Monday, August 26, 2019

🍁ကပ္ပိယကြီးဖြစ်ဖို့ လွယ်သလားဟဲ့ သမ္မတကြီးရဲ့  *********************************** 🔹ဆရာတော်ဘုရား၊ တပည့်တော်မှာတော့ ဆရာတော်ဘုရား အနားမှာ ကုသိုလ်ပြု ၀တ်ဖြည့်ရပါတယ်။ ဒါပေမယ့် ငယ်သူငယ်ချင်းတွေ ကျောင်းနေဘက်တွေက တပည့်တော်ကို တွေ့တိုင်း တွေ့ တိုင်း အမြဲတမ်း ''ကပ္ပိယကြီး ကပ္ပိယကြီး'' လို့ ခေါ်ကြတာကြောင့် သမ္မတကြီး၊ လွှတ်တော်နာယကကြီးဆိုတဲ့ နာမည်ပျောက်ပြီး ''ကပ္ပိယကြီး''ဆိုတဲ့နာမည်သာ တွင်နေပါပြီဘုရား..ဟု ရယ်ကာမောကာဖြင့် ဆရာတော်ဘုရားကြီးအားလျှောက်တင် လေသည်။ 🔸''ဟဲ့ သမ္မတကြီးရဲ့နင်က ကပ္ပိယကြီးလို့  အခေါ်ခံရတာကို နာလို့ လား။ ကပ္ပိယကြီး အခေါ်ခံရဖို့ ဆိုတာ နင် လွယ်တယ်မှတ်လို့ လားဟဲ့'' 🔸''ကပ္ပိယကြီးဆိုတာ အခေါ်ခံရဖို့  လွယ်တယ်မှတ်သလား၊ နောက်ပြီးတော့ ကပ္ပိယကြီးဆိုတဲ့ အဓိပ္ပာယ်ကို နင်သိရဲ့ လားဟဲ့'' 🔹မသိပါဘုရား၊ အဓိပ္ပာယ်ကို ဆရာတော်ဘုရားကြီးမှ မိန့် မြွက်တော်မူပါဘုရား။ 🔸''ကပ္ပိယဆိုတာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကစလို့  ရဟန်းသံဃာတွေ အနားမှာနေပြီး လုပ်သင့်တာလုပ်အောင်၊ မလုပ်သင့်တာ မလုပ်ရအောင်၊ မအပ်တာကို အပ်အောင် လုပ်ပေးတဲ့သူကိုမှ ကပ္ပိယလို့ ခေါ်တာဟဲ့'' 🔸''အာနန္ဒာဆိုတာ ငါတို့ ဗုဒ္ဓသမိုင်းမှာ အင်မတန် နာမည်ကြီးတဲ့ အင်မတန်ကို ကုသိုလ်ထူးတဲ့၊ ကုသိုလ်ကြီးတဲ့ ကပ္ပိယကြီးဟဲ့'' 🔸''အာနန္ဒာဆိုတာ ကပ္ပိယ ရာထူးရချင်လို့ ၊ ကပ္ပိယရာထူးရဖို့ အတွက် ကမ္ဘာတသိန်း ပါရမီဖြည့်လာရတာဟဲ့ ၊ ကပ္ပိယများ လွယ်လွယ်ဖြစ်လာတာမှတ်လို့ '' 🔸''ဘုရားရှင်အနားမှာနေပြီး ကပ္ပိယဖြစ်အောင် ခွင့်တောင်းဖို့ ကလည်း လွယ်တာမှတ်လို့ ၊ ကပ္ပိယဆိုတာ မလွယ်ဘူးဟဲ့'' 🔸''မအပ်တဲ့ဆေးကို အပ်အောင် ၊ မစားအပ်တဲ့အစာကို စားအပ်အောင်၊ မလုပ်သင့်တာကို မလုပ်အောင် ဘေးကနေ လျှောက်ထား တောင်းပန်ရတာကို ကပ္ပိယလို့ ခေါ်တာဟဲ့၊ မှတ်ထားသမ္မတကြီးရဲ့ '' 🔸 ''နင်က အရှင်အာနန္ဒာလိုနေရာမျိုး ရတာတောင် နင်ကထွက်ချင်တဲ့လူကိုးဟဲ့'' ဆိုပြီး ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးက သမ္မတကြီးစ၀်ရွှေသိုက်ကို ဆုံးမ မိန့် မြွက်တော်မူခဲ့ ပါတယ်။ 🔸သမ္မတကြီးစ၀်ရွှေသိုက်မှာ ဝေဘူဆရာတော်ဘုရားကြီးအနီးတွင် ရန်ကုန်သို့ ကြွလာတော်မူစဉ် အချိန်ကာလ၌ သပိတ်ကိုင်၍ ကုသိုလ်ပြုခဲ့သူ၊ ဆရာတော်ဘုရားအား ထီးမိုးပေးခဲ့သူ စသည်ဖြင့် ကုသိုလ်ယူခဲ့သူတယောက်ဖြစ်ပါသည်။။ Hla Shein ★ ကျော်ဇေယျာလေး (ကသာ)၏ သိမီစုဆောင်းမိသမျှ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ တရားတော်နှင့် ကျန်ရှိနေသော မှတ်တမ်းများ။မှ ထုတ်နုတ်ပူဇော်မျှဝေပါသည်။။။။ 5:10pm 28/12/2017 အလင်းရောင်ဓမ္မ


via အလင်းရောင် ဓမ္မ https://ift.tt/2KWfLa7