အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 28, 2019
❄ သောတာပန်ဖြစ်ရတာက❄ စကြာဝတေးမင်းအဖြစ်ထက်မြတ်တယ် ➖➖➖➖➖➖➖➖➖ 🔸 လောကမှာ မင်းအဖြစ်ဆိုတာ ရမယ် ဆိုရင် လူတိုင်းလိုလိုပင် အလိုရှိကြတာပဲ။ မင်းအဖြစ် ထားလိုက်ပါအုံးတော့ ရပ်ရွာ ထဲမှာ သူကြီးအဖြစ် လူကြီးအဖြစ်တောင်အင်မတန်လိုချင်ကြတာပဲ။ ဒါကြောင့် ဟိုး ရှေးခေတ်က အကြိတ်အနယ် အရွေးခံကြတာပဲ။ 🔹 မင်းအဖြစ်ထဲမှာလည်း စော်ဘွား နယ်စားများမှာထက် တိုင်းပြည်တစ်ခုလုံး နိုင်ငံတစ်ခုလုံးကို အစိုးရတဲ့ မင်းအဖြစ်က သာပြီးမြင့်မြတ်တယ်။ တိုင်းပြည်ငယ်ငယ်ထက် တိုင်းပြည်ကြီး ကြီးကို အစိုးရတဲ့ မင်းအဖြစ်က သာပြီး မြင့်မြတ်တယ်။ မြေတစ်စိတ် တစ်ဒေသ လောက် အစိုးရတဲ့ပဒေသရဇ်မင်းအဖြစ် ထက် တစ်ကျွန်းလုံးကို အစိုးရတဲ့မင်း အဖြစ်က သာပြီးမြင့်မြတ်တယ်။အဲဒါထက်လူ့လောကတစ်ပြေထောင်လုံးကို အစိုးရတဲ့ စကြဝတေးမင်းအဖြစ်က သာပြီးမြင့်မြတ်တယ်။ လူ့လောကမှာတော့ စကြဝတေးမင်းစည်းစိမ်ဟာ အကောင်းမြတ်ဆုံးပါပဲ။ ဘုန်းကံအလွန်ကြီးမားတဲ့ ပုဂ္ဂိုလ်မှ အဲဒီ စကြဝတေးမင်းအဖြစ်ကိုရတယ်။ အဲဒီ စကြဝတေးမင်းက လက်နက်အင်အား စစ်အင်အားနဲ့ နယ်ချဲ့ရတာမဟုတ်ဘူး။ သူ့ဘုန်းကံအလျှောက် စကြာရတနာ၏ အစွမ်းအာနုဘော်ကြောင့် လူ့လောကရှိ အခြားမင်းအားလုံးတို့က စကြဝတေးမင်း၏ အဆုံးအမ သြဝါဒကို ခံယူကြတယ်။ 🔸စကြဝတေးမင်း၏ ဘုန်းကံကြောင့် အဲဒီလိုအခါလူ့လောကမှာ အစစအရာရာ ပေါများကြွယ်ဝနေတယ်။ လူတွေဟာလည်းအကြီးအကျယ် ကွဲပြားခြင်းမရှိဘဲ ညီညွတ်နေကြတယ်။ မတရားပြုလုပ်တဲ့ မှုခင်းကိစ္စတွေလည်း မရှိသလောက်ပင် နည်းပါးတယ်။ ဒါကြောင့် အုပ်ချုပ်ရေးဘက်ဆိုင်ရာပုဂ္ဂိုလ်တွေမှာ အလွယ်တကူနဲ့စီမံခန့်ခွဲလို့ရတဲ့အတွက် မဆင်းရဲမပင်ပန်းဘူး ချမ်းသာတယ်။ အဲဒါကို ရှေးရှေးခေတ်များက နောက်နောက်ခေတ်များထက်ညီညွတ်ကြပုံနှင့် နှိုင်းစာကြည့်ရင် ယုတ္တိလည်းရှိပါတယ်။ 🔹 ဒါပေမဲ့ အဲဒီစကြဝတေးမင်း၏ စည်းစိမ်ချမ်းသာထက် သောတာပန်အဖြစ်ကသာလွန်ကောင်းမြတ်တယ်တဲ့ ။ဘာကြောင့်လည်းဆိုရင် စကြဝတေးမင်းအဖြစ်ချမ်းသာတယ်ဆိုတာက အဲဒီတစ်ဘဝတည်းပဲ။ စကြဝတေးမင်းဆိုတာ သီလနှင့် မင်းကျင့်တရားနှင့် ပြည့်စုံ တဲ့အတွက် နောက်ဘဝမှာ ကောင်းမြတ် တဲ့ သုဂတိဘဝ၌ ဖြစ်နိုင်ပေမယ့် အပါယ်လေးပါးမှ အစဉ်ထာဝရ လွတ်ပြီလို့တော့မဆိုနိုင်ဘူး။ စကြဝတေးမင်းအဖြစ်ကိုအကြောင်းပြုပြီး နိဗ္ဗာန်သို့ရောက်လိမ့်မယ် လို့လည်း မဆိုနိုင်ပါဘူး။ 🔸 သောတာပန်ဖြစ်ရင်တော့ အပါယ် လေးပါးမှလည်း အစဉ်ထာဝရလွတ်ပြီ။ သုဂတိဘဝမှာတောင် ခုနှစ်ဘဝထက် ပိုလွန်ပြီးမဖြစ်တော့ဘူး။ အလွန်ဆုံး ခုနှစ်ဘဝသာဖြစ်ပြီး နောက်ဆုံးဘဝမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရမယ်။ ဒါကြောင့် သောတပတ္တိဖိုလ်ဟာ စကြဝတေးမင်း စည်းစိမ်ချမ်းသာထက် လည်း သာလွန်မြင့်မြတ်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ နတ်ဗြဟ္မာဖြစ်ရတာထက် မြင့်မြတ်တယ် 〰〰〰〰〰〰〰〰〰 သဂ္ဂဿ ဂမနေန ဝါ-နတ်ပြည် ဗြဟ္မာ့ပြည်သို့ရောက်ရခြင်းထက်လည်း ဝရံ - သာလွန်ကောင်းမြတ်လှပေ၏။ သောတာပန်အဖြစ် သောတပတ္တိဖိုလ်ဟာစတုမဟာရဇ်' တာဝတိံသာ' အစရှိတဲ့နတ်ပြည်(၆)ထပ် ရောက်ရတာထက်လည်း မြင့်မြတ်တယ်။ဗြဟ္မာ့ပြည်တွေ ရောက်ရတာထက်လည်း မြင့်မြတ်တယ်တဲ့။ ဗြဟ္မာမင်းကြီးဖြစ်ရတာထက်လည်း မြတ် 〰〰〰〰〰〰〰〰〰〰 🔸 သဗ္ဗ လောကာဓိပစ္စေန ဝါ- တစ်လောကလုံးကိုအစိုးရတဲ့ မဟာဗြဟ္မာမင်းကြီး အဖြစ်ထက်လည်း ဝရံ - သာလွန်ကောင်းမြတ်လှပေသည်လို့လည်း ဟောတော်မူပါတယ်။ 🔹 မဟာဗြဟ္မာမင်းကြီးဆိုတာ ခုတင်ကပြောခဲ့တဲ့ ဗြဟ္မာတွေထဲက အကြီးမြတ်ဆုံးဖြစ်တဲ့ ဗြဟ္မာမင်းကြီးတွေပါပဲ။ အဲဒီဗြဟ္မာကြီးတွေလည်း ပုထုဇဉ်ဆိုရင် အပါယ်လေးပါး မလွတ်သေးဘဲ သံသရာဘဝဆင်းရဲတွေကိုလည်းအကန့်အသတ် အပိုင်းအခြားမရှိ ခံစားသွားရအုံးမယ်။ 🔸 သောတာပန်ကတော့ အပါယ်လေးပါးမှလည်းလွတ်ပြီ သံသရာဘဝဆင်းရဲကိုလည်း အများဆုံး ခုနှစ်ဘဝသာ ခံစားရမယ်။ ခုနှစ်ခုမြောက်ဘဝမှာ ရဟန္တာဖြစ်ပြီး ဆင်းရဲခပ်သိမ်း ငြိမ်းရတော့မယ်။ ဒါကြောင့် သောတာပန်အဖြစ်သောတပတ္တိဖိုလ်က အဲဒီ ဗြဟ္မာမင်းကြီး အဖြစ်ထက်လည်း မြတ်တာပါပဲ။ 🌟(မဟာစည်ဆရာတော်ဘုရား)🌟 💠သာယာချမ်းမြေ့ကြပါစေ💠 ✳သစ္စာနီ✳ Crd ...Phoe Lu Lu #PhyoeMayOo
via အလင်းရောင် ဓမ္မ https://ift.tt/2ZsgVOB
Newer Post
Older Post
Home