အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, August 29, 2019
သည်းခံနိုင်မှုနဲ့ မေတ္တာတရား ▬▬▬▬▬▬▬▬▬▬▬▬ (မိုင်းဖုန်းဆရာတော်ဘုရားကြီး တရားလက်ဆောင်) 🍃 လူတိုင်းကို မေတ္တာထားပါ ★ ဆရာတော်က ပြောတယ် ဆရာတော်ကို ပိုက်ဆံတွေ ရွှေငွေတွေ လှူဖို့မလိုဘူးတဲ့၊ ရွှေငွေက နေရာတိုင်းမှာ နိုင်ငံတိုင်းမှာ ရှိတယ်တဲ့။ ဒါပေမဲ့ မေတ္တာစိတ်ကတော့ နေရာတိုင်းမှာ မရှိဘူးတဲ့၊ မေတ္တာစိတ်နဲ့ လာပါတယ်တဲ့၊ မေတ္တာစိတ်လည်း လာယူပါတယ်တဲ့။ တစ်ယောက်နဲ့တစ်ယောက် ပိုက်ဆံပေးတာတော့ ကုန်တတ်တယ်တဲ့ တရားပေးတာတော့ မကုန်နိုင်ဘူးတဲ့။ ယူတတ်ရင် မကုန်နိုင်ဘူးပေါ့။ ★ ဆရာတော်အဓိကဟောတာတော့ ကရုဏာအကြောင်းပါ၊ အဆင့်မြင့်တဲ့ ကရုဏာ #မဟာကရုဏာ အကြောင်းဟောပါတယ် Great Compassion အကြောင်း၊ ထေရ၀ါဒထဲမှာ မဟာကရုဏာလို့ ခေါ်ပြီးတော့ တခြားဗုဒ္ဓဘာသာတွေထဲမှာ ဗောဓိစိတ္တ ဆိုတာခေါ်တယ်။ ★ ဒါကတော့ ဘယ်လိုတုန်းဆို Universal Love ဆိုတာ မခွဲခြားတဲ့ မေတ္တာတရား ဒါ ရှိဖို့ လိုအပ်တယ်တဲ့၊ မခွဲခြားဘူးဆိုတာ လူမျိုးအနေနဲ့လည်း ခွဲခြားဖို့မလိုဘူး၊ နောက်ပြီးတော့ ကိုးကွယ်တဲ့ ဘာသာအနေနဲ့လည်း ခွဲခြားဖို့မလိုဘူး၊ ပိုက်ဆံရှိတယ် မရှိဘူး အဲဒီလို လူ့အဆင့်အတန်းတွေလည်းပဲ Social status နဲ့ ခွဲခြားဖို့ မလိုဘူးပေါ့။ ★ ဘာသာရေးအနေနဲ့ဆိုရင်လည်း ဘာသာတိုင်းမှာ အတ္တသမားတွေ ရှိတယ်၊ ဘာသာတိုင်းမှာ မိစ္ဆာဒိဋ္ဌိတွေရှိတယ်တဲ့၊ ဘာသာအားလုံးကတော့ ကောင်းတာတွေ သင်ပေးတယ်။ ဒါပေမဲ့ လူတွေက ကောင်းအောင် တချို့လူတွေက ကောင်းအောင် မလုပ်နိုင်တဲ့အခါကျတော့ ဘာသာတရားတွေ တစ်ခုနဲ့တစ်ခု ပြဿနာဖြစ်တဲ့ဟာတွေ တစ်ခုနဲ့တစ်ခု ရှိတတ်တယ်တဲ့။ ★ ဘာသာတိုင်းဟာ ကောင်းတယ် ဒါပေမဲ့ ဗုဒ္ဓဘာသာတစ်ခုပဲ နိဗ္ဗာန်ရောက်အောင် သင်ကြားပေးနိုင်တယ်တဲ့၊ ကျန်တဲ့ဘာသာတွေကတော့ နတ်ပြည်ရောက်ဖို့အတွက်လောက်ပဲ သင်ပေးတယ်တဲ့။ ဘာဖြစ်လို့ နတ်ပြည်ရောက်အောင် သင်ပေးနိုင်လဲဆိုရင်လည်းပဲ ကောင်းတာပဲသင်ပေးတာပေါ့။ ★ အဲတော့ အခုအခြေအနေမှာ ဘယ်ဘာသာကိုပဲ လက်ခံနေလက်ခံနေ နောက်ဆုံးမှာ လူတိုင်းမှာ တရားရနိုင်တဲ့ မျိုးစေ့လေးတွေ စိတ်ထားမှာရှိကြတယ်ပေါ့။ မွေးပြီးသေလိုက် မွေးပြီးသေလိုက် မွေးပြီးသေလိုက် ဒီလို တစ်ဘ၀ပြီးတစ်ဘ၀ ဆက်ဆက်နေပြီးတော့ မရေမတွက်နိုင်အောင်ဆက်နေပြီးတော့ ဒုက္ခတွေ ခံစားရင်းနဲ့ နောက်ပိုင်းကျတော့ လူတွေဟာ တရားနဲ့တွေ့ပြီး နိဗ္ဗာန်ရကြမှာပဲတဲ့။ ★ ဒီနေရာမှာ မွေးပြီးသေ မွေးပြီးသေ သံသရာလည်တယ်ဆိုတဲ့နေရာမှာ ကိုယ်ကလည်းပဲ ဘ၀ပေါင်းမြောက်များစွာ သံသရာလည်ခဲ့ပြီ နေရာတိုင်းမှာ မွေးခဲ့တယ် သေခဲ့တယ်ပေါ့။ မရေမတွက်နိုင်တဲ့နေရာ မမှတ်မိနိုင်အောင် မွေးခဲ့တယ် သေခဲ့တယ်။ ★ ဒါကြောင့် နေရာတိုင်းမှာ ကိုယ်ရဲ့အမျိုးတွေ ရှိတယ်၊ နေရာတိုင်းမှာ ကိုယ်ရဲ့ဆွေမျိုးတွေ ရှိမှာပဲတဲ့။ တိရစ္ဆာန် ထဲမှာတောင်ရှိတယ်တဲ့ လူသားထဲမှာတော့ ပြောမနေနဲ့။ ဒါကြောင့် လူတိုင်းကို မေတ္တာထားပါ။ ဒါက နံပါတ်(၁) အချက်ပါ။ 🍃ခန္တီမေတ္တာ ★ နံပါတ်(၂) အချက်က "ခန္တီတရား" ဆိုတာ သည်းခံခြင်းတရား၊ မေတ္တာထားမယ့် ပုဂ္ဂိုလ်က သည်းခံနိုင်မှ ကရုဏာထားမယ့်ပုဂ္ဂိုလ်ကလည်း သည်းခံနိုင်မှ၊ သည်းခံမယ့်ပုဂ္ဂိုလ်ကလည်း မေတ္တာများတယ်တဲ့။ ★ အဲတော့ ဘယ်ကနေ စရမှာတုန်းဆို ကိုယ်ရဲ့မိဘနဲ့ သားသမီးကြားထဲမှာ အချင်းချင်းသည်းခံပြီးတော့ အချင်းချင်းပြုစုကြ ကိုယ့်သားသမီးကိုလည်း ပြုစုကြ၊ ကိုယ့်မိဘကိုလည်း သားသမီးတွေက ပြန်ပြီးတော့ ပြုစုကြ၊ မိဘရဲ့ကျေးဇူးသိဖို့ အဲဒီလိုနဲ့ ခန္တီတရားရှိတယ်ဆိုရင်တဲ့ ကရုဏာကြီးမားသွားမှာပေါ့။ ★ ဆရာတော်ဘုရားကြီးက ဥပမာ တစ်ခုပြောသွားတယ် ရသေ့တစ်ပါးနဲ့ ဘုရင်တစ်ပါး၊ ဘုရင်ကလည်း အာဏာရှိတယ် သူ့အာဏာက နိုင်ငံရေးအာဏာ၊ နောက်ရသေ့ကလည်း သူ့မှာလည်း အာဏာရှိတယ် သူ့အာဏာကတော့ တရားအာဏာ။ အဲဒါ တစ်နေ့ကျတော့ ဘုရင်ကြီးက သူရဲ့မောင်းမမိတ်သန်တွေနဲ့ အခြွေအရံတွေနဲ့ တောထဲအပျော်သွားတယ် နောက် သူအရက်မူးတယ်၊ အရင်မူးတဲ့အချိန်မှာ သူ့နားမှာ တစ်ယောက်ပဲကျန်တော့တယ်။ ★ ကျန်တဲ့သူတွေကအကုန်လုံး ကြောက်စိတ်တွေလည်းဖြစ်၊ ငြီးငွေ့တဲ့စိတ် သံဝေဂစိတ်တွေလည်းဖြစ်ပြီးတော့ တခြားနေရာထွက်သွားတယ်၊ ရသေ့နေရာ သွားတွေ့တဲအခါ ရသေ့နဲ့ စကားပြောနေတယ်ပေါ့ ရသေ့ဆီမှာ တရားနာတယ်ပေါ့။ ★ သူအရက်မူးလည်းပြောလာရော သူ့လူတွေကို လိုက်ရှာတာ ရသေ့သွားတွေ့တဲ့အခါကျတော့ ရသေ့က ငါ့လူတွေကို ဆွဲခေါ်သွားတယ် ဆိုပြီးတော့ ရသေ့ကို အရမ်းအညှိုးထားတယ် အဲဒါနဲ့ ရသေ့ကို ဖမ်းပြီးတော့ နှိပ်စက်တယ်တဲ့။ရသေ့ကိုမေးတယ်တဲ့ ဘာသင်တာတုန်၊ ဘာကျင့်တာတုန်းဆိုတော့ ခန္တီတရားကျင့်ပါတယ်၊ သည်းခံခြင်းတရားကျင့်တယ်။ ★ ခန္တီဘယ်မှာတုန်း ညာလက်မှာလားဆိုပြီး အဲဒါ ညာလက်ဖြတ်ပစ်တယ်တဲ့၊ အဲဒါ ရသေ့က နောက်ထပ် သည်းခံနေသေးတယ်။ ဘုရင်က ဘာပြောပြောသူက ပြန်ပြီး မတုန့်ပြန်ဘူး၊ ဘယ်လက်မှာရှိတာလားဆိုပြီး ဘယ်လက်ထပ်ဖြတ်ပစ်တယ်တဲ့။ အဲလို ထပ်ဖြတ်ပစ်သော်လည်း ရသေ့ကြီးက ဘာမှ မတုန့်ပြန်ဘူး ဘုရင်အပေါ်မှာ မေတ္တာမပျက်ဘူး။ ★ အော် ဘုရင်ကတော့ သူ့မှာ အကုသိုလ်ကံတွေ လုပ်နေပြီ၊ မကောင်းတဲ့ အကုသိုလ်ကံတွေ လုပ်နေပြီ သူ့အကုသိုလ်ကံ သူပြန် ခံစားရတော့မှာဆိုပြီး သနားတဲ့စိတ်တောင် ဖြစ်နေသေးတယ်။ အဲဒါနဲ့ ရသေ့ကြီးက သည်းခံခြင်းတရားနဲ့ မေတ္တာတရား ဒီနှစ်ခု “ခန္တီမေတ္တာ ဗလေနစ” ခန္တီရဲ့အင်းအား မေတ္တာရဲ့အင်အား ဒီနှစ်ခု နဲ့ သည်းခံနေတာ။ ★ နောက်ဆုံးတော့ သည်းခံတရား နားမှာရှိလားဆိုပြီး နားဖြတ်လိုက်၊ နောက် ခြေထောက်မှာ ရှိလားဆိုပြီး ခြေထောက်ဖြတ်လိုက် အဲလို တစ်ပိုင်းစီ တစ်ပိုင်းစီ ဖြတ်သွားတာ နောက်ဆုံးတော့ ရသေ့ကြီးက သေသွားတယ်တဲ့။ ဒါပေမဲ့ ရသေ့ကြီးက တစ်ဘ၀ပဲ သေရတယ်၊ သည်းခံခြင်းတရား မေတ္တာတရားရှိတဲ့သူ၊ အဲဒီ လောကဓံအဆိုးဆုံးတွေ့တာတောင်မှ သူက တစ်ဘ၀ပဲ သေတယ်။ ★ ဘုရင်ကတော့ အကြိမ်ကြိမ်သေရတယ်၊ ဘ၀အဆက်ဆက် မကောင်းတဲ့ဘ၀မျိုးနဲ့ သေရတယ်တဲ့။ ရသေ့က နောက်ဆုံးကျတော့ ဂေါတမမြတ်စွာဘုရား ဖြစ်လာတယ် ဆိုတဲ့အကြောင်း။ ဒါကြောင့် အထွတ်အထိပ်ရောက်မယ့် ပုဂ္ဂိုလ်ဟာ အဲ့လောက်ထိ သည်းခံရတယ်။ ★ ခန္တီက သုံးမျိုးပေါ့နော် ရိုးရိုးခန္တီနဲ့ နောက်ပြီးတော့ “ခန္တီပါရမီ၊ ခန္တီဥပပါရမီ၊ ခန္တီပရမတ္ထပါရမီ” ဆိုတာ ဒါ ဘုရားအလောင်းတွေ ရဟန္တာတွေ ဖြည့်ကျင့်တဲ့ ခန္တီပါရမီပြေတာ။ 🍃 ဘာကြောင့်သည်းခံဖို့ လိုအပ်လဲ? ★ နောက်တစ်ခုက ဘာကြောင့်သည်းခံဖို့ လိုအပ်တာတုန်းဆို ဘုန်းဘုန်းတို့က ဘ၀ထဲမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း အမြဲတမ်းမဖြစ်ဘူး၊ ကိုယ့်စိတ်တိုင်း အမြဲတမ်းမဖြစ်ဘူး၊ ကိုယ်ရဲ့ခန္ဓာကိုယ်တောင်မှ အမြဲတမ်း ကိုယ့်အလိုမလိုက်ဘူး။ မအိပ်ချင်တဲ့ အချိန်မှာ အိပ်ချင်တယ်။ ခုနတုန်းက ဘုန်းဘုန်း နည်းနည်းလေး အိပ်ချင်တယ်၊ နည်းနည်းလေး အိပ်ငိုက်တယ်ပေါ့။ ★ နောက်အိပ်ချင်တဲ့အခါမှာ လူတွေ မအိပ်တာတွေရှိတယ်၊ အိပ်ဆေးတွေသောက်ရတာတွေရှိတယ်၊ လူတွေကိုယ့်ခန္ဓာကိုယ်တောင်မှ ကိုယ့်အလို မလိုက်တာတွေရှိတယ်။ စားစရာသောက်စရာတွေ အကောင်းရှိတဲ့အခါကျမှ မစားနိုင်တာတွေလည်းရှိတယ်။ အဲဒါမျိုးတွေပေါ့။ ★ အဲတော့ နေကောင်းချင်ရက်နဲ့ နေမကောင်းဘူး၊ အသက်မကြီးချင်ရက်နဲ့ အသက်ကြီးတယ် ကိုယ့်ကိုယ်ကို အလိုမလိုက်လည်း ဒီခန္ဓာကိုယ်ကြီးရှိနေတာ တစ်နည်းအားဖြင့်ပြောရင် နေ့စဉ်နေ့စဉ် လောကဓံ ၈-မျိုး ကြုံနေရတာ အကောင်းလောကဓံက ၄-မျိုး အဆိုးလောကဓံ ၄-မျိုး အဲဒါနဲ့ တွေ့နေရတဲ့အခါမှာ ကိုယ်က သည်းခံမှုမရှိဘူးဆိုရင် ကိုယ့်ဟာကိုယ်ပြန်ပြီးတော့ ရန်ဖြစ်နေလိမ့်မယ်။ သူများနဲ့လည်းပဲ မပြတ်ရန်ဖြစ်နေလိမ့်မယ်။ ★ ဒါကြောင့် သည်းခံနိုင်မှုနဲ့ မေတ္တာတရား “ခန္တီမေတ္တာ” ဒီနှစ်ခုဟာ လောကကြီးထဲမှာ အဆင်ပြေအောင်နေတတ်ဖို့ အေးအေးချမ်းချမ်းနေတတ်ဖို့ နေနိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အသွေးဖြစ်ပါတယ် ဆိုတဲ့အကြောင်း အချက်တစ်ချက် ဆရာတော်ကြီး မိန့်သွားပါတယ်။ ကျေးဇူးတော်ရှင်မိုင်းဖုန်းဆရာတော်ဘုရားကြီး ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ 🙏🙏🙏 (၁၅.ရ.၂၀၁၈) စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သော မိုင်းဖုန်းဆရာတော်ဘုရားကြီး မေတ္တာခံယူခြင်းနှင့် ဓမ္မဘသင်တွင် ဟောကြားတော်မူသော တရားတော်ကို အောက်စဖို့ဒ်ဆရာတ်ေဘုရားမှ ဘာသာပြန်ဟောကြားပေးသော တရားတော်မှ ရေးသားပူဇော်ပါသည် Transcribed #ThazinHtike
via အလင်းရောင် ဓမ္မ https://ift.tt/2L1j9Ad
Newer Post
Older Post
Home