Monday, September 9, 2019

(ကုသိုလ်ပြုလုပ်ရန် မအားဘူး ပြောသူများအတွက်) တစ်နေ့တာအချိန်မှာ.... မျက်နှာသစ်တဲ့အချိန်တော့ အားကြပါတယ်။ ဒီအချိန်မှာ မျက်နှာသစ်ရင်းနဲ့ ဗုဒ္ဓံသရဏံ-ဂစ္ဆာမိစတဲ့ သရဏဂုံသုံးပါးကို ရွတ်ဆိုပြီတော့- မျက်နှာသစ်ကြရင် မကောင်းဘူးလား ? မျက်နှာသစ်ရင်းနဲ့- သရဏဂုံဆောက်တည်ပြီးသား ဖြစ်သွားပါတယ်။ နေ့စဉ်ရွတ်နေတဲ့အတွက် သရဏဂုံမြဲတဲ့သူလည်း- ဖြစ်နိုင်ပါတယ် မြတ်စွာဘုရားက သရဏဂုံမြဲတဲ-ပုဂ္ဂိုလ် အပါယ်မကျနိုင်ဘူးလို့ ဟောထားပါတယ်။ ဒါကြောင့်မျက်နှာသစ်တဲ့ အခါတိုင်းသရဏဂုံ- ရွတ်ဆိုပြီးသစ်မယ်ဆိုရင် သရဏဂုံမြဲတဲ့ပုဂ္ဂိုလ်လည်း ဖြစ်နိုင်သလို အပါယ်ဘေးကိုလည်း ကာကွယ်ပြီးသားဖြစ်နေပါတယ်။ နောက်တစ်ခုက... ထမင်းစားတဲ့အခါ မစားခင်အချိန်လေးမှာ သရဏဂုံလေးရွတ်ဆိုပြီး စားကြမယ်ဆိုရင် ကုသိုလ်ရနိုင်သလို အန္တရာယ် လည်းကင်းနိုင်ပါတယ် (သရဏဂုံရွတ်ဆိုပြီးစားလို့- အဆိပ်ပြေစေတယ်ဆိုတဲ့ သာဓကတွေလည်းရှိပါတယ်) နောက်တစ်ခုက.. အိပ်ခါနီးအချိန်တော့ အားကြပါတယ် အိပ်ခါနီးအချိန်မှာ မေတ္တာပွားများပြီးအိပ်မယ်ဆိုရင်- အကျိုးရှိပါတယ် မေတ္တာပွားများပြီးအိပ်တဲ့အတွက်- မကောင်းတဲ့အိပ်မက် ဆိုးတွေလည်းမမက်နိုင်သလို- လူချစ်လူခင်လည်းပေါများပါတယ်။ နောက်တစ်ခုက... အိပ်ရာဝင်ခါနီးတိုင်း ငါးပါးသီလဆောက်တည်ပြီး အိပ်သင့်ပါတယ် အကျယ်မရရင်လည်း အကျဉ်းရွတ်ဆိုပြီးတော့ ဆောက်တည်သင့်ပါတယ်။ အကျဉ်းကတော့ ... (အဟံဘန္တေ တိသရဏေန သဟ ပဉ္စသီလံ-သမာဒိယာမိ) ပါဠိမရရင်လည်းမြန်မာလို ဆောက်တည်ပါ။ (တပည့်တော် သရဏဂုံသုံးပါးနှင့် ငါးပါးသောသီလတော်မြတ်တို့ကို- ဆောက်တည်ပါ၏)ဘုရား လို့ရွတ်ဆိုပြီးဆောက် တည်ပါ။ ဒါဆိုရင် အိပ်ရင်းနဲ့သေသွားရင် တောင်မှ ကုသိုလ်တွေ အများကြီးပါသွား- နိုင်ပါတယ်။ ဘုရား တရား သံဃာတော် တွေကို လက်အုပ်ချီပြီးတော့ အရိုအသေပေးတဲ့ အပစာယနကုသိုလ်လည်း ယူတက်ရင် ရနိုင်ပါသေးတယ်။ မှတ်ချက်....ခဏလေးနဲ့ကတော့ အကျိုးမရနိုင်ပါဘူး ရေရှည်ပြုလုပ်ပါများလာမှ ကောင်းကျိုးတွေရလာနိုင်တာပါ။ (ရေတစ်စက် တစ်စက်ကျနေတဲ့ အိုးဟာ...အချိန်တန်လာတဲ့ အခါမှ ပြည့်ရသလိုပါပဲ..။) ဒါကြောင့်... ဒါတွေကို နေ့စဉ် ပြုလုပ်ကြဖို့ တိုက်တွန်း ချင်ပါတယ်။ ဒါတွေကိုအမြဲပြုလုပ် နေတဲ့အတွက် အာစိဏ္ဏကံလည်းဖြစ်ပါတယ်။ (အာစိဏ္ဏကံဆိုတာ... အမြဲတမ်းပြုလုပ်နေတဲ့ ကုသိုလ်ကံကို ပြောတာပါ။) ဗုဒ္ဓဘာသာဝင်တိုင်း ကုသိုလ်ကို မမေ့သင့်ကြပါဘူး မြတ်စွာဘုးရားကလည်း ကုသိုလ်ကို မမေ့ကြဖို့ ဟောထားပါတယ်။ (အပ္ပမာဒေန သမ္ပာဒေထ) ကုသိုလ်ကောင်းမှု့တွေကို နေ့စဉ် ယူဆောင်နိုင် ကြပါစေလို့ တိုက်တွန်းရင်း... (အရှင်ဝရ)

via အလင်းရောင် ဓမ္မ https://ift.tt/2ZFpNFk

Sunday, September 8, 2019

ဆင်းရဲခြင်း အကြောင်းသုံးမျိုး 🚫🚫🚫🚫🚫🚫🚫🚫🚫 ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်းသုံးပါးကို တွေ့ရှိရသည်။ ယင်းတို့မှာ . . . ⚠️ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ⚠️ သူတစ်ပါး၏ဥစ္စာကို လိမ်လည် လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ⚠️ ဣဿဿာ မစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း တို့ ဖြစ်ပေသည်။ ထိုသုံးမျိုးတွင် ... ⚠️ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည် လုံလ၀ီရိယဖြင့် ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင် ဘ၀သို့ ရောက်သေးသည်။သနားတတ်သော သူတစ်ပါး၏ အကူအညီကိုလည်း အနည်းငယ်ရ နိုင်သေးသည်။ ⚠️ သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြား ခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား ရှာဖွေလို့လည်း မလွယ်ကူ။အစစ အဆင်ပြေ၍ ရှာဖွေရခဲ့သော် လည်း မီး မင်း သူခိုး ရေ အမွေခံဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရ သဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။ ⚠️ ဣဿာမစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား ထိုထက်ဆိုးပါသေး၏။ ရှာဖွေလို့ ဘယ်လိုမှမရ သည့်အပြင် လူတိုင်းကို သနားညှာတာပြီး ကူညီတတ်သောသူများပင် ဣဿာ မစ္ဆရိယသမား များ နှင့်တွေ့လျှင် ကူညီလိုစိတ် ၊ သနားညှာတာ စိတ်များ အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်းလှပါ၏။ ထိုအကြောင်းကို ဗုဒ္ဓက "သံယုတ်ပါဋ္ဌိတော် မစ္ဆရီသုတ်" ၌ အပြည့်အစုံ ဟောပြထားသည်။ (မေတ္တာရှင်-ရွှေပြည်သာ) ​မေတ္တာရှင်​ . ​ရွှေပြည်​သာ စာ​ပေများ မှ ကူးယူ​ဖော်​ပြပါသည်

via အလင်းရောင် ဓမ္မ https://ift.tt/2zWWDlZ

အသုံးတကာ အသုံးထဲမှာ ကြွေးယူသုံးတာအဆိုးဆုံးပါ။ အတုံးတကာ အတုံးထဲမှာ အသိဉာဏ်တုံးတာအဆိုးဆုံးပါ။ အဖြုန်းတကာ အဖြုန်းထဲမှာ အချိန်ဖြုန်းတာအဆိုးဆုံးပါ။ အပျက်တကာ အပျက်ထဲမှာ ကိုယ်ကျင့်ပျက်တာအဆိုးဆုံးပါ။ အကြွားတကာ အကြွားထဲမှာ မရှိကြွားတာအဆိုးဆုံးပါ။ အညံ့တကာ အညံ့ထဲမှာ စိတ်ဓါတ်ညံ့တာ အဆိုးဆုံးပါ။ အပြုံးတကာ အပြုံးထဲမှာ ဟန်ဆောင်ပြုံးတာအဆိုးဆုံးပါ။ အရှုံးတကာ အရှုံးထဲမှာ လူဖြစ်ရှုံးတာအဆိုးဆုံးပါ။ အလွဲတကာ အလွဲထဲမှာ နားလည်မူ့လွဲတာအဆိုးဆုံးပါ။ အမွဲတကာ အမွဲထဲမှာ အသိဉာဏ်မွဲတာအဆိုးဆုံးပါ။ အကွဲတကာ အကွဲထဲမှာ စိတ်ဝမ်းကွဲတာ အဆိုးဆုံးပါ။ Cr# ကိုကြီး

via အလင်းရောင် ဓမ္မ https://ift.tt/2HRXaKa

မဟာမြိုင်တောရဆရာတော် ဦးဇောတိက၏ - #ဒါတွေကိုမမေ့မှ_စိတ်ချမ်းသာမယ် 💭✅✅✅✅✅✅✅✅✅✅ [ ဖတ်ကြည့်လိုက်နော် အရမ်းကောင်းတယ် ] 💭 ( ၁ ) ဒီနေ့ဟာ အရေးကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်းတန်ဖိုးရှိတဲ့နေ့ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘဝဟာ တန်ဖိုးရှိတဲ့ဘဝဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာလုပ်မယ်။ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။စိတ်ချမ်းသာအောင်နေမယ်။ မွေးနေ့မှာ Happy-Birthday လို့ပြောကြတယ်။ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲ့ဒီလိုပျော်လို့ မဖြစ်ဘူးလား။မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။ ( ၂ ) ဒီနေ့ဟာ ငါတကယ်နေရတဲ့ နေ့ပဲ။ ပျော်ရွှင်မှု ၊ စိတ်ချမ်းသာမှုဟာ အပြင်မှာမရှိဘူး။အတိတ်မှာမရှိဘူး။ အနာဂတ်မှာလည်း မရှိဘူး။ယခု ပစ္စုပ္ပန်မှာပဲ ရှိတယ်။ ငါ့ကိုငါ ကျေနပ်နေတယ်။ငါ့ဘဝကိုငါ ကျေနပ်နေတယ်။ ငါ့စိတ် ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။ ( ၃ ) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘဝမှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီး နေသွားမှ အားလုံးအဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီအယူဘူးဆိုပြီး နေလို့မဖြစ်ဘူး။ ( ၄ ) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ ရတဲ့လူတွေဟာ ငါ့လိုပဲ ဘဝကို ရုန်းကန်ပြီး နေသွားကြတယ်။ ( ၅ ) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားမယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးထဲမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှု မပေးနိုင်ရင် ရှိပါစေတော့။ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားမယ်။ ( ၆ ) ငါဟာ ငါ့ဘဝမှာ အရေးပါတဲ့သူဖြစ်တယ်။ ငါ့မိသားစု ငါ့အသိုင်းအဝိုင်းမှာလည်း အရေးပါတဲ့သူဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါပြောပြနိုင်တယ်။ တစ်ခါတစ်လေ ကိုယ်တတ်နိုင်တဲ့ အကူအညီပေးနိုင်တယ်။ ဒါကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါဟာ အရေးပါတဲ့လူမဟုတ်ရင် ဘယ်သူက ငါ့ဘဝမှာ အရေးပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ဘယ်လိုလုပ် စိတ်အားတတ်တော့မလဲ။ ( ၇ ) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင်၊စိတ်ပါလက်ပါ၊ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲ့ဒီလို မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။ ( ၈ ) ဒီလောကကြီးထဲက လူတွေဟာ ငါခင်သလို ငါ့ကိုမခင်ကြဘူးလို့ အပြစ်မတင်ဘူး။ သူတို့မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။ ( ၉ ) ငါဟာ ငါ့ရဲ့ အကောင်းဆုံး မိတ်ဆွေ ဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကို ငါမထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင် နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။ ( ၁၀ ) ဘယ်လို သဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲလေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူကို လေ့လာမယ်။အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။ ( ၁၁ ) ကိုယ့်ဘဝ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေမယ်။ ငါ့ဘဝကို ငါကျေနပ်တယ်။ ဘယ်သူ့ဘဝနဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာမယ်။ ( ၁၂ ) ကိုယ့်ကို သူများချီးမွှမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲ့ဒါသိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ချီးမွှမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်စိတ်ဝင်စားတာ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ချင်တာကို လုပ်မယ်။ ချီးမွှမ်းရင် ကျေနပ်ပါတယ်။ဒါပေမယ့် ငါလုပ်တာကို ချီးမွှမ်းမှာလား၊ကဲ့ရဲ့ မှာလားလို့ မတွေးဘူး။ ( ၁၃ ) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ် လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ဒီအလုပ်ကိုချစ်လို့ လုပ်တယ်။ ( ၁၄ ) “အပ္ပမာနေန သမ္ပာဒေထ" လို့ ဘုရားနေ့တိုင်း ဟောကြားသတိပေးခဲ့တာကို မမေ့ဘူး။ တို့ဘုရား မှာကြားခဲ့တာကို နေ့တိုင်း အားထုတ်မယ်။ နေရာမရွေး အချိန်မရွေး သတိနဲ့နေမယ်။ ( ၁၅ ) ကိုယ့်စိတ်မှာ ဖြစ်တဲ့ခံစားမှုနဲ့ပက်သက်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ စိတ်ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများဖျက်ဆီးလို့ မရဘူး။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲ့ဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး။ အဲ့ဒီလို သဘောထားကို ပြတ်ပြတ်သားထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။ စိတ်ချမ်းသာအောင် နေတတ်တဲ့သူတွေမှာရှိတဲ့ လက္ခဏာတွေဟာ ဘာတွေလဲ? စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ--- သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။ အသိဥာဏ်တောက်ပြောင်တယ်။ ရွှင်လန်းတယ်။ ပင်ကိုဥာဏ်ရှိတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။ စိတ်အားထက်သန်တယ်။ တတ်ကြွတယ်။ ခွင့်လွှတ်နိုင်တယ်။ ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။ ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။ ကြည်လန်းရွှင်ကြည်တယ်။ ကြင်နာတယ်။ ညှာတာတတ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်တယ်။ အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။ စိတ်ရှည်တယ်။စောင့်ထိန်းနိုင်တယ်။ စိတ်ငြိမ်းချမ်းတယ်။ စိတ်စွမ်းအားကြီးတယ်။ အလုပ်များများလုပ်နိုင်တယ်။ ဥာဏ်ပညာရှိတယ်။ ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တယ်။အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတယ်။ ဦး​ဇောတိက (မဟာမြိုင်​​တောရ) #Dhamma_World pageမှပြန်လည်မျှဝေပူဇော်ပါသည်။🙏 🙏တရားချစ်ခင်သူတော်စင်များအားလုံး၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ့..🙏

via အလင်းရောင် ဓမ္မ https://ift.tt/2PVzE5z

သဌေးမဖြစ်ခင် အသုံးအစွဲမကြမ်းနှင့်... မရင်းနီးသေးလျှင် အစအနောက်မသန်နှင့်... အပြောကောင်းနေ၍ လွယ်လွယ် မယုံနှင့်... ခံတွင်းကောင်းတိုင်း ပလုပ် ပလောင်း မစားနှင့်... မိမိက မှန်သည်ဟူ၍ ပြစ်ပြစ် ခါခါ မပြောလိုက်နှင့်... ဆင်းရဲနေ၍ အထင်သေးစကား မပြောနှင့်... ချမ်းသာနေ၍လည်း အထင်ကြီးသည့် စကားမပြောနှင့်... မရှိသည့် ဂုဏ်ကိုလည်း သွားမမြှောက်နှင့်... အစားမှား၍ သေသွားသူလည်း များစွာရှိ၏... စကား မှား၍ ဘဝအခြေအနေ နိမ့်ကျသွားသူလည်း များစွာရှိ၏... ပညာရှိဖြစ်ဖို့အတွက် ပါးစပ်ပေါက်ကို ဦးစွာပြင်ရ၏... မျက်နှာ၌ ကန့်လန့်ပါသော ပါးစပ်ဖြစ်သော်လည်း ပါးစပ်က ပြောသည့် စကား ပါးစပ်က စားသည့်အစာ...ကန့်လန့်မဖြစ်အောင် လိုက်လျှောညီထွေဖြစ်အောင် သတိပြုအပ်၏ ထို့ကြောင့်..... စကားမပြောခင် စဉ်းစားပါ အစား မစားခင် သုံးသပ်ပါ။ ​မေတ္တာဖြင့် credit #ko khant

via အလင်းရောင် ဓမ္မ https://ift.tt/2MZzUy5

ဝဋ်ဆင်းရဲတို့မှ လွတ်မြောက်ရာ အကြောင်း (၄) မျိုး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 { အာဠ၀က } ရှင်ဂေါတမ အဘယ်သို့သော အကြောင်းအရာဖြင့် သံသရာတည်းဟူသော သြဃကို ကူး မြောက်နိုင်ပါအံ့နည်း.. အဘယ်သို့သော အပြားအားဖြင့် ၀ဋ်ဆင်းရဲတည်းဟူသော သမုဒ္ဒရာကို ကောင်း စွာ လွန်မြောက်နိုင်ပါအံ့နည်း... အဘယ်သို့သောအကြောင်းဖြင့် ဆင်းရဲအပေါင်းမှ ကောင်းစွာ လွတ်ပါမည်နည်း.... အဘယ်ရေအေးဖြင့် ကိလေသာဟူသော အညစ်ကြေးကို ဆေးကြောသုတ်သင်၍ စင်ကြယ်ပါမည်နည်း..... ဟု မေးလျှောက်၏... . . { ဘုရားရှင် } အို... အာဠ၀ကဘီလူး သဒ္ဓါတရားဖြင့်သံသရာတည်းဟူသော သြဃကို ကူးမြောက်နိုင်၏၊ ကုသိုလ်ပြုပြု ကောင်းမှု့ပျော်မွေ့ မမေ့မလျော့ခြင်းဖြင့် သမုဒ္ဒရာ ပမာထက်ကဲ ၀ဋ်ဆင်းရဲကို လွတ်မြောက်နိုင်၏၊ ပါရမီဆယ်ပါး တရားဝီရိယ မြတ်ဓမ္မ၌ နိစ္စကြိုးကုတ် အားထုတ်ခြင်းဖြင့်၊ဇာတိ.ဇရာ.ဗျာဓိ မရဏ စသည်သောင်းသောင်း ဆင်းရဲအပေါင်းကို လွတ်စေနိုင်၏၊ ၀ိပဿနာ ပညာဆယ်ပါး ဉာဏ်တရားဖြင့် ကိလေသာမြူမှေး အညစ်အကြေးမှ ကင်းဝေးစင်ကြယ်နိုင်၏ ။ ဤသို့ ဖြေတော်မူသော ဒေသနာကို ကြားရလျှင် အာဠ၀ကကလည်း ပါရမီ သမ္ဘာရ ရှိသသူဖြစ်၍ ရှစ်ပါး.ဆယ်ပါး.တစ်ဆယ်ခြောက်ပါး သော ယုံမှားခြင်း ကင်းကွာလျက် သောတာပတ္တိဖိုလ်၌ တည်လေသည် ။ . Thanks; ပဋ္ဌာန်းပူဇော်ကြသူများ

via အလင်းရောင် ဓမ္မ https://ift.tt/2N03jbD

အရမ်း​ကောင်းလို့ ဖတ်​​စေချင်​မိတဲ့ post တစ်​ပုဒ်​ #ဘယ်ပုဂ္ဂိုလ်ကို_ဂစ္ဆာမိ_ရပါမလဲဘုရား °°°°°°°°°°°°°°°°°°°°°°°°°°°°°°°° မောင်စိန် ။ ။ စာတတ်အန္ဓနှင့် စာမတတ်ကလျာဏ နှစ်ပါးတို့တွင် ဘယ်ပုဂ္ဂိုလ်ကို ဂစ္ဆာမိရပါမလဲဘုရား ။ ဆရာ ။ ။ အပါယ်ဘေးမှလွတ်ချင်ရင် စာမတတ် ကလျာဏကို ဂစ္ဆာမိကွဲ့ ၊ စာတတ်အန္ဓကိုဆည်းကပ်မိလျှင် မာနရောဂါတွေ ကူးစက်ပြီး ဟိုသူတော်ကောင်းကို ပြစ်မှားလိုက် ၊ ဒီသူတော်ကောင်းကို ပြစ်မှားလိုက်နဲ့ အရိယူပဝါဒအန္တရာယ်တွေထိုက်ပြီး အပါယ်က ဘယ်တော့မှ မတက်ရတော့ဘူး ၊ ကြပ်ကြပ်သတိထားကြကွဲ့ ။ မောင်စိန် ။ ။ တပည့်တော်တို့လူတွေကတော့ စာတတ်ပုဂ္ဂိုလ်မှ အထင်ကြီးပြီး ဂစ္ဆာမိကြတယ်ဘုရား ။ ဆရာ ။ ။ ဒါကြောင့် မြန်မာပြည်မှာ အရိယာနည်းတာပေါ့ ဖိုးသူတော်ကို ချစ်တီးထင်၍ သမီးပေးမှားသလို ဖြစ်ကုန်ကြပြီကွဲ့ ။ ဓမ္မပဒဝတ္ထုလေးတပုဒ် ပြောရဦးမှာပေါ့ ။ မြတ်စွာဘုရားရှိစဉ်တုန်းက သူငယ်ချင်းနှစ်ယောက် ရဟန်းပြုကြသတဲ့ ၊ ရဟန်းဖြစ်ပြီးလျှင် မြတ်စွာဘုရားထံ ချဉ်းကပ်၍ လျှောက်ထားကြတာပေါ့ ၊ မြတ်စွာဘုရား သာသနာတော်မှာ အလုပ်ဘယ်နှစ်မျိုးရှိပါသလဲလို့ လျှောက်ထားသတဲ့ ။ ဒီတော့ မြတ်စွာဘုရားက ဂန္ထဓူရ = စာသင်ခြင်းနှင့် ဝိပဿနာဓူရ ဝိပဿနာပွားများခြင်း အဲဒီနှစ်မျိုးပဲရှိတယ်လို့ မိန့်တော်မူသတဲ့ ၊ ဒါနဲ့ တစ်ပါးကစာသင် ၊ တစ်ပါးက ဝိပဿနာပွားသတဲ့ ၊ အတော်လေးကြာတော့ စာသင်တဲ့ကိုယ်တော်က စာတတ်၍ တပည့်ငါးရာကို စာချနေသတဲ့ ၊ ဝိပဿနာပွားတဲ့ ကိုယ်တော်ကလဲ တပည့်ငါးရာကို ကမ္မဋ္ဌာန်းပြနေသတဲ့ ။ ဝါကျွတ်၍ တပည့်လေးတွေက မြတ်စွာဘုရားထံ ကန်တော့သွားရန် လျှောက်ထားတဲ့အခါ အေး ..... ကောင်းပြီ သွားကြ သွားဆိုသော်လည်း တစ်သုတ်စီသွားကြကွဲ့ ၊ ငါးရာလုံး ဆိုလျှင် ဆွမ်းပန်းခက်လိမ့်မယ် ။ မြတ်စွာဘုရားထံ ရောက်လျှင် ငါ၏ရှိခိုးခြင်းဖြင့်လည်း ရှိခိုးလိုက်ကြပြီးလျှင် ငါ့သူငယ်ချင်း စာချဆရာထံ သွားတည်းခိုကြလို့ မှာသတဲ့ ။ ဒါနဲ့တပည့်တွေကလည်း ဆရာ့စကားအတိုင်း တစ်သုတ်စီတစ်သုတ်စီလာ၍ မြတ်စွာဘုရားကို ကန်တော့ပြီးလျှင် စာချဆရာတော်ထံ တည်းခိုကြတာပေါ့ ၊ ဒီတော့ စာချဆရာတော်က အထင်မှားသတဲ့ ၊ ဒီကောင်က သူ့တပည့်ပေါကြောင်း ငါ့ကိုလာကြွားနေပြန်ပါပြီလို့ အထင်မှားသတဲ့ ၊ အဲဒါ မာနဝင်လို့ အထင်မှားတာမဟုတ်လား ။ လာပါ​စေဦး သူလာမှစာကလေးမေးပြီးတော့ အရှက်ခွဲလိုက်ရဦးမယ်လို့ ပြစ်မှားပြန်သတဲ့ ။ အဲဒါမာန ၊ ဒိဋ္ဌိနှစ်ပါးကြောင့် ပြစ်မှားတာမဟုတ်လား ၊ အဲဒါစာတတ်အန္ဓတဲ့ ၊ ဒါနဲ့တပည့်တွေပြီး၍ ရဟန္တာပုဂ္ဂိုလ်​ ဘုရားထံ ဖူးမျှော်ရန် ကြွလာသတဲ့ ၊ ကြွလာ၍ ရောက်လာတော့ သူငယ်ချင်းထံမှာ သပိတ်များကိုထားခဲ့ပြီး မြတ်စွာဘုရားကို ဖူးမျှော်ရန်သွားသတဲ့ ။ စာချဆရာတော်ကလည်း ပြန်လာလျှင် စာမေးရန် သူ့ဖို့တစ်နေရာ မိမိဖို့တစ်နေရာ ခင်းထားတာပေါ့ ။ ရဟန္တာကလည်း မြတ်စွာဘုရားကိုဖူးမြှော်ကန်တော့ပြီးလျှင် သူငယ်ချင်းထံလာသတဲ့ ၊ ကျောင်းကိုရောက်၍ သူငယ်ချင်းနှစ်ဦး သူ့နေရာ ကိုယ့်နေရာထိုင်၍ နှုတ်ဆက်စကားပြောကြစဉ် မြတ်စွာဘုရားက ရွှေဉာဏ်တော်စက္ခုနှင့် ရှုလိုက်တော့ ....... စာချဆရာတော်သည် ရဟန္တာကို ပြစ်မှား၍ ငရဲကျမည့်ဘေးကို မြင်တော်မူတာနှင့် စာမမေးခင် ဘုရားရှင်က အရောက်ကြွခဲ့သတဲ့ ၊ မြတ်စွာဘုရားကြွခဲ့တယ်ဆိုရင်ပဲ ၂ ဦးစလုံး နေရာမှ ထကြကာ ခရီးဦးကြိုဆို၍ မြတ်စွာဘုရားကို အရိုအသေပေးနေကြသတဲ့ ၊ ဒီတော့ မြတ်စွာဘုရားက စာချဆရာတော်ကို ဈာန်အကြောင်းတွေကို မေးသတဲ့ ။ ဒေသနာအရာဖြစ်တော့ စာချဆရာတော်ကလဲ မထစ်မငေါ့ ဖြေရှာသတဲ့ ၊ ပြီးတော့ ( မဂ်ခန်း ၊ ဖိုလ်ခန်းကို ) မေးတာပေါ့ ၊ အဲဒီကျတော့ ဒေသနာအရာမဟုတ်သဖြင့် မဖြေနိုင်ဘူးတဲ့ ၊ စာချ ဆရာတော်မဖြေနိုင်တော့ ရဟန္တာကိုမေးသတဲ့ ၊ ရဟန္တာက သူစားပြီးသား ဟင်းဖြစ်နေသောကြောင့် မြင်းကောင်းပြေးသလို တွေးမနေပဲ ဖြေသတဲ့ ။ အဲဒီတော့ မြတ်စွာဘုရားက ရဟန္တာကို သာဓုသုံးကြိမ် ခေါ်တော်မူသတဲ့ ၊ ဒါနဲ့ စာသင်သားတွေက မြတ်စွာဘုရားဟာ မတရားဘူးလို့ ကဲ့ရဲ့ကြသတဲ့ ၊ ဒီတော့ မြတ်စွာဘုရားက ချစ်သားတို့ .... နွားကျောင်းသားသည် နွားနက်ဘယ်နှစ်ကောင် ၊ နွားဖြူဘယ်နှစ်ကောင် ၊ ချိုကုတ်ဘယ်နှစ်ကောင် ၊ ချိုထောင်ဘယ်နှစ်ကောင် ဆိုတာတော့သိ၏ နွားနို့တော့မသောက်ရဘူးတဲ့ ။ နွားရှင်သည် နွားစာရင်းကိုတော့မသိ ၊ နွားနို့တော့ ဝအောင်သောက်ရသတဲ့ ။ အဲဒီနှစ်ဦးတို့တွင် ဘယ်သူကမြတ်သလဲလို့ မေးတော်မူသတဲ့ ဒီအခါ ရဟန်းတွေက နွားရှင်ကမြတ်ပါတယ်ဘုရားဟု လျှောက်ကြသတဲ့ ။ ဒါနဲ့ မြတ်စွာဘုရားက စာချဆရာတော်က နွားကျောင်းသားနှင့် တူသကွဲ့ ။ ခန္ဓာဘယ်နှစ်ပါး ၊ အာယတနဘယ်နှစ်ပါးစသည်ဖြင့်သိတယ် ။ ဒါပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်တည်း ဟူသော ချမ်းသာကိုတော့ မခံစားရ ၊ကမ္မဋ္ဌာန်းဆရာတော်က နွားရှင်နဲ့တူသကွဲ့ ။ ခန္ဓာဘယ်နှစ်ပါးဆိုတာ မသိပေမယ့် မဂ်ဖိုလ်နိဗ္ဗာန် ဝိမုတ္တိရသကို ခံစားရတယ်လို့ မိန့်တော်မူသတဲ့ ။ ကဲ မြတ်စွာဘုရားကလည်း စာမတတ်တဲ့ ကလျာဏကိုသာ သာဓုခေါ်တယ်ကွဲ့ ။ မြန်မာပြည်က လူတွေက ဂစ္ဆာမိတာ မလွဲသေးဘူးလား ။ မောင်စိန် ။ ။ဒီလိုဆိုရင် စာသင်ရတာတွေအပိုဖြစ်နေတာပေါ့ဘုရား ။ ဆရာ။ ။ဘယ်ပိုမလဲကွဲ့ ၊ စာတတ်တဲ့ပုဂ္ဂိုလ်တွေက ကလျာဏဖြစ်လာရင်ပဋိသမ္ဘိဒါ ပတ္တပုဂ္ဂိုလ်တွေဖြစ်ပြီး ဗုဒ္ဓသာသနာကို ဝင်းထိန်နေအောင် ပြုနိုင်တာပေါ့ ၊ ကြည့်ပါလား.... မိလိန္ဒမင်းကြီးမေးတာကို မဖြေနိုင်ပဲ ရှောင်လွှဲနေရတဲ့ရဟန္တာတစ်ထောင်ဟာ ပဋိသမ္ဘိဒါပတ္တ မဟုတ် စာမတတ် ကလျာဏသာ ဖြစ်နေ၍ မိလိန္ဒမင်းကြီးကို ကျွတ်အောင်မလုပ်နိုင်ဘူး ။ ရှင်နာဂသိန်ကျတော့ ပဋိသမ္ဘိဒါပတ္တမို့ မိလိန္ဒမင်းကြီးကို ရဟန္တာဖြစ်သည်အထိ တတ်နိုင်တယ် ။ ဘယ်လောက်ဟန်သလဲ ။ မြန်မာပြည်က စာတတ်ပုဂ္ဂိုလ်တွေဟာ ကလျာဏဖြစ်အောင် အားထုတ်ပြီးမှ ဘာသာခြားစကားကို သင်ကာ နိုင်ငံခြားကို သာသနာပြုကြွကြလျှင် ဘယ်လောက်ကောင်းလိုက်မလဲကွယ် ။ ကလျာဏမဖြစ်ပဲ သာသနာပြုဖို့ မဖြစ်နိုင်ဘူး ။ မိမိက အကန်းပါဆို ၊ မိမိက လမ်းပြလို့ ဘယ်ဟန်မလဲကွဲ့ မောင်စိန်ရဲ့ ၊ သူတစ်ပါးကို သရဏဂုံတည်အောင် ပြုမည့်သူဟာ မိမိလဲ သရဏဂုံတည်မှဖြစ်မယ်။ သရဏဂုံတည်ဖို့ဆိုတာ စူဠသောတာပန်အခြေရောက်မှ တည်သကွဲ့ ၊ မရောက်ရင် မိဿကသရဏဂုံမျှသာ ဖြစ်နေတတ်တယ် ။ - မောင်စိန် - ။ဒီလိုဆိုရင် မြန်မာပြည်မှာ သုဒ္ဓသရဏဂုံတည်သူဟာ နည်းနည်းပါးပါးပဲ ရှိမှာပါဘုရား ။ - ဆရာ - ။မများပါဘူးကွယ် ။ သာဝတ္ထိပြည်မှာ လူဦးရေ ခုနှစ်ကုဋေရှိရာ ငါးကုဋေကအရိယာ ၊ တစ်ကုဋေက သရဏဂုံတည်သူ ၊ ကျန်တစ်ကုဋေက ပုတုဇဉ်တဲ့ ။ ထို့ကြောင့် သူ့ကိုငါချ ငါ့ကိုသူချ မပြုကြဘဲ ဘုန်းကြီးရော လူပါ သုဒ္ဓသရဏဂုံတည်အောင် ကြိုးစားကြလျှင် ရတနာမိုးတွေရွာ၍ ချမ်းသာမှာ ဧကန်ပါပဲလို့ဆိုချင်ပါတယ် ။ ဒါကြောင့် မိမိကိုယ်ကို စစ်ဆေးရမှာက ငါသည် မိမိသန္တာန်မှာ သစ္စာလေးပါးကို သိတဲ့ ဉာဏ်တရားကို အားကိုးသူဟုတ်ရဲ့လား ။ ငါသည် ပဋိဝေဓဉာဏ်တရားကို အားကိုးသူ ဟုတ်ရဲ့လား ၊ ငါသည် ပရမတ္တသံဃာကို အားကိုးသူ ဟုတ်ရဲ့လား ၊ သမ္မုတိသံဃာကိုလဲ အရိုအသေပေးသူ ဟုတ်ရဲ့လားဆိုတာ မိမိကိုယ်ကိုသာ စစ်ဆေးပါ ။ အဲဒီလို စစ်ဆေး၍ သုဒ္ဓသရဏဂုံ တည်မှ ငါတော့ ဗုဒ္ဓဘာသာပဲလို့ ဝန်ခံပါ ။ သုဒ္ဓသရဏဂုံမဖြစ်သေးလျှင် ဖြစ်ရအောင် သပ္ပုရိသကိုရှာပါ ။ မယားရယ် ၊ လင်ရယ် ၊ စီးပွားရေးရယ် ၎င်း​တွေကို နောက်မှရှာပါ ။ သရဏဂုံအစစ်မတည်ပဲ သေသွားလျှင် လူဖြစ်ရှုံးသွားမယ် ၊ ဗုဒ္ဓုပ္ပါဒနဝမ အခါကြီးနဲ့ ကြုံရပါလျှက် သရဏဂုံအစစ်ကိုလွဲလျှင် ဝေပုလ္လတောင်ကို လွဲတာထက် အဆပေါင်းများစွာ နစ်နာမည် ။ နမ္မားဆရာတော်အရှင်ဉာဏ တရားစစ်တမ်းဆွေးနွေးခန်းမှ ထုတ်နှုတ် ပူဇော်ပါသည် ။ Credit - သစ္စာ၏ လျှောက်လမ်း Ashin zawana..Acc မှတဆင့်​ ပြန်​လည်​ကူးယူမျှ​ဝေပါသည်​။

via အလင်းရောင် ဓမ္မ https://ift.tt/2UDgDnc

မဖြစ်စဘူး ထူးကဲတဲ့အဖြစ် "ငရဲမီးငြိမ်း" ••••••••••••••••••••••••••••••••••••• တစ်ခဏမျှ အားထုတ်ဖူးသူပင် အကျိုး ခံစားရရှိကြောင်း ဒဏ္ဍာရီ ဝတ္ထုကလေး မှတ်သားစရာ၊ သည်းခံပြီး ရှုစမ်းပါ။ ရှေးသရောအခါ ဝိပဿနာတရားကို တစ်ခဏခန့်မျှ အားထုတ်ပြီး ပေါ့ပေါ့ဆဆ ထား၍ ပယ်ရှားလျှက် … လူမှုကိစ္စအဝဝ ပရိယေသနအတွက် အကုသိုလ်မှုများကို မိုက်မှားပြုလုပ်ပြီး နေခဲ့ရာ … လူဘုံမှ တစ်စခန်း ဇာတ်လမ်းအသိမ်းတွင် အကုသိုလ်ကံ အာစိန္နကံက ဆွဲတာနှင့် အပါယ်ငရဲသို့ ကျသွားရာ… ထိုသူ ငရဲရောက်ရှိက ငရဲမီးချက်ခြင်း ငြိမ်းသွားပါသဖြင့် ငရဲထိန်း ယမမင်းကြီးက မဖြစ်စဘူး ထူးကဲတဲ့အဖြစ် ဘယ်အတွက် ဖြစ်ပါသနည်းဟု စိစစ်သောအခါ… တစ်ခဏမျှ ဝိပဿနာတရားကို အားထုတ်ခဲ့ဖူးသူ ငရဲသားတွင် အသစ် ဖြစ်သူကို မြင်၍ ဆင်ခြင်စဉ်းစားသော် ''အဘယ်ကြောင့် ငရဲမီး ဤသူကြောင့် ငြိမ်း သနည်း''ဟု ကံအကြောင်း တွေးတောလျှင် ဝိပဿနာ တစ်ခဏမျှ အားထုတ်မှုကြောင့် ငရဲမီးငြိမ်းကြောင်း ပေါ်လာ။ သိမြင်ရပါသော ကြောင့် ယမမင်းကြီးက ထိုသူအား ''အချင်း-သူတော်ကောင်း ဤဆင်းရဲ ယုတ်ညံ့သော ငရဲအရပ်သည်ကား အချင်း၏ နေရာ မဟုတ်ပါတကား'' ဟု ပြော၏။ ဤသို့ ယမမင်းကြီးက ဆိုသောအခါ ထိုပုဂ္ဂိုလ်က ''ယမမင်းကြီးသည် ငါ့အား အချင်း သူတော်ကောင်းဟု ဆိုသည်မှာ အံ့ဘွယ်ရှိစွ။ ငါ့မှာမူကား အထူးထူးသော အကုသိုလ်တို့ကို မိုက်မှားကြူးလွန်ခဲ့သည် အားလျှော်စွာ ငရဲသို့ ရောက်ခဲ့ရသည်။သူတော်ကောင်းပင် မဟုတ်ခဲ့ တကား'' ဟု ပြော၏။ ယမမင်းကြီးက ''အချင်းသည် ရှေးသရောအခါ ခဏမျှသောကာလ တစ်ခဏ၌ လွန်စွာနက်နဲ သိမ်မွေ့၍ မြတ်လှစွာသော ဝိပဿနာတရား ကို ပွားများခဲ့ဖူးပါသည်။ ၄င်းတရားမြတ်၏ အကျိုးအာနိသင် အရှိန် ကြောင့် ယခုသင်ရောက်ရှိနေသော ငရဲ၌ပင် လျှင် မီးများငြိမ်းလျှက်ရှိရသည်''ဟု အားထုတ် ခဲ့ဖူးသော တရားကို သတိပေးလေ၏။ ထိုပုဂ္ဂိုလ်လည်း ရှေးယခင်က အားထုတ်ခဲ့ ဘူးသော ဝိပဿနာတရားကို သတိရလျှက် အောက်မေ့ဆင်ခြင်လိုက်သည်နှင့် တပြိုင်နက် ငရဲပြည်မှ ကျွတ်လွတ်၍ နတ်ပြည်၌ ထင်ရှားသော နတ်သားတစ်ဦးအဖြစ်ဖြင့် ရောက်ရှိသွားလေသည်။ ထိုပုဂ္ဂိုလ် ငရဲပြည်မှ ကျွတ်လွတ်သွားသည်နှင့် တပြိုင်နက် ငရဲမီးများသည် တောက်လောင်မြဲ တောက်လောင်လေ၏။ ခဏမျှသော အချိန်ကလေး၌ အားထုတ် လိုက်ရသော အကျိုးအာနိသင်သည်ပင်လျှင် ဤမျှလောက် အကျိုးအာနိသင် ကြီးပါတကား။ ငါတို့ ဝိပဿနာအသင်သားများ ယခုပွားများ အားထုတ်ကြသော ကာလအပိုင်းအခြားကို မူကား ဆိုဖွယ်မရှိ။ နိဗ္ဗာန်တရားကြီးကိုပင် မရရှိစေငြားက အပါယ် တံခါးကို ဧကန် ပိတ်တော့မည်တကား''ဟု ဝိပဿနာပညာ တရားကို များများကြီး ပွားများအားထုတ်ရန် သင့်ကြောင်းကို အကျိုးမျှော်လျှက် နှိုးဆော် တိုက်တွန်း လိုက်ရပေသတည်း။ ကျုံဒါးဆရာတော် အသျှင်ကေသရ

via အလင်းရောင် ဓမ္မ https://ift.tt/2PUBOm5

via အလင်းရောင် ဓမ္မ https://ift.tt/2PVfTec

via အလင်းရောင် ဓမ္မ https://ift.tt/2ZJlLMp

စိတ်ချမ်းသာချင်လား? •••••••••••••••••••••• သူသူကိုယ်ကိုယ် စိတ်ချမ်းသာချင်ကြတယ်။ ဒါပေမဲ့ စိတ်ချမ်းသာမှု အပြည့်အဝ မရကြဘူး။ စိတ်ဆင်းရဲမှုတွေ မကြာမကြာ ကြုံတွေ့နေရတယ်။ အဲဒါ ဘာကြောင့်လဲ...အဆင်ပြေအောင် မတွေးတတ်လို့ပဲ။ ဒီတော့ ဘယ်လိုအခက်အခဲနဲ့ တွေ့တွေ့ စိတ်ချမ်းသာချင်တယ်ဆိုရင် အဆင်ပြေအောင် တွေးရမယ်။ အဆင်ပြေအောင် တွေးရင် နေသာထိုင်သာ ရှိသွားတယ်။ ပန်းချီဆရာလို -------------- အင်မတန်တော်တဲ့ ပန်းချီဆရာတွေဟာ ဆေးစက်ကျရာ အရုပ်ထင်တယ်တဲ့။ ဆိုလိုတာက ပုံလှလှလေး ဖြစ်ဖို့အတွက် ဆေးကောင်းဖို့ အရေးမကြီးဘူး၊ လက် ကောင်းဖို့ပဲ အရေးကြီးတယ်။ လက်ကောင်းတော့ ဘာဆေးနဲ့ ဆွဲဆွဲ၊ ပုံလှလှလေး ဖြစ်လာတယ်။ ဒီလိုပဲ၊ အာရုံမကောင်းမပေမဲ့ အဆင်ပြေအောင် တွေးရင် ကိုယ့်အတွက် စိတ်ဆင်းရဲမှု မဖြစ်တော့ဘူး။ စင်းလုံးချော မရှိ -------------- ပုထုဇဉ်လောကမှာ ဘာဒုက္ခမှ မရှိတဲ့ စင်းလုံးချောပုဂ္ဂိုလ်ဆိုတာ တစ်ယောက်မှ မရှိဘူး။ ကိုယ့်မှာ ဒုက္ခရှိသလို သူများမှာလည်း ဒုက္ခ ရှိတယ်။ ဒါပေမဲ့ လူတွေက ကိုယ့်ဒုက္ခကိုပဲ ဒုက္ခလို့ ထင်တာ။ သူများ ဒုက္ခကို ဒုက္ခလို့ မထင်ဘူး။ ဒီတော့ ဘာဖြစ်လဲ၊ ကိုယ့်မှာ ဒုက္ခဖြစ်ပြီဆိုရင် ဖြစ်မှ ဖြစ်ရလေခြင်းလို့ တွေးတတ်တယ်။ အဲဒါ စိတ်မချမ်းသာခြင်းရဲ့ အကြောင်းပဲ။ တကယ်တော့ လူတိုင်း လူတိုင်းမှာ ဒုက္ခ ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဒုက္ခဖြစ်ပြီဆိုရင် ငါတစ်ယောက်ထဲ ဒုက္ခဖြစ်နေတာ မဟုတ်ဘူး၊ လူတိုင်းလူတိုင်း ဒုက္ခ ဖြစ်နေကြတာပဲလို့ တွေးလိုက်ပါ။ ဒါမှ မဟုတ် ကိုယ့်ထက်ဆိုးဝါးတဲ့ သူတွေကို ကြည့်လိုက်ပါ။ ကိုယ့်မှာ လက်စွပ် မဝတ်နိုင်လို့ စိတ်မညစ်နဲ့။ လက်မရှိတဲ့သူတွေကို သတိ ရလိုက်ပါ။ ဒါဆိုရင် စိတ်ထဲမှာ နည်းနည်း သက်သာ သွားတယ်။ နေတတ်ရင် ကျေနပ်စရာ ---------------- ဘဝဆိုတာ အကောင်းအဆိုး ဒွန်တွဲနေတယ်လေ။ အကောင်းကို လက်ခံနိုင်သလို အဆိုးကိုလည်း လက်ခံနိုင်ရမယ်။ အဆိုးနဲ့တွေ့ပြီဆိုတဲ့အခါ ကိုယ့်ထက်နိမ့်တဲ့သူတွေကို ကြည့်လိုက်ပါ။ ဒီတော့မှ နေသာထိုင်သာ ရှိသွားတယ်။ ဒါကြောင့် ... ဟင်းကောင်း မစားရလို့ စိတ်မညစ်နဲ့။ ဆုတောင်းစားတွေကို သတိရလိုက်ပါ။ အိမ်ကောင်းကောင်း မနေရလို့ စိတ်မညစ်ပါနဲ့။ ဒုက္ခသည်စခန်းမှာ နေရတဲ့သူတွေကို သတိရလိုက်ပါ။ အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်မညစ်ပါနဲ့၊ တစ်ယောက်ထဲ နေတဲ့သူတွေ သတိရလိုက်ပါ။ လောကကြီးဟာ နေတတ်ရင် ကျေနပ်စရာပါ။ ဒါကြောင့် ဘယ်လို ဒုက္ခနှင့်တွေ့တွေ့ နေတတ်ဖို့ပဲ လိုပါတယ်။ နေတတ်ဖို့အတွက် ကျေနပ်စရာ ကုသိုလ်တွေကို လုပ်၊ ကျေနပ်စရာ အချက်တွေကို တွေးပါ။ ဒါဆိုရင် စိတ်ချမ်းသာမှုတွေ အထိုက်အလျောက် ရရှိပါလိမ့်မယ်။ ____________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/2PXwWfP

မြတ်စွာဘုရားက မကျန်းမာတဲ့ပုဂ္ဂိုလ်တွေဆိုရင် … “ ဒီတရား ၅ - မျိုးကို နှလုံးသွင်းပါတဲ့ ” 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 နံပါတ်(၁) ဒီကိုယ်ခန္ဓာကိုယ်ကြီးဟာ မတင့်မတယ် ရွှံစဖွယ်ကောင်းတယ်ဆိုတာကို မပြတ်ဆင်ခြင်ပေးပါတဲ့ … နံပါတ်(၂) ကိုယ်စားတဲ့အစာအာဟာရတွေရဲ့ စက်ဆုပ်ဖွယ်အခြေအနေတွေကို မပြတ်ဆင်ခြင်စဉ်းစားပေးပါတဲ့ … နံပါတ်(၃) လောကကြီးရဲ့ပျော်ရွှင်စရာကင်းမဲ့နေပုံကို ဆင်ခြင်စဉ်းစားပေးပါတဲ့ … နံပါတ်(၄) သင်္ခါရမှန်သမျှ ဘယ်အရာမှမမြဲဘူးဆိုတဲ့ အနိစ္စသညာကို ဆင်ခြင်စဉ်းစားပေးပါတဲ့ … နံပါတ်(၅) သေခြင်းနဲ့ပတ်သက်တဲ့ အမှတ်သညာတစ်ခု ကိုယ့်ရဲ့သေခြင်းပဲဖြစ်စေ ကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေရဲ့သေဆုံးခြင်းပဲဖြစ်စေ သေဆုံးခြင်းနဲ့ပတ်သက်ပြီး သတိ သံဝေဂ အသိဉာဏ်အမြဲတမ်းဖြစ်အောင် ဆင်ခြင်စဉ်းစားပေးပါလို့ ဟောကြားတော်မူတာဖြစ်တယ်.. ဒီနှလုံးသွင်းတရား ၅ - မျိုးဟာ မကျန်းမာသူတွေအတွက်အထူးလိုအပ်တဲ့ နှလုံးသွင်းတရားကမ္မဋ္ဌာန်း ၅ - ခုပဲ ဖြစ်တယ်လို့ ဒီလိုဆိုလိုတာ.. ခုလိုကမ္မဋ္ဌာန်း ၅ - မျိုးကို နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ်ဟာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်.. မြတ်စွာဘုရားက ဘယ်လောက်ထိအောင် ဟောတုန်းဆိုလို့ရှိရင် ဒီလိုသာ မှန်မှန်ကန်ကန်နှလုံးသွင်းပြီး ဒီတရား ၅ - မျိုး သူ့သန္တာန်မှာ ပြည့်ပြည့်ဝဝကြီးရှိမယ်ဆိုရင် သူဟာ မသေခင်မှာ ရဟန္တာကြီး ဖြစ်သွားနိုင်ပါတယ်လို့ ဟောထားတယ် ။ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မေတ္တာဖြင့် ဓမ္မဒါန … 🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

via အလင်းရောင် ဓမ္မ https://ift.tt/2HUgFBP

★"#သောတာပန်အမျိုးအစား(၂၄)မျိုး"★ 💎⛲💎⛲💎⛲💎⛲💎⛲💎⛲💎 ယခုခေတ်အခါသည် ဝိပဿနာ ထွန်းကားလာသောအခါဖြစ်၏။ ဝိပဿနာ ထွန်းကားသည့်အားလျော်စွာ အားထုတ်ဖို့ရာ အခွင့်အခါအချိန်ရကြသော ပုဂ္ဂိုလ်တို့က ဝိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်နေကြပြီး၊ အားထုတ်ဖို့ရာ အခွင့်အခါ မကြုံနိုင်သေးသည့်ပုဂ္ဂိုလ်တို့ကလည်း ဝိပဿနာတရားအားထုတ်သောအခါ လိုက်နာဖွယ်ရာ အခြေခံများကို မှတ်သားလေ့လာလျက်ရှိကြပေသည်။ အားထုတ်သောအခါမှာလည်း အနည်းဆုံး သောတာပန်ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်းချက်ထားကြသည့် ပုဂ္ဂိုလ်တို့ကများကြပေသည်။ မိမိတို့ရည်မှန်းချက် ထားကြသည့်အတိုင်း ယခုဘဝမှာပင် သောတာပန် ဖြစ်လိုကြသောပုဂ္ဂိုလ်တို့သည် ဝိပဿနာတရားကို အားထုတ်ကြရပေသည်။ ဝိပဿနာအားထုတ်ကြသောအခါ မိမိတို့၏ #ပါရမီဓာတ်ခံနှင့် #အကျင့်ပဋိပဒါ အားလျော်စွာ သောတာပန်တို့သည် အမျိုးအစားအားဖြင့် (၂၄)မျိုး ကွဲပြားသွားကြပေသည်။ ယခုဘဝမှာ သောတာပန်ဖြစ်နိုင်သည့် ပါရမီဓာတ်ခံပါလာသော ပုဂ္ဂိုလ်အချင်းပင် တူကြပါသော်လည်း ဝိပဿနာတရား အားထုတ်သော အခါမှာတော့ တစ်ဦးနှင့်တစ်ဦး တရားတွေ့ပုံချင်းမတူကြပေ။ ကွဲပြားလျက်ရှိကြပေသည်။ အချို့သော ပုဂ္ဂိုလ်များက တရားသဘောများကို ထင်ထင်ရှားရှားတွေ့မြင်ကြသော်လည်း အချို့သောပုဂ္ဂိုလ်များက မထင်မရှားမပြတ်မသား တွေ့မြင်ကြပေသည်။ တရားသဘောများကို မထင်မရှား မပြတ်မသား တွေ့မြင်ကြရသော ပုဂ္ဂိုလ်တို့သည် ယခုဘဝမှာ မိမိသည် သောတာပန်မဖြစ်နိုင်ဟု ထင်မြင်ကာ စိတ်ဓာတ်များ ကျဆင်းသွားတတ်ကြပေသည်။ ဤကဲ့သို့ စိတ်ဓာတ်များ မကျဆင်းသွားရအောင် မိမိတို့ဖြစ်ရမည့် သောတာပန်အမျိုးအစားများကို သိထားသင့်လှ၏။ ★သောတာပန်ဖြစ်လို၍ ဝိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်တို့တွင် အချို့သောပုဂ္ဂိုလ်တို့က ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် အားထုတ်ကြရပေသည်။ အချို့သော ပုဂ္ဂိုလ်တို့က ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရပေသည်။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရသော ပုဂ္ဂိုလ်တို့မှာ မိမိသည် ယခုဘဝ၌ သောတာပန်ဖြစ်နိုင်သော ပုဂ္ဂိုလ်မျိုးမဟုတ်ပေဟု ထင်မြင်ကာ စိတ်ဓာတ်များ ကျဆင်းတတ်သောကြောင့် စိတ်ဓာတ်များ မကျဆင်းသွားရအောင် သောတာပန်အမျိုးအစားကို သိထားသင့်ကြပေသည်။ ယခုဘဝမှာပင် သောတာပန်ဖြစ်အောင် အားထုတ်ကြမည့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် မိမိတို့၏ ပါရမီဓာတ်ခံအားလျော်စွာ တရားသဘောများကို ထင်ထင်ရှားရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။ မထင်မရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်လျှင်လည်း အားထုတ်ကြရပေလိမ့်မည်။ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း အားထုတ်လျှင်လည်း အားထုတ်ကြရပေလိမ့်မည်။ မည်သို့ပင် အားထုတ်ရ အားထုတ်ရ သောတာပန်(၂၄)မျိုးတို့တွင် ပါဝင်နိုင်ပါက မိမိသည် ဧကန်မုချ သောတာပန်ဖြစ်ရမည်ဟု သိမြင်ကာ စိတ်ဓာတ်များ မကျဆင်းဘဲ ဝိပဿနာတရားကို မဆုတ်မနစ် အားထုတ်နိုင်ကြမည်ဖြစ်ပေသည်။ သို့ဖြစ်၍ သောတာပန်(၂၄)မျိုးတို့ကို သိထားသင့်ကြပေသည်။ ★#သောတာပန်တို့သည်_ဘဝအပိုင်းအခြားအားဖြင့်★ ၁။ သတ္တက္ခတ္တု ပရမ သောတာပန္န - လူပြည်နှင့် နတ်ပြည်တို့၌ (၇)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့်သောတာပန် ၂။ ကောလံကောလ သောတာပန္န - လူ့ပြည်နတ်ပြည်တို့၌ (၂)ဘဝမှ (၆)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့်သောတာပန် ၃။ ဧကဗီဇ သောတာပန္န လူ့ပြည်နတ်ပြည်တို့၌ (၁)ဘဝသာ ဖြစ်၍ နိဗ္ဗာန်သို့စံဝင်မည့် သောတာပန် ဟူ၍ (၃)မျိုးရှိပေသည်။ (အံ-၁-၊၂၃၄) ★#ပြဋ္ဌာန်းသောဓုရအားဖြင့်_သောတာပန်(၂)မျိုး★ သောတာပန်ပုဂ္ဂိုလ်တို့သည် ပြဌာန်းသော ဓုရအားဖြင့် ၁။ သဒ္ဓါပြဌာန်းသော သဒ္ဓါဓုရ သောတာပန်။ ၂။ ပညာပြဌာန်းသော ပညာဓုရ သောတာပန်ဟူ၍ (၂)မျိုှးရှိပေသည်။ ယခုဘဝမှာပင် သောတာပန်ဖြစ်လိုကြသော ပုဂ္ဂိုလ်တို့သည် ဝိပဿနာတရား အားထုတ်ကြရပေသည်။ ဝိပဿနာတရား အားထုတ်သောအခါ ★သဒ္ဓါရှေ့သွား၊ သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည် သဒ္ဓါဓုရ သောတာပန်မည်၏။ ★ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည် ပညာဓုရသောတာပန်မည်၏။ အကြင်ပုဂ္ဂိုလ်တို့သည် သဒ္ဓါရှေ့သွား သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်တို့သည် ဝိပဿနာတရားအားထုတ်သောအခါ မိမိသည် ယခုဘဝ၌ သောတာပန်ဖြစ်နိုင်သည်ဟု ယုံကြည်ချက်သဒ္ဓါ ထက်သန်အားကောင်း၍သာ အားထုတ်နေရပေသည်။ တရားသဘောများကိုတွေ့ရာတွင် ထင်ထင်ရှားရှား မရှိလှပေ။ နာမရူပ ပရိစ္ဆေဒဥာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကိုပိုင်းခြားကာ သိသောအခါ၌လည်း ကွဲကွဲပြားပြားမရှိလှပေ။ မထင်မရှားပင် သိမြင်ပေသည်။ ဆရာသမားများက ဟောပြသောအခါမှသာ သိလာတတ်ပေသည်။ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။ အကြင်ပုဂ္ဂိုလ်သည် ★ ပစ္စယပရိဂ္ဂဟဥာဏ်- အကြောင်းနှင့်အကျိုးကို သိသောဥာဏ်၊ ★ သမ္မသနဥာဏ်- အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ဆင်ခြင်၍ သိသောဥာဏ်၊ ★ ဥဒယဗ္ဗယဥာဏ် - ရုပ်နာမ်တို့ အဖြစ်အပျက်ကိုသိသောဥာဏ်၊ ★ ဘင်္ဂဥာဏ်- အပျက်ကိုသိသောဥာဏ်၊ ★ ဘယဥာဏ်- သံသရာဒုက္ခ ခနဒုက္ခကြောက်ဖွယ်ထင်သောဥာဏ်၊ ★ အာဒီနဝဥာဏ်- အပြစ်မြင်သောာဥာဏ်၊ ★ နိဗ္ဗိန္ဒဥာဏ်- ဘဝ သံသရာအား ငြီးငွေ့သောဥာဏ်၊ ★ မုဉ္စိတုကမျတာဥာဏ်- လွတ်မြောက်လိုသောဥာဏ်၊ ★ ပဋိသင်္ခ`ါဥာဏ်- တစ်ဖန်ပြန်ရှုရသောဥာဏ်၊ ★ သင်္ခ`ါရုပေက္ခာဥာဏ်- လျစ်လျှူရှုသော ဥာဏ်သို့ရောက်၍ ရှုမှတ်သောအခါတို့၌လည်း တရားသဘောများကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား မသိပေ။ မထင်မရှားသာ သိပေသည်။ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့်ပုဂ္ဂိုလ်ဖြစ်ပေသည်။ ဤကဲ့သို့ ဝိပဿနာတရား အားထုတ်သောအခါ၌ တရားသဘောများကို မထင်မရှားပင် သိမြင်ပါသော်လည်း အမှတ်ပြည့်သွားသောအခါ ဥာဏ်စဉ်ပြည့်သွားသောအခါ သောတာပန်အဖြစ်သို့ ရောက်သွားမည်ဖြစ်ပေသည်။ ဤသောတာပန်မျိုးကို သဒ္ဓါဓုရ သောတာပန်ဟု ဆိုရပေသည်။ အကြင်ပုဂ္ဂိုလ်သည် ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဝိပဿနာတရားအားထုတ်သောအခါ တရားသဘောများကို ထင်ထင်ရှားရှား တွေ့မြင်တတ်ပေသည်။ နာမရူပ ပရိစ္ဆေဒဥာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကို ပိုင်းခြားကာ သိသောအခါ၌လည်း ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိမြင်လာတတ်ပေသည်။ ထိုပုဂ္ဂိုလ်သည် ပညာဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်သည်။ အထက်ပါဥာဏ်စဉ်များကိုလည်း ထင်ထင်ရှားရှား သိမြင်တတ်ပေသည်။ ထိုပုဂ္ဂိုလ်ကား ပညာဓုရသောတာပန်ဖြစ်၏။ သဒ္ဓါဓုရသောတာပန်သည် အကျင့်အားဖြင့်(၄)မျိုး သဒ္ဓါဓုရ သဒ္ဓါပြဌာန်း၍ သောတာပန်အဖြစ်သို့ ရောက်ကြမည့် ပုဂ္ဂိုလ်တို့သည် အကျင့်ပဋိပဒါအားဖြင့် (၄)မျိုးကွဲပြားကြပေသည်။ ၁။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းလည်း အားထုတ်ရ၍ တရားလည်း အရနှေးသော သောတာပန်။ ၂။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း အားထုတ်ရ၍ တရားအရမြန်သော သောတာပန်။ ၃။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားအရနှေးသော သောတာပန်။ ၄။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားလည်း အရမြန်သော သောတာပန်ဟူ၍ (၄)ယောက်ဖြစ်ပါသည်။ သဒ္ဓါဓုရ သောတာပန်ကဲ့သို့ပင် ပညာဓုရ သောတာပန်သည်လည်း အကျင့်ပဋိပဒါအားဖြင့်(၄)ယောက်ဖြစ်ပေသည်။ သဒ္ဓါဓုရသောတာပန်(၄)ယောက်၊ ပညာဓုရသောတာပန်(၄) ယောက်ဟူ၍ ပေါင်း(၈)ယောက်ဖြစ်ပါသည်။ ★#သောတာပန်(၂၄)ယောက်ဖြစ်ပုံ★ ဧကဗီဇသောတာပန်၊ ကောလံကောလ သောတာပန်၊ သတ္တက္ခတ္တုပရမသောတာပန် တို့၌ သဒ္ဓါဓုရသောတာပန်(၄)ယောက်၊ ပညာဓုရသောတာပန်(၄)ယောက်အားဖြင့် (၈)ယောက်စီရရှိနိုင်ကြမည်။ သို့ဖြစ်၍ (၁)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်၊ (၂)ဘဝမှ(၆)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်၊ (၇)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်ဟု၍ သောတာပန်(၂၄)ယောက်ဖြစ်တော့၏။ ဤသောတာပန်(၂၄)မျိုးတို့တွင် မည်သည့် သောတာပန်မျိုးပင် ဖြစ်စေ၊ အပါယ်သံသရာ အပါယ်ဘုံဝများမှ လွတ်မြောက်ကြသည်သာ ဖြစ်ပေသည်။ သို့ဖြစ်၍ အပါယ်သံသရာ အပါယ်ဘုံဘဝများမှ လွတ်မြောက်လိုကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် သောတာပန်ဖြစ်နိုင်ကြောင်း ဝိပဿနာတရားကို အားထုတ်ကြရမည် ဖြစ်ပေသည်ဟူ၍ အသိပေးလိုက်ရတော့၏။ ကိုးကား။ ။ သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး ဓမ္မပဒေသာ(တတိယတွဲ)။ အင်္ဂုတ္တိုရ်(ပ)။ ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။ စာရေးသားသူ - ဆရာတော်အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) credit :

via အလင်းရောင် ဓမ္မ https://ift.tt/2ZYJiUG