အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 30, 2019
အပါယ်တံခါးပိတ်အောင် ရှင်းလင်းစွာ *************************** ဟောပြထားသော တရားပုံပြင် ************************* ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တန်ခိုးတော်နဲ့ ရဟန်းတွေကို ငရဲပြည်ခေါ်သွားပြီး မဟာပရိဠာဟ ငရဲကို ပြတော်မူပါတယ်။ ငရဲမီး တဟုန်းဟုန်း တောက်လောင်နေတဲ့ မဟာပရိဠာဟငရဲကိုပြပြီး – ”ရဟန်းတို့၊ မဟာပရိဠာဟငရဲဟာ ကြောက်စရာကောင်းပါတယ်။ မျက်စိနဲ့ကြည့်လိုက်မယ်ဆိုရင် မြင်တာနဲ့ မျက်စိ ပျက်တယ်။ ငရဲသားတွေ ပူလွန်းလို့ အော်ကြတဲ့အသံတွေ ကြားလိုက်တယ်ဆိုရင်လည်း ကြားတာနဲ့ အဲဒီ နားပျက်တယ်။ ငရဲမီးနဲ့ လောင်မြိုက်လို့ ထွက်လာတဲ့အညှော်နံ့တွေကို နံလိုက်ရင်လည်း အဲဒီနှာခေါင်း ပျက်တယ်။ အဲဒီငရဲမီးနဲ့ လျှာနဲ့ထိလိုက်ရင်လည်း အဲဒီလျှာပျက်တယ်။ ကိုယ်နဲ့ထိရင် ကိုယ်ပျက်တယ်။ ဒီလောက်အထိ ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ ဒီထက်ကြီးတဲ့ ကြောက်စရာရှိသေးတယ်။ အဲဒါ သစ္စာမသိတာပဲ။ သစ္စာမသိတဲ့ဒုက္ခ က ဒီထက်ကြောက်စရာကောင်း တယ်”တဲ့။ သစ္စာမသိခြင်းကြောင့် ဒီငရဲတွေ ကျရောက်ရတာ။ သစ္စာသိရင် ကျစရာ မရှိပါဘူး။ ငရဲကျရတာလည်း သစ္စာမသိလို့။ လူဖြစ်ရတာလည်း သစ္စာမသိလို့။ နတ်ဖြစ်ရတာကလည်း သစ္စာမသိလို့။ ဒါကြောင့် သစ္စာမသိခြင်းဟာ ကြောက်စရာ အကောင်းဆုံးပဲလို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မိန့်တော်မူပါတယ်။ ဇာတိဖြစ်ကြောင်းကံတွေ လုပ်နေကြတာဟာလည်း သစ္စာမသိလို့ ပါပဲ။ ဇရာဖြစ်ကြောင်းကံတွေ လုပ်နေကြတာကလည်း သစ္စာမသိလို့၊ မရဏဖြစ်ကြောင်းကံတွေ လုပ်နေကြတာကလည်း သစ္စာမသိလို့။ ဒီကံတွေကို အုပ်ချုပ်နေတာက ကိလေသာ။ ကိလေသာ(၁ဝ)ပါး ရှိသော်ငြားလည်း အပါယ်ရောက်အောင် ပို့ဆောင်ပေးတဲ့ ခေါင်းဆောင်တရားတွေက ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကိလေသာတွေပါပဲ။ ဒီထဲမှာတောင်မှ ဝိစိကိစ္ဆာက ဒိဋ္ဌိပြုတ်ရင် အလိုလို ပြုတ်သွားတာ။ ဒီတော့ အရေးအကြီးဆုံး သတ်ရမှာသည် ဒိဋ္ဌိပဲ။ ဒီ ဒိဋ္ဌိခန္ဓာမှာ ကပ်ပါတယ်။ ခန္ဓာဖြစ်ကြောင်း၊ ခန္ဓာဖြစ်ကျိုး မသိလို့ဘဲ ဒိဋ္ဌိကပ်ရတယ်။ ဒါကြောင့် ဒိဋ္ဌိ ခွာချင်ရင် ခန္ဓာအကြောင်း ကောင်းကောင်းသိအောင် လုပ်ဖို့လိုပါတယ်။ ကိုယ့်ဥာဏ်ကို ခန္ဓာထဲမှာ စိုက်ပြီး ခန္ဓာက ပြတာကိုပဲ သေသေချာချာ သိအောင် လုပ်ပေးရတယ်။ ခန္ဓာက မပြတာတွေ အပိုတွေကို သိမနေပါနဲ့။ ခန္ဓာက သူ့ရှိတဲ့ ဒုက္ခတွေသာ ပြနေတယ်၊ သူမရှိတာ ဘာတစ်ခုမျှ မပြဘူး။ သူရှိတာက ရုပ်လည်း မမြဲဘူး၊ ဖြစ်ပြီးပျက်၊ ဝေဒနာလည်း မမြဲဘူး၊ ဖြစ်ပြီးပျက်၊ သညာလည်း မမြဲဘူး ဖြစ်ပြီးပျက်၊ သင်္ခါရလည်း မမြဲဘူး ဖြစ်ပြီးပျက်၊ ဝိညာဏ်လည်း မမြဲဘူး ဖြစ်ပြီးပျက်။ ဒုက္ခသစ္စာတွေ ချည်းပဲလို့ ပြတာ၊ ဒီအရှိသဘောတရားတွေ အမှန်အကန်ဉာဏ်နဲ့ မြင်အောင် ကြည့်နေရင် ဘယ်တော့ မှ ”ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ”လို့ စွဲနေစရာ မရှိတော့ဘူး။ ဒါမှမဟုတ်ဘဲ ငါ့ရုပ်, ငါ့လက်, ငါ့ခြေ, ငါ့ခါး, ငါ့စိတ်, ငါ့အနာ စသည်ဖြင့် အရာရာ ခန္ဓာအမှန်မမြင်ဘဲ ဒိဋ္ဌိစွဲဖြင့် လိုက်ကြည့်နေမယ်ဆိုရင်တော့ ခန္ဓာကပြတာ မမြင်ဘဲ ခန္ဓာက မပြတာသာ မြင်နေတော့တာပဲ၊ ခန္ဓာက ပြတာတွေမြင်နေရင် မရှိတာတွေကို အရှိ ထင်နေတော့တယ်၊ ငါဟာ တစ်သံသရာလုံးက ဒီလို အထင်အမြင် အယူအဆတွေနဲ့ နေလာခဲ့တာ။ ခုလည်း များသောအားဖြင့် ဒီ ထင်မြင်ယူဆချက်တွေနဲ့သာ အချိန်ကုန်နေကြတာ များပါတယ်။ အဲဒါကို ဒိဋ္ဌိအယူစွဲလို့ ခေါ်တယ်။ ဒီဒိဋ္ဌိ အယူစွဲရှိနေသရွေ့တော့ ဘယ်တော့မှ အပါယ်နဲ့ အိုးစား မကွဲသေးဘူး။ ကံကောင်းလို့ လူဖြစ်နေလည်း ခဏပဲ။ နောက်ကျရင် ဒိဋ္ဌိက အပါယ်ဆွဲချဦးမှာ။ ဘာကြောင့်တုံးဆိုတော့ ဒီကံကို(ဒိဋ္ဌိ)ကိလေသာက စီမံနေတာလေ။ ဒိဋ္ဌိက စီမံခံရလျှင် အပါယ်လေးဘုံ တန်းရောက်တာပဲ။ ဒိဋ္ဌိမနိုင်လို့ လက်လျှော့လိုက်ရတဲ့ ကုသိုလ်ကံက စီမံနေသေးရင်တော့အထက် သံသရာမှာ ကျင်လည်နိုင်တာပေါ့။ အထက်သံသရာ ကျင်လည်ခွင့်ရလည်း ကုသိုလ်ကံ စွမ်းအားကုန်တာနဲ့ ဒိဋ္ဌိလက်ထဲ ပြန်ရောက်၊ အောက်ပြန်ဆွဲချတာ ခံရမှာပဲ။ ဒါကြောင့် ဒိဋ္ဌိမပြုတ်သေးသရွေ့ အပါယ်အရေး စိတ်မအေးရသေးဘူးသာမှတ်။ ဒိဋ္ဌိကို အသိဥာဏ်နဲ့လည်း ဖြုတ်၊ အပွားဥာဏ်နဲ့လည်း ဖြုတ်၊ နောက်ဆုံး အပယ်ဥာဏ်နဲ့ဖြုတ်လိုက်ရင် ဒိဋ္ဌိတရားက ခြယ်လှယ်ခွင့်မရတော့ဘူး။ ရှေးဦးစွာ လုပ်ရမှာက ဒိဋ္ဌိဖြုတ်ပေးတဲ့ တရားကို များများနာကြားပြီး ဒိဋ္ဌိပြုတ်တဲ့ အလုပ်, အပွားအလုပ်ကို လက်တွေ့ လုပ်ဖို့ပါပဲ။ အပွားဥာဏ်နဲ့ခွာလို့ ကိုယ့်ဥာဏ်ရင့်သန်လာခဲ့ရင် တစ်ဘဝ နှစ်ဘဝ အပါယ်မကျပါဘူးလို့ မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူပါတယ်။ အပွားဥာဏ် ရင့်သန်လို့ အဲဒီ ဝိပဿနာဥာဏ် မမေ့မပျောက်နဲ့ သေသွားရင်တော့ နတ်ပြည်ရောက်တယ်။ နတ်ပြည်ရောက်ပြီး တစ်နည်းမဟုတ် တစ်နည်းနဲ့ သောတာပန်တည်တယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း သောတာနုဂတသုတ် မှာ အာမခံတော်မူထားပါတယ်။ ဒါကြောင့် ဒိဋ္ဌိပြုတ်ချင်ရင် ပဋိစ္စသမုပ္ပာဒ် ကြောင်းကျိုး နားလည်ရမယ်၊ ဖြစ်ပျက်မြင်ရမယ်၊ မြင်အောင် ဝိပဿနာပွားရမယ်။ ဒါဆိုရင် သစ္စာ သိမယ်။ သစ္စာသိတာနဲ့ ဒိဋ္ဌိကွာတော့တာပဲ။ ဒိဋ္ဌိကွာရင်လည်း အပါယ် တံခါးပိတ်ပါတယ်။ ဒါကြောင့် ”ကိုယ့် ကိုယ်ကိုယ် သနားရင် သစ္စာသိအောင် လုပ်ပါ” လို့ မိုးကုတ်ဆရာတော်ကြီး မိန့်တော်မူပါတယ်။ သစ္စာ သိအောင်လုပ်မှ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရာကျမယ်။ ကိုယ့်ဘဝ အပါယ်ဘေးက စိတ်အေးရမယ်။ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ရာမကျဘဲ နှစ်ရာကျလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်တာ သစ္စာသိတဲ့ မဂ်ဥာဏ်မှတစ်ပါး အခြားမရှိဘူး။ ”ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”။ သစ္စာသိလို့ မဂ်ဥာဏ်ရပြီဆိုတော့လည်း ကိုယ့်အတွက် ကျိန်းသေရောက်မှာ သေချာနေတဲ့ ငရဲဘေးကတောင်မှ လွတ်မြောက်နိုင်တယ်။ ကိုယ့်ကို ငရဲပို့မယ့် အပါယ်ပို့မယ့် ဒိဋ္ဌိကို ဒီလူ့ပြည်ကနေ ပိုင်ပိုင်နိုင်နိုင် သတ်ပစ်လိုက်ပြန်တော့ ကိုယ့်အတွက် ပေါ်နေတဲ့ ဒယ်အိုးတွေ၊ ငရဲမီးတွေ ဘာတွေ အကုန် ဒီက ဒိဋ္ဌိဖြုတ်လိုက်တာနဲ့ အပြီးပိုင် ငြိမ်း၊ အပြီးပိုင် သိမ်းသွားတာပဲ။ အရှင် အင်္ဂုလိမာလဟာ လူပေါင်းများစွာ သတ်ခဲ့တာပဲ။ ဒါအတွက် သူ ခန္ဓာနဲ့ အပါယ်မှာ ဘဝများစွာ ပေးဆပ်လို့ တောင် ကျေဖို့မလွယ်ဘူး။ ဒါလောက် များပြားတဲ့ ဆိုးမွေ ဝဋ်ကြွေးတွေကို အရဟတ္တမဂ်ဥာဏ်က ဖြတ်ချလိုက်တာ သူဟာ အပါယ်တံခါး ပိတ်ရုံတင်တောင် မကဘူး။ နိဗ္ဗာန်အထိ ချက်ချင်းမျက်မှောက်ပြုသွားနိုင်တယ်။ ဒါဟာ ဘုရားတည်းဟူသော သူတော်ကောင်းရင့်မကြီးနဲ့ တွေ့လို့ပေါ့။ မတွေ့လို့ကတော့ ဒီဥာဏ် ဘယ်လိုလုပ်ရနိုင်ပါ့မလဲ။ Cr# မင်းဒဿ **************** { ဒေါက်တာအရှင်ပါရမီ } { အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း အတွဲ (၁၉)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၈ } [ ထုတ်နုတ်တင်ပြခြင်းဖြစ်ပါသည် – TTH ] credit : အရိယာ စံအိမ် acc Posted by► Young Buddhist Association
via အလင်းရောင် ဓမ္မ https://ift.tt/2PqyyOT
Newer Post
Older Post
Home