစ်ဆယ့်ရှစ်ပါးသော အကြောင်း (ဝတ္ထု) တို့ဖြင့် ဓမ္မဝါဒီပုဂ္ဂိုလ်ကို သိရမည်။ ချစ်သား သာရိပုတ္တရာ သာသနာတော်၌ ရဟန်းသည် (၁) တရား မဟုတ်သည်ကို တရားမဟုတ်ဟု ပြ၏။ (၂) တရားဟုတ်သည်ကို တရားဟုတ်၏ဟု ပြ၏။ (၃) ဝိနည်း မဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏။ (၄) ဝိနည်း ဟုတ်သည်ကို ဝိနည်း ဟုတ်၏ဟု ပြ၏။ (၅) မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု ပြ၏။ (၆) မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ဟု ပြ၏။ (၇) မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏။ (၈) မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏။ (၉) မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏။ (၁၀) မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏။ (၁၁) အာပတ် မသင့်သည်ကို အာပတ် မသင့်ဟု ပြ၏။ (၁၂) အာပတ် သင့်သည်ကို အာပတ်သင့်၏ဟု ပြ၏။ (၁၃) ပေါ့သော အာပတ်ကို ပေါ့သော အာပတ်ဟု ပြ၏။ (၁၄) လေးသော အာပတ်ကို လေးသော အာပတ်ဟု ပြ၏။ (၁၅) အကြွင်းရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏။ (၁၆) အကြွင်း မရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏။ (၁၇) ရုန့်ရင်း ကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်း ကြမ်းတမ်းသော အာပတ်ဟု ပြ၏။ (၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏။ ချစ်သား သာရိပုတ္တရာ ဤတစ်ဆယ့်ရှစ်ပါးသော အကြောင်း (ဝတ္ထု) တို့ဖြင့် ဓမ္မဝါဒီပုဂ္ဂိုလ် ကို သိရမည်ဟူ၍ ဟောကြားတော် မူလေ၏။ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ "မဟာဗုဒ္ဓဝင်" စတုတ္ထတွဲ စာမျက်နှာ (၃၁) မှ (၃၄) ထိ ကူးယူ၍ ဓမ္မဒါန ပြုပါသည်။ မြတ်​ဗုဒ္ဓ၏ သား​တော်


via အလင်းရောင် ဓမ္မ https://ift.tt/2Ub8iH7