အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, September 8, 2019
အရမ်းကောင်းလို့ ဖတ်စေချင်မိတဲ့ post တစ်ပုဒ် #ဘယ်ပုဂ္ဂိုလ်ကို_ဂစ္ဆာမိ_ရပါမလဲဘုရား °°°°°°°°°°°°°°°°°°°°°°°°°°°°°°°° မောင်စိန် ။ ။ စာတတ်အန္ဓနှင့် စာမတတ်ကလျာဏ နှစ်ပါးတို့တွင် ဘယ်ပုဂ္ဂိုလ်ကို ဂစ္ဆာမိရပါမလဲဘုရား ။ ဆရာ ။ ။ အပါယ်ဘေးမှလွတ်ချင်ရင် စာမတတ် ကလျာဏကို ဂစ္ဆာမိကွဲ့ ၊ စာတတ်အန္ဓကိုဆည်းကပ်မိလျှင် မာနရောဂါတွေ ကူးစက်ပြီး ဟိုသူတော်ကောင်းကို ပြစ်မှားလိုက် ၊ ဒီသူတော်ကောင်းကို ပြစ်မှားလိုက်နဲ့ အရိယူပဝါဒအန္တရာယ်တွေထိုက်ပြီး အပါယ်က ဘယ်တော့မှ မတက်ရတော့ဘူး ၊ ကြပ်ကြပ်သတိထားကြကွဲ့ ။ မောင်စိန် ။ ။ တပည့်တော်တို့လူတွေကတော့ စာတတ်ပုဂ္ဂိုလ်မှ အထင်ကြီးပြီး ဂစ္ဆာမိကြတယ်ဘုရား ။ ဆရာ ။ ။ ဒါကြောင့် မြန်မာပြည်မှာ အရိယာနည်းတာပေါ့ ဖိုးသူတော်ကို ချစ်တီးထင်၍ သမီးပေးမှားသလို ဖြစ်ကုန်ကြပြီကွဲ့ ။ ဓမ္မပဒဝတ္ထုလေးတပုဒ် ပြောရဦးမှာပေါ့ ။ မြတ်စွာဘုရားရှိစဉ်တုန်းက သူငယ်ချင်းနှစ်ယောက် ရဟန်းပြုကြသတဲ့ ၊ ရဟန်းဖြစ်ပြီးလျှင် မြတ်စွာဘုရားထံ ချဉ်းကပ်၍ လျှောက်ထားကြတာပေါ့ ၊ မြတ်စွာဘုရား သာသနာတော်မှာ အလုပ်ဘယ်နှစ်မျိုးရှိပါသလဲလို့ လျှောက်ထားသတဲ့ ။ ဒီတော့ မြတ်စွာဘုရားက ဂန္ထဓူရ = စာသင်ခြင်းနှင့် ဝိပဿနာဓူရ ဝိပဿနာပွားများခြင်း အဲဒီနှစ်မျိုးပဲရှိတယ်လို့ မိန့်တော်မူသတဲ့ ၊ ဒါနဲ့ တစ်ပါးကစာသင် ၊ တစ်ပါးက ဝိပဿနာပွားသတဲ့ ၊ အတော်လေးကြာတော့ စာသင်တဲ့ကိုယ်တော်က စာတတ်၍ တပည့်ငါးရာကို စာချနေသတဲ့ ၊ ဝိပဿနာပွားတဲ့ ကိုယ်တော်ကလဲ တပည့်ငါးရာကို ကမ္မဋ္ဌာန်းပြနေသတဲ့ ။ ဝါကျွတ်၍ တပည့်လေးတွေက မြတ်စွာဘုရားထံ ကန်တော့သွားရန် လျှောက်ထားတဲ့အခါ အေး ..... ကောင်းပြီ သွားကြ သွားဆိုသော်လည်း တစ်သုတ်စီသွားကြကွဲ့ ၊ ငါးရာလုံး ဆိုလျှင် ဆွမ်းပန်းခက်လိမ့်မယ် ။ မြတ်စွာဘုရားထံ ရောက်လျှင် ငါ၏ရှိခိုးခြင်းဖြင့်လည်း ရှိခိုးလိုက်ကြပြီးလျှင် ငါ့သူငယ်ချင်း စာချဆရာထံ သွားတည်းခိုကြလို့ မှာသတဲ့ ။ ဒါနဲ့တပည့်တွေကလည်း ဆရာ့စကားအတိုင်း တစ်သုတ်စီတစ်သုတ်စီလာ၍ မြတ်စွာဘုရားကို ကန်တော့ပြီးလျှင် စာချဆရာတော်ထံ တည်းခိုကြတာပေါ့ ၊ ဒီတော့ စာချဆရာတော်က အထင်မှားသတဲ့ ၊ ဒီကောင်က သူ့တပည့်ပေါကြောင်း ငါ့ကိုလာကြွားနေပြန်ပါပြီလို့ အထင်မှားသတဲ့ ၊ အဲဒါ မာနဝင်လို့ အထင်မှားတာမဟုတ်လား ။ လာပါစေဦး သူလာမှစာကလေးမေးပြီးတော့ အရှက်ခွဲလိုက်ရဦးမယ်လို့ ပြစ်မှားပြန်သတဲ့ ။ အဲဒါမာန ၊ ဒိဋ္ဌိနှစ်ပါးကြောင့် ပြစ်မှားတာမဟုတ်လား ၊ အဲဒါစာတတ်အန္ဓတဲ့ ၊ ဒါနဲ့တပည့်တွေပြီး၍ ရဟန္တာပုဂ္ဂိုလ် ဘုရားထံ ဖူးမျှော်ရန် ကြွလာသတဲ့ ၊ ကြွလာ၍ ရောက်လာတော့ သူငယ်ချင်းထံမှာ သပိတ်များကိုထားခဲ့ပြီး မြတ်စွာဘုရားကို ဖူးမျှော်ရန်သွားသတဲ့ ။ စာချဆရာတော်ကလည်း ပြန်လာလျှင် စာမေးရန် သူ့ဖို့တစ်နေရာ မိမိဖို့တစ်နေရာ ခင်းထားတာပေါ့ ။ ရဟန္တာကလည်း မြတ်စွာဘုရားကိုဖူးမြှော်ကန်တော့ပြီးလျှင် သူငယ်ချင်းထံလာသတဲ့ ၊ ကျောင်းကိုရောက်၍ သူငယ်ချင်းနှစ်ဦး သူ့နေရာ ကိုယ့်နေရာထိုင်၍ နှုတ်ဆက်စကားပြောကြစဉ် မြတ်စွာဘုရားက ရွှေဉာဏ်တော်စက္ခုနှင့် ရှုလိုက်တော့ ....... စာချဆရာတော်သည် ရဟန္တာကို ပြစ်မှား၍ ငရဲကျမည့်ဘေးကို မြင်တော်မူတာနှင့် စာမမေးခင် ဘုရားရှင်က အရောက်ကြွခဲ့သတဲ့ ၊ မြတ်စွာဘုရားကြွခဲ့တယ်ဆိုရင်ပဲ ၂ ဦးစလုံး နေရာမှ ထကြကာ ခရီးဦးကြိုဆို၍ မြတ်စွာဘုရားကို အရိုအသေပေးနေကြသတဲ့ ၊ ဒီတော့ မြတ်စွာဘုရားက စာချဆရာတော်ကို ဈာန်အကြောင်းတွေကို မေးသတဲ့ ။ ဒေသနာအရာဖြစ်တော့ စာချဆရာတော်ကလဲ မထစ်မငေါ့ ဖြေရှာသတဲ့ ၊ ပြီးတော့ ( မဂ်ခန်း ၊ ဖိုလ်ခန်းကို ) မေးတာပေါ့ ၊ အဲဒီကျတော့ ဒေသနာအရာမဟုတ်သဖြင့် မဖြေနိုင်ဘူးတဲ့ ၊ စာချ ဆရာတော်မဖြေနိုင်တော့ ရဟန္တာကိုမေးသတဲ့ ၊ ရဟန္တာက သူစားပြီးသား ဟင်းဖြစ်နေသောကြောင့် မြင်းကောင်းပြေးသလို တွေးမနေပဲ ဖြေသတဲ့ ။ အဲဒီတော့ မြတ်စွာဘုရားက ရဟန္တာကို သာဓုသုံးကြိမ် ခေါ်တော်မူသတဲ့ ၊ ဒါနဲ့ စာသင်သားတွေက မြတ်စွာဘုရားဟာ မတရားဘူးလို့ ကဲ့ရဲ့ကြသတဲ့ ၊ ဒီတော့ မြတ်စွာဘုရားက ချစ်သားတို့ .... နွားကျောင်းသားသည် နွားနက်ဘယ်နှစ်ကောင် ၊ နွားဖြူဘယ်နှစ်ကောင် ၊ ချိုကုတ်ဘယ်နှစ်ကောင် ၊ ချိုထောင်ဘယ်နှစ်ကောင် ဆိုတာတော့သိ၏ နွားနို့တော့မသောက်ရဘူးတဲ့ ။ နွားရှင်သည် နွားစာရင်းကိုတော့မသိ ၊ နွားနို့တော့ ဝအောင်သောက်ရသတဲ့ ။ အဲဒီနှစ်ဦးတို့တွင် ဘယ်သူကမြတ်သလဲလို့ မေးတော်မူသတဲ့ ဒီအခါ ရဟန်းတွေက နွားရှင်ကမြတ်ပါတယ်ဘုရားဟု လျှောက်ကြသတဲ့ ။ ဒါနဲ့ မြတ်စွာဘုရားက စာချဆရာတော်က နွားကျောင်းသားနှင့် တူသကွဲ့ ။ ခန္ဓာဘယ်နှစ်ပါး ၊ အာယတနဘယ်နှစ်ပါးစသည်ဖြင့်သိတယ် ။ ဒါပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်တည်း ဟူသော ချမ်းသာကိုတော့ မခံစားရ ၊ကမ္မဋ္ဌာန်းဆရာတော်က နွားရှင်နဲ့တူသကွဲ့ ။ ခန္ဓာဘယ်နှစ်ပါးဆိုတာ မသိပေမယ့် မဂ်ဖိုလ်နိဗ္ဗာန် ဝိမုတ္တိရသကို ခံစားရတယ်လို့ မိန့်တော်မူသတဲ့ ။ ကဲ မြတ်စွာဘုရားကလည်း စာမတတ်တဲ့ ကလျာဏကိုသာ သာဓုခေါ်တယ်ကွဲ့ ။ မြန်မာပြည်က လူတွေက ဂစ္ဆာမိတာ မလွဲသေးဘူးလား ။ မောင်စိန် ။ ။ဒီလိုဆိုရင် စာသင်ရတာတွေအပိုဖြစ်နေတာပေါ့ဘုရား ။ ဆရာ။ ။ဘယ်ပိုမလဲကွဲ့ ၊ စာတတ်တဲ့ပုဂ္ဂိုလ်တွေက ကလျာဏဖြစ်လာရင်ပဋိသမ္ဘိဒါ ပတ္တပုဂ္ဂိုလ်တွေဖြစ်ပြီး ဗုဒ္ဓသာသနာကို ဝင်းထိန်နေအောင် ပြုနိုင်တာပေါ့ ၊ ကြည့်ပါလား.... မိလိန္ဒမင်းကြီးမေးတာကို မဖြေနိုင်ပဲ ရှောင်လွှဲနေရတဲ့ရဟန္တာတစ်ထောင်ဟာ ပဋိသမ္ဘိဒါပတ္တ မဟုတ် စာမတတ် ကလျာဏသာ ဖြစ်နေ၍ မိလိန္ဒမင်းကြီးကို ကျွတ်အောင်မလုပ်နိုင်ဘူး ။ ရှင်နာဂသိန်ကျတော့ ပဋိသမ္ဘိဒါပတ္တမို့ မိလိန္ဒမင်းကြီးကို ရဟန္တာဖြစ်သည်အထိ တတ်နိုင်တယ် ။ ဘယ်လောက်ဟန်သလဲ ။ မြန်မာပြည်က စာတတ်ပုဂ္ဂိုလ်တွေဟာ ကလျာဏဖြစ်အောင် အားထုတ်ပြီးမှ ဘာသာခြားစကားကို သင်ကာ နိုင်ငံခြားကို သာသနာပြုကြွကြလျှင် ဘယ်လောက်ကောင်းလိုက်မလဲကွယ် ။ ကလျာဏမဖြစ်ပဲ သာသနာပြုဖို့ မဖြစ်နိုင်ဘူး ။ မိမိက အကန်းပါဆို ၊ မိမိက လမ်းပြလို့ ဘယ်ဟန်မလဲကွဲ့ မောင်စိန်ရဲ့ ၊ သူတစ်ပါးကို သရဏဂုံတည်အောင် ပြုမည့်သူဟာ မိမိလဲ သရဏဂုံတည်မှဖြစ်မယ်။ သရဏဂုံတည်ဖို့ဆိုတာ စူဠသောတာပန်အခြေရောက်မှ တည်သကွဲ့ ၊ မရောက်ရင် မိဿကသရဏဂုံမျှသာ ဖြစ်နေတတ်တယ် ။ - မောင်စိန် - ။ဒီလိုဆိုရင် မြန်မာပြည်မှာ သုဒ္ဓသရဏဂုံတည်သူဟာ နည်းနည်းပါးပါးပဲ ရှိမှာပါဘုရား ။ - ဆရာ - ။မများပါဘူးကွယ် ။ သာဝတ္ထိပြည်မှာ လူဦးရေ ခုနှစ်ကုဋေရှိရာ ငါးကုဋေကအရိယာ ၊ တစ်ကုဋေက သရဏဂုံတည်သူ ၊ ကျန်တစ်ကုဋေက ပုတုဇဉ်တဲ့ ။ ထို့ကြောင့် သူ့ကိုငါချ ငါ့ကိုသူချ မပြုကြဘဲ ဘုန်းကြီးရော လူပါ သုဒ္ဓသရဏဂုံတည်အောင် ကြိုးစားကြလျှင် ရတနာမိုးတွေရွာ၍ ချမ်းသာမှာ ဧကန်ပါပဲလို့ဆိုချင်ပါတယ် ။ ဒါကြောင့် မိမိကိုယ်ကို စစ်ဆေးရမှာက ငါသည် မိမိသန္တာန်မှာ သစ္စာလေးပါးကို သိတဲ့ ဉာဏ်တရားကို အားကိုးသူဟုတ်ရဲ့လား ။ ငါသည် ပဋိဝေဓဉာဏ်တရားကို အားကိုးသူ ဟုတ်ရဲ့လား ၊ ငါသည် ပရမတ္တသံဃာကို အားကိုးသူ ဟုတ်ရဲ့လား ၊ သမ္မုတိသံဃာကိုလဲ အရိုအသေပေးသူ ဟုတ်ရဲ့လားဆိုတာ မိမိကိုယ်ကိုသာ စစ်ဆေးပါ ။ အဲဒီလို စစ်ဆေး၍ သုဒ္ဓသရဏဂုံ တည်မှ ငါတော့ ဗုဒ္ဓဘာသာပဲလို့ ဝန်ခံပါ ။ သုဒ္ဓသရဏဂုံမဖြစ်သေးလျှင် ဖြစ်ရအောင် သပ္ပုရိသကိုရှာပါ ။ မယားရယ် ၊ လင်ရယ် ၊ စီးပွားရေးရယ် ၎င်းတွေကို နောက်မှရှာပါ ။ သရဏဂုံအစစ်မတည်ပဲ သေသွားလျှင် လူဖြစ်ရှုံးသွားမယ် ၊ ဗုဒ္ဓုပ္ပါဒနဝမ အခါကြီးနဲ့ ကြုံရပါလျှက် သရဏဂုံအစစ်ကိုလွဲလျှင် ဝေပုလ္လတောင်ကို လွဲတာထက် အဆပေါင်းများစွာ နစ်နာမည် ။ နမ္မားဆရာတော်အရှင်ဉာဏ တရားစစ်တမ်းဆွေးနွေးခန်းမှ ထုတ်နှုတ် ပူဇော်ပါသည် ။ Credit - သစ္စာ၏ လျှောက်လမ်း Ashin zawana..Acc မှတဆင့် ပြန်လည်ကူးယူမျှဝေပါသည်။
via အလင်းရောင် ဓမ္မ https://ift.tt/2UDgDnc
Newer Post
Older Post
Home