Sunday, September 8, 2019

စိတ်ချမ်းသာချင်လား? •••••••••••••••••••••• သူသူကိုယ်ကိုယ် စိတ်ချမ်းသာချင်ကြတယ်။ ဒါပေမဲ့ စိတ်ချမ်းသာမှု အပြည့်အဝ မရကြဘူး။ စိတ်ဆင်းရဲမှုတွေ မကြာမကြာ ကြုံတွေ့နေရတယ်။ အဲဒါ ဘာကြောင့်လဲ...အဆင်ပြေအောင် မတွေးတတ်လို့ပဲ။ ဒီတော့ ဘယ်လိုအခက်အခဲနဲ့ တွေ့တွေ့ စိတ်ချမ်းသာချင်တယ်ဆိုရင် အဆင်ပြေအောင် တွေးရမယ်။ အဆင်ပြေအောင် တွေးရင် နေသာထိုင်သာ ရှိသွားတယ်။ ပန်းချီဆရာလို -------------- အင်မတန်တော်တဲ့ ပန်းချီဆရာတွေဟာ ဆေးစက်ကျရာ အရုပ်ထင်တယ်တဲ့။ ဆိုလိုတာက ပုံလှလှလေး ဖြစ်ဖို့အတွက် ဆေးကောင်းဖို့ အရေးမကြီးဘူး၊ လက် ကောင်းဖို့ပဲ အရေးကြီးတယ်။ လက်ကောင်းတော့ ဘာဆေးနဲ့ ဆွဲဆွဲ၊ ပုံလှလှလေး ဖြစ်လာတယ်။ ဒီလိုပဲ၊ အာရုံမကောင်းမပေမဲ့ အဆင်ပြေအောင် တွေးရင် ကိုယ့်အတွက် စိတ်ဆင်းရဲမှု မဖြစ်တော့ဘူး။ စင်းလုံးချော မရှိ -------------- ပုထုဇဉ်လောကမှာ ဘာဒုက္ခမှ မရှိတဲ့ စင်းလုံးချောပုဂ္ဂိုလ်ဆိုတာ တစ်ယောက်မှ မရှိဘူး။ ကိုယ့်မှာ ဒုက္ခရှိသလို သူများမှာလည်း ဒုက္ခ ရှိတယ်။ ဒါပေမဲ့ လူတွေက ကိုယ့်ဒုက္ခကိုပဲ ဒုက္ခလို့ ထင်တာ။ သူများ ဒုက္ခကို ဒုက္ခလို့ မထင်ဘူး။ ဒီတော့ ဘာဖြစ်လဲ၊ ကိုယ့်မှာ ဒုက္ခဖြစ်ပြီဆိုရင် ဖြစ်မှ ဖြစ်ရလေခြင်းလို့ တွေးတတ်တယ်။ အဲဒါ စိတ်မချမ်းသာခြင်းရဲ့ အကြောင်းပဲ။ တကယ်တော့ လူတိုင်း လူတိုင်းမှာ ဒုက္ခ ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဒုက္ခဖြစ်ပြီဆိုရင် ငါတစ်ယောက်ထဲ ဒုက္ခဖြစ်နေတာ မဟုတ်ဘူး၊ လူတိုင်းလူတိုင်း ဒုက္ခ ဖြစ်နေကြတာပဲလို့ တွေးလိုက်ပါ။ ဒါမှ မဟုတ် ကိုယ့်ထက်ဆိုးဝါးတဲ့ သူတွေကို ကြည့်လိုက်ပါ။ ကိုယ့်မှာ လက်စွပ် မဝတ်နိုင်လို့ စိတ်မညစ်နဲ့။ လက်မရှိတဲ့သူတွေကို သတိ ရလိုက်ပါ။ ဒါဆိုရင် စိတ်ထဲမှာ နည်းနည်း သက်သာ သွားတယ်။ နေတတ်ရင် ကျေနပ်စရာ ---------------- ဘဝဆိုတာ အကောင်းအဆိုး ဒွန်တွဲနေတယ်လေ။ အကောင်းကို လက်ခံနိုင်သလို အဆိုးကိုလည်း လက်ခံနိုင်ရမယ်။ အဆိုးနဲ့တွေ့ပြီဆိုတဲ့အခါ ကိုယ့်ထက်နိမ့်တဲ့သူတွေကို ကြည့်လိုက်ပါ။ ဒီတော့မှ နေသာထိုင်သာ ရှိသွားတယ်။ ဒါကြောင့် ... ဟင်းကောင်း မစားရလို့ စိတ်မညစ်နဲ့။ ဆုတောင်းစားတွေကို သတိရလိုက်ပါ။ အိမ်ကောင်းကောင်း မနေရလို့ စိတ်မညစ်ပါနဲ့။ ဒုက္ခသည်စခန်းမှာ နေရတဲ့သူတွေကို သတိရလိုက်ပါ။ အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်မညစ်ပါနဲ့၊ တစ်ယောက်ထဲ နေတဲ့သူတွေ သတိရလိုက်ပါ။ လောကကြီးဟာ နေတတ်ရင် ကျေနပ်စရာပါ။ ဒါကြောင့် ဘယ်လို ဒုက္ခနှင့်တွေ့တွေ့ နေတတ်ဖို့ပဲ လိုပါတယ်။ နေတတ်ဖို့အတွက် ကျေနပ်စရာ ကုသိုလ်တွေကို လုပ်၊ ကျေနပ်စရာ အချက်တွေကို တွေးပါ။ ဒါဆိုရင် စိတ်ချမ်းသာမှုတွေ အထိုက်အလျောက် ရရှိပါလိမ့်မယ်။ ____________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ


via အလင်းရောင် ဓမ္မ https://ift.tt/2PXwWfP