အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, August 29, 2019
ကောင်းလိုက်တဲ့ အမေးအဖြေ။ ယုတ္တိရှိရှိ မှန်မှန်ကန်ကန် ဖြေထားတာ ဂုဏ်ယူစရာ ပါပဲ။ ရဟန်းတစ်ပါးနဲ့ ဘာသာမဲ့ အင်ဂျင်နီယာ တစ်ယောက်ရဲ့ အမေးအဖြေ လေးပါ။ ********************* ''တစ်ပါးတည်း နေရတာ မပျင်းဘူးလား အရှင်'' ''ပျင်းလို့  တစ်ပါးတည်း လာနေတာပါ ဒကာ'' ''တပည့်တော်သာ အရှင့်နေရာမှာဆို အလွန်ပျင်းရိနေမှာပဲ'' ''ဘုန်းကြီးလည်း ဒကာတို့ နေခဲ့တဲ့ လူ့အဖွဲ့အစည်းတွင်းက လာခဲ့တာပါ၊ ပျော်တယ် ပျင်းတယ်ဆိုတာ ခံယူတဲ့ စိတ်အပေါ်သာ မူတည်တယ်၊ ဒကာ သိပ်ရိုးအီသွားတဲ့အခါ အရာရာဟာ ပျင်းစရာပဲ'' ''အခုလို ထိုင်နေရတာရော မပျင်းဘူးလား'' ''ဒကာအမြင်မှာတော့ ထိုင်နေတာပေါ့ တကယ်တော့ ဘုန်းကြီးက Game ကစားနေတာ၊ အခုမှစ ကစားကာစမို့ ပျော်တောင် ပျော်နေသေးရဲ့'' ''ဘာ Game များလဲ အရှင်'' ''အင်မတန် လှုပ်ရှားတတ်တဲ့ စိတ်ကို ငြိမ် အောင်ဖမ်းတဲ့ Game ပေါ့'' ''ဘယ်လိုပိုက်မျိုးနဲ့ ဖမ်းလဲ'' ''သတိတရားနဲ့ ဖမ်းပါတယ်'' ''ဒါ သမထ Game လား'' ''ဆိုပါတော့ သမာဓိထူထောင်တဲ့ Game တစ်ခုပါပဲ'' ''ပျော်ဖို့ကောင်းရဲ့လား'' ''စာအုပ်ဖတ်နေတဲ့သူဟာ ရှေ့က ရုပ်ရှင်ကို စိတ်မဝင်စားဘူး၊ ရှေ့က ရုပ်ရှင်ကို စိတ်ဝင်စားရင် လက်ထဲက စာအုပ်ကို စိတ်မဝင်စားဘူး... အာရုံ စုစည်းမှုမရှိရင် ဘာကိုမှ လုပ်မရဘူးလေ၊ အလုပ်တစ်ခုမှာ Concentraction ရဖို့ အခြားတစ်ခုကို Neglect လုပ်ရတယ်.. ဒကာက အခြားကိစ္စတွေကို လျစ်လျူ မရှုနိုင်ပဲ ဒီ Game ကို လာဆော့ မယ်ဆိုရင် ပျော်လိမ့်မယ် မထင်ဘူး'' ''ဒီ Game ကို ဆော့တဲ့ အကျိုးကျေးဇူးက ဘာဖြစ်မလဲ'' ''အကျိုးကျးဇူးမဲ့တဲ့ Game ဆိုတာမရှိသလို Side Effect ကင်းတဲ့ ဆေးဆိုတာမရှိဘူး... အကောင်း အဆိုးဟာ သိပ်ဒွန်တွဲတယ်.... ဘယ်သူ အနေနဲ့လဲလို့ မေးရလိမ့်မယ်... ဆယ်တန်း ကျောင်းသားတစ်ယောက်က စာမကျက်ပဲ တရားထိုင်နေမယ်ဆို ဘုန်းကြီး အပြစ်ဆိုရလိမ့်မယ်... Minor သဘောနဲ့ အချိန်အနည်းငယ်ပေးပြီး လေ့ကျင့်တာမျိုးကိုတော့ မတားမြစ် လိုဘူး...'' ''အရှင်ဘုရားအတွက်ဆိုရင်ရော'' ''သတ္တဝါတွေဟာ ကိုယ်ပျော်ရာကို ကိုယ် ရွေးချယ်ကြတယ်... မြင့်မြတ်ခြင်း ယုတ်ညံ့ခြင်းကိုတော့ ဓမ္မဓိဋ္ဌာန်ပေတံနဲ့ တိုင်းမှသာ သင့်မယ်ထင်ရဲ့... ဘုန်းကြီး အတွက်တော့ ဒီ Game ဟာ သိပ်ကို ပျော်ဖို့ ကောင်းတဲ့ Game ပေါ့'' ''အကြောင်းပြချက်ရှိမလား '' ''အကြောင်းပြချက် ဆိုတာထက် ရည် ရွယ်ချက်ရှိသလားလို့ မေးစေချင်တယ် ဒကာ… အကြောင်းပြဖို့  လုပ်နေတာ မဟုတ်ဘူး၊ ရည်ရွယ်ချက်နဲ့ လုပ်နေတာ၊ စိတ်ကို ခိုင်မြဲသန်မာအောင် လေ့ကျင့် နေတာပါ... သင်ရွှေထုပ်ကောက်ရ တဲ့အခါ သိပ်ကို ပျော်ရွှင်လိမ့်မယ်... စိတ်ကို အလှုပ်တစ်ခုဖြစ်စေမယ်၊ သင်တို့ကတော့ Positive ဘက်ကို ရွေ့တဲ့ Feeling လို့မြင်တယ်.... ဘုန်းကြီး ကတော့ မငြိမ်သက်တဲ့ စိတ်သဘောလို့ မြင်တယ်... သမ္မာသတိနဲ့ တွဲမချည်ထားတဲ့ စိတ်ဟာ လောကဓံ တစ်ခုနဲ့ ကြုံတိုင်း လှုပ်နေရတယ်၊ ဒါဟာ အခြေမခိုင်မာမှုကြောင့်ပါ... ခေါင်းလောင်းကို ဘယ်လောက် အားနဲ့ ထိုးထိုး အချိန်တစ်ခုမှာ ခေါင်းလောင်း သံဟာ တဖန် တိတ်ဆိတ်သွားရသလိုမျိုး ထီပေါက်ပြီး ပျော်ရွှင်ရတာက အချိန်တစ်ခုမှာ ပျော်ရွှင်မှုအသံတွေဟာ တဖန် ပြန်တိတ်ဆိတ်သွားမှာပါ... ထီပေါက်တဲ့ သတင်းနဲ့ သံစူးတဲ့ဖြစ်စဉ် တစ်ပြိုင်တည်း ဖြစ်ခဲ့မယ်ဆိုရင် သံစူးတဲ့ ဝေဒနာကို သင်ဂရုတောင် စိုက်မှာ မဟုတ်ဘူး၊ အကယ်၍များ ထီပေါက်ပြီး တစ်နှစ်အကြာမှာ သံစူးခဲ့မယ်ဆိုရင်တော့ ထီပေါက်ခဲ့တာကို မေ့ပြီး သံစူးတာကိုပဲ သင် ခံစားရမှာပါ... ပြောခဲ့သလို သမ္မာသတိနဲ့သာ တွဲမချည်ထားဘူးဆိုရင် ဆူကြုံနိမ့်မြင့် လောကဓံရဲ့ ချယ်လှယ်မှု အတိုင်း ပျော်ရွှင်ရ ဝမ်းနည်းရနဲ့ ... သင့်စိတ်တွေ ပင်ပန်းနေရော့မှာ... ဒါက ဘုန်းကြီးရဲ့အမြင်ပါ... သင်တို့ကတော့ လောကဓံ အတွန်းအတိုက်မှာ ရှေ့တိုး နောက်ဆုတ် ဖြစ်နေရတာကိုက ဘဝလို့ ယူဆထားတာကိုး ''တပည့်တော်တို့က မှားနေသလား'' ''ဒါဟာ အမှန်အမှားသဘော မဟုတ်ဘူး၊ ဒါဟာ သဘာဝသဘော၊ သစ္စာသဘော ပါပဲ၊ လောကီနယ်မှာ ကျင်လည်လိုသူ အတွက် လောကသစ္စာက အမှန်ပေါ့၊ လောကီက လွန်မြောက်လိုသူအတွက် လောကုတ္တရာ သစ္စာက အမှန်ပေါ့'' ''လောကုတ္တရာဆိုတာ'' ''လောက ဥတ္တရ လောကကိုလွန်မြောက် ခြင်းပေါ့'' ''ဘာလို့များ လောကကို လွန်မြောက် ချင်ရတာလဲ'' ''ပျင်းလာလို့ပါ'' ''နားမရှင်းဘူးဘုရား၊ ပြောင်းပြန်ကြီး ဖြစ်နေသလားလို့၊ တကယ်ဆို အရှင်တို့ ဘဝက ပိုပျင်းစရာ မကောင်းဘူးလား'' ''သင်ရေကူးဖူးသလားဒကာ'' ''ကူးဖူးတယ်ဘုရား'' ''ရေကူးနေကြသူတွေဟာ ရေကူးကန် ပေါ်ကလူတွေကို ပြောတယ် ရေကူးရတာ ပျော်စရာပဲတဲ့... ရေမကူးရသေးသူ တွေက ရေကူးချင်စိတ် တဖွားဖွားပေါ့... ရေကူးလို့ ပျင်းလာသူတွေက ရေကန် ပေါ်ပြန်တက်တယ်... မြူးထူးစွာ ကူးနေဆဲသူတွေကို မြင်တယ်... ဒါပေမယ့် သူ့ကို မဆွဲဆောင်နိုင်တော့ဘူး၊ သူရေကူးရတာ ပျင်းသွားပြီ... ပျော်ဖို့ အတွက် ရေဆင်းကူးပြီးပျင်းလို့ ပြန်တတ်လာတဲ့ လူတွေလိုပဲ၊ ဘုန်းကြီးက ပြန်တတ်လာသူပါ၊ သင်တို့က ကူးနေဆဲ သူတွေပါ၊ ဘယ်သူမှ မမှားကြပါဘူး၊ ဒါက ကိုယ့်စိတ်ရဲ့သဘာဝပါပဲ'' ''တကယ်ဆို တပည့်တော်တို့လည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပျော်ရွှင်မှုကို ရှာနေ ကြတာပဲ၊ အရှင်ဘုရားကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ရွှင်မှုကို ရှာဖွေနေတာပဲ... ဘာလို့များ အရှင်တို့က ပိုမြင့်မြတ်တယ်လို့ ယူဆကြတာလဲ'' ''မာန်နည်းသူကို လက်အုပ်ချီတာနဲ့ မာန်ကြီးသူကို လက်အုပ်ချီရတာ မတူဘူးဒကာ၊ အက်ဒီဆင်ဟာ သံဃာတွေထက် ဗဟိဒ္ဓအလင်းရောင် ပေးမှုမှာ ပိုမြင့်မြတ်သူပါ၊ ပိုအကျိုးပြုသူပါ... သူ့ကို လက်အုပ်ချီလည်း ရသလို လက် အုပ်မချီလည်းရတယ်၊ သင်ဘယ်လိုပုံစံနဲ့ လေးစားမှုကို ပြလိုသလဲ၊ တို့ရဟန်း တွေကို လူတွေက လက်အုပ်ချီတယ်... အနည်းဆုံးတော့ တို့စောင့်ထိန်းတဲ့ သီလကို လေးစားလို့ လေးစားမှု ပြတဲ့သဘောပါ။ လက်အုပ်မချီသူ ကိုလည်း တို့က အပြစ်လည်း မမြင်သလို အပြစ်လည်း မတင်ပါဘူး... စစ်တပ်မှာ အထက်အရာရှိကို အလေးပြုတာဟာ လေးစားမှုကို ပြတာဖြစ်သလို တို့ရဟန်းတော်ကို လက်အုပ်ချီတာ ဟာလည်း လေးစားမှုကို ပြတာပဲ ဖြစ်ပါတယ်.... ပိုမြင့်မြတ်တယ် ပိုနိမ့်ကျတယ်ဆိုတာ ဘယ်ကဏ္ဍမှာလဲလို့ ပြန်မေးရလိမ့်မယ်... မြန်မာ့ လွတ်လပ်ရေး သမိုင်းမှာ ဗိုလ်ချုပ်ထက်မြင့်တဲ့ မြတ်တဲ့ ဘုန်းကြီးမရှိပါဘူး'' ''တကယ်ဆို အရှင်ဘုရားတို့က တာဝန်မဲ့ သူများဖြစ်နေမလား၊ လူဆိုတာ လောကအတွက် အလုပ်လုပ်ကြတယ်... တစ်ကမ္ဘာလုံးသာ ဘုန်းကြီးတွေ ဖြစ်နေမယ်ဆိုရင် ဘယ်သူက စပါး စိုက်မလဲ ဘယ်သူက အိမ်တွေဆောက် မလဲ'' ''သင်ဘာအလုပ်လုပ်လဲ ဒကာ'' ''စက်မှုအင်ဂျင်နီယာပါ'' ''တစ်ကမ္ဘာလုံးသာ စက်မှုအင်ဂျင်နီယာ တွေချည်းဆို ဘယ်သူတွေစပါးစိုက်မလဲ ဘယ်သူတွေအိမ်ဆောက်မလဲ ဒကာ'' ''တပည့်တော်တို့မှာ ကိုယ့်တာဝန်နဲ့ ကိုယ်ရှိတယ် ကိုယ့်ပေးဆပ်မှုနဲ့ ကိုယ်ရှိတယ်၊ ကိုယ့်ထမင်းကို ကိုယ်ရှာစားတယ်'' ''လောကမှာ အလုပ်နှစ်မျိုးရှိတယ်ဒကာ Product နဲ့  Service ပေါ့၊ ကုန်ထုတ်မလား ဝန်ဆောင်မှုပေးမလား၊ ဘုန်းကြီးတို့က လူ့လောကအတွက် ဝန်ဆောင်မှု ပြန်ပေးရတယ်ဒကာ၊ ပြည်သူတွေ ကျွေးတာစားပြီး ကိုယ့်လွတ်လမ်း ကိုယ်ရှာနေတာဆိုရင် သင်ပြောသလို ဘုန်းကြီးတို့ဟာ တာဝန်မဲ့ လူတန်းစားတွေပါ... ဒါပေမယ့် ဘုန်းကြီးတို့မှာ တာဝန်တွေရှိတယ်... ကိုယ့်တရား ကိုယ်ရှာရုံ သက်သက်ဆို ဘုန်းကြီး ဝတ်စရာမလိုဘူးလေ၊ ကိုယ့်ဘာသာဝင်တွေကို အေးချမ်း စိမ့်သောငှာ ဆုံးမစိမ့်သောငှာ ကိုယ်ပြောတဲ့ စကားကိုယ်ဟောတဲ့ တရားကို လေးစားနာယူစေဖို့ သီလ သမာဓိ ပညာအရာမှာ စံနမူနာဖြစ်အောင် ရဟန်းအသွင် ယူရတယ်ဒကာ၊ တစ်ကျပ်သားခန့် စံနမူနာပြခြင်းဟာ တစ်ပိဿာခန့် ဆုံးမခြင်းနဲ့ ညီသတဲ့၊ ဘုန်းကြီးတို့က ဆုံးမခွင့်ရဖို့ စံနမူနာပြ နေရခြင်းပါဒကာ၊ Uniform တစ်ခုဟာ အရည်အချင်းကို လည်းပြသလို တာဝန်ကိုလည်းပြတယ်၊ ဘုန်းကြီးတို့ ဟာလည်း တာဝန်ရှိလူတန်းစားပါပဲ၊ တာဝန်တွေ မတူတာကလွဲရင်ပေါ့'' ''မိန့်ကြည့်ပါဘုရား ယူရတဲ့တာဝန်ကို ရှင်းလင်းအောင်'' ''ဒကာအဆင်ပြေသလို ခေါ်ပြောပါ မင်းနဲ့ ငါပြောလည်း ဘုန်းကြီးစိတ်မဆိုးဘူး၊ လေးစားမှုဟာ တောင်းယူရတာ မဟုတ်ဘူး၊ ငါ့ကို လေးစားကြပါစေတော့ ရယ်လို့ ဘုန်းကြီးမှာ ဆန္ဒမရှိဘူး၊ ကိုယ့်ကိုယ်ကို ကောင်းအောင် တည်ဆောက် နေတာကလွဲရင်ပေါ့၊ ဒါက စကားဖြတ်ပြောတာပါ'' ''မှန်ပါ့အရှင်ဘုရား ... တပည့်တော်ဟာ ဘာသာမဲ့ ဆိုသော်လည်း ယဉ်ကျေးမှု မမဲ့သူပါ... အများသူငါ လေးစားဂါရဝ ထားရာကို တပည့်တော်လည်း ရင့်သီးဖို့ ဆန္ဒမရှိပါဘူး... အရှင်ဘုရားပြောသလို မာန်နည်းသူကို လက်အုပ်ချီရတာ အန္တရာယ်မရှိဘူးလေ ဆက်မိန့်ပါဘုရား'' ''ဘုန်းကြီးတို့ တာဝန်ဟာ ဝေါဟာရ အားဖြင့် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတယ်လို့ ဆိုတယ်... ဒေါသ လောဘ မောဟ ကြောင့်ပူတဲ့ အပူကို ဘုန်းကြီးတို့ တတ်ထားတဲ့ ငြိမ်းသတ် နည်းနဲ့ ကူငြိမ်းပေးတဲ့ တာဝန်ပါ။ ဒါဟာလည်း ဝန်ဆောင်မှု မဟုတ်လား ဒကာရယ်'' ''ရဟန်းကို စော်ကားတာ အပြစ်ဖြစ် သလား ဘုရား'' ''စော်ကားပြီဆိုမှတော့ ရဟန်းရယ်လို့ မဟုတ် ဘယ်သူ့ကို စော်ကားစော်ကား အပြစ်ပါပဲ'' ''အဲ့သဘော မဟုတ်ဘူးလေ ဝေဖန်ထောက်ပြရင်ရော'' ''မေတ္တာနဲ့ ဝေဖန်ခြင်းဟာလည်း ရဟန်းရယ်လို့မဟုတ် မှားနေသူ ဘယ်သူ့ကိုမဆို ဝေဖန်ထောက်ပြ အပ်ပါတယ်'' ''ရဟန်းတိုင်း မြတ်သလားဘုရား'' ''စုံးပြူးဆိုတာ ရှိတတ်စမြဲပါဒကာ၊ အလုပ်တာဝန်မကျေတဲ့ စစ်သား၊ အလုပ်အပေါ်သစ္စာမဲ့တဲ့ စစ်သား၊ အလားတူ ဆရာဝန် ကျောင်းဆရာ ဝန်ထမ်းတွေလည်း ရှိကြသလို ဘုန်းကြီးတွေမှာလည်း ရှိနိုင်တာပဲလေ'' ''စိတ်ရှည်လက်ရှည်ဖြေပေးလို့ ကျေးဇူးပါဘုရား'' ''မလိုဘူးဒကာ ဒါဘုန်းကြီးရဲ့ တာဝန်ပါပဲ'' Credit ... Error(Sithu) Ashin Zawana ယောပန ဘိက္ခု (Copy) မင်းဒဿ *****************
via အလင်းရောင် ဓမ္မ https://ift.tt/2LibpZx
Newer Post
Older Post
Home