Thursday, August 29, 2019

ကုသိုလ်ပြုပြီးတိုင်း ဆုတောင်းသင့် /မတောင်းသင့် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဆုတောင်းတာအပိုဖြစ်မနေဘူးလား မေး။ ။ ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကောင်းတဲ့ အကျိုးကိုရမယ် ဆိုပြီး ကုသိုလ်တစ်ခုခုကိုပြုပြီး ဘာဖြစ်လို့ဆုတောင်းနေကြသလဲ။ ဆုတောင်းတာအပိုဖြစ်မနေဘူးလား။ ဆုတောင်းဖို့ လိုပါသေးသလား။ ဖြေ ။ ။ကုသိုလ်ကောင်းမှုတစ်ခုခုကို ပြုပြီးရင် ဆုတောင်းဖို့လိုတာ လဲရှိတယ်။ မလိုတာလည်းရှိတယ်။ အဘိဓမ္မာသဘောအရ ***************** ကုသိုလ်တရားကို (၂၁)မျိုးခွဲတယ်။ ကာမာဝစရကုသိုလ်က (၈)မျိုး၊ မဟဂ္ဂိုလ်ကုသိုလ်က(၉)မျိုး၊ မဂ်ကုသိုလ်က(၄)မျိုး ဖြစ်တယ်။ မဟဂ္ဂုတ်ဈာန်ကုသိုလ်(၉)မျိုးကို ပြုလုပ်သူက ဆုတောင်းစရာမလိုဘူး။ သေရင်ဗြဟ္မာ့ဘုံ(၂၀)မှာဈာန်ချမ်းသာကို ခံစားရမယ်။ ပထမဈာန်ကုသိုလ်ရသူက ပထမဈာန်ဗြဟ္မာ့ဘုံ၊ စတုတ္ထဈာန်ရတဲ့သူက စတုတ္ထဈာန်ဗြဟ္မာ့ဘုံမှာ ဈာန်ချမ်းသာကို ခံစားရတယ်။ ၀ိပဿနာကျင့်လို့ မဂ်ကုသိုလ် (၄ပါး)ရတဲ့သူဟာ လဲ ဖိုလ်ကုသိုလ် (၄ပါး)အကျိုးခံစားရမယ်။ သောတာပတ္တိမဂ်ကုသိုလ်ရတဲ့သူက သောတာပတ္တိ ဖိုလ်၊ အရဟတ္တမဂ်ရတဲ့သူက အရဟတ္တဖိုလ်အကျိုး ခံစား ရတယ်။ ကာမာဝစရကုသိုလ် (၈) မျိုးကိုပြုလုပ်ထားတဲ့ သူက တော့ လူ့ဘုံနဲ့နတ်ပြည် ၆ ထပ်လို့ခေါ်တဲ့ကာမသုဂတိ (၇ ) ဘုံမှာ လူချမ်းသာ နတ်ချမ်းသာကို ခံစားရတယ်။ ဒီလိုခံစားရတဲ့အခါမှာ ဘယ်ကုသိုလ်ဟာ ဘယ်ဘုံမှာ ခံစားရမယ်လို့ ပိုင်းခြားကန့်သတ်မှုမရှိဘူး။ ကာမာဝစရကုသိုလ်တစ်ခုဟာ လူ့ဘုံ စတုမဟာရာဇ် တာဝတိံသာစတဲ့ သုဂတိ (၇)ဘုံလုံးမှာ ဖြစ်နိုင်တယ်။ လူ့ဘ၀တစ်ခုတည်းမှာလဲ လူချမ်းသာတွေက အမျိုး အစား အားဖြင့် မရေမတွက်နိုင်လောက်အောင် များပြားတယ်။ နတ်ပြည်မှာလဲ နတ်ချင်းတူပေမယ့် ချမ်းသာသုခ မတူညီကြဘူး။ ဘုံဘ၀ (၇)ခုမှာ မရေမတွက်နိုင်တဲ့ သုခတွေရှိတဲ့ အနက်ထဲက ယနေ့ယခုပြုရသော ကုသိုလ်ကောင်းမှုကံကြောင့် ဘယ်ဘုံမှာ ဘယ်လို ချမ်းသာသုခတွေခံစားစံစားရ ပါလို၏လို့ တိကျတဲ့ ဘုံဌာနနဲ့ တိကျတဲ့ချမ်းသာကို ထုတ်ဖော် ဆုတောင်းဖို့လိုတယ်။ ဇောတိကသူဌေးအလောင်းဟာ ကုသိုလ်ပြုပြီး သူပိုင်တဲ့ပစ္စည်းကို သူမပေးဘဲ မြက် ၀ါးခြမ်းစိပ်မျှ မယူနိုင်ပါစေနဲ့လို့ ဆုတောင်းခဲ့လို့ ယခုဇောတိက သူဌေးဖြစ်တဲ့အခါ သူ့ပစ္စည်းကို ဘယ်သူမှခိုးယူလို့မ ရဘူး။ အဂ္ဂသာဝကဆု ဧတဒဂ်ဆုတွေကို အတိတ်ဘ၀က တောင်းခဲ့ကြတဲ့အတွက် ယခုဘုရားရှင်လက်ထက်မှာ တောင်းတဲ့ဆုနဲ့ပြည့်စုံကြတာ ပိဋကတ်တော်မှာ နေရာ အများ အပြားတွေ့နိုင်တယ်။ ဒါကြောင့်ကုသိုလ်ကောင်းမှုတစ်ခုခုပြုပြီးရင် မိမိလိုတဲ့ ဆုကို တောင်းသင့်တယ်လို့ မှတ်ကြရမယ်။ ဒါနသီလစတဲ့ ကာမာဝစရကုသိုလ်ဟာ နိဗ္ဗာန်ကို တိုက်ရိုက်မရောက်နိုင်ပေမယ့် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်နိုင်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဣဒံမေပုညံ အာသ၀က္ခယံဝဟံဟောတု = ဤကောင်းမှုသည် နိဗ္ဗာန်ကိုပေးဆောင် နိုင်ပါစေ သတည်း။ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု=ဤကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်စေသတည်းလို့ ဆုတောင်း လေ့ရှိကြတာဖြစ်တယ်။ ရှေ့မှာပြခဲ့သလို နိဗ္ဗာန်ကို ဆုတောင်းခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစားလိုစိတ်ဖြစ်ကာ ၀ိပဿနာ တရားတွေကို လက်တွေ့ကျင့်ကြံဖြစ်ဖို့ အထောက် အပံ့ဖြစ်တဲ့ အတွက်ကုသိုလ်ပြုပြီးတိုင်း ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏ နိဗ္ဗာန်အထောက်အပံ့ဖြစ်ရပါလို၏လို့တော့ ဆုတောင်း သင့်ပါတယ်။ မိရိုးဖလာလွန်ဗုဒ္ဓဘာသာဓမ္မ စာပေများမှ ပြုပြုသမျှသော ကုသိုလ်ကောင်းမှုတို့သည် ဒုက္ခခပ် သိမ်းကင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေသတည်း။ စေတနာ မေတ္တာဖြင့် ဒေဝီခင်


via အလင်းရောင် ဓမ္မ https://ift.tt/328Mdf0