Sunday, September 8, 2019

မဖြစ်စဘူး ထူးကဲတဲ့အဖြစ် "ငရဲမီးငြိမ်း" ••••••••••••••••••••••••••••••••••••• တစ်ခဏမျှ အားထုတ်ဖူးသူပင် အကျိုး ခံစားရရှိကြောင်း ဒဏ္ဍာရီ ဝတ္ထုကလေး မှတ်သားစရာ၊ သည်းခံပြီး ရှုစမ်းပါ။ ရှေးသရောအခါ ဝိပဿနာတရားကို တစ်ခဏခန့်မျှ အားထုတ်ပြီး ပေါ့ပေါ့ဆဆ ထား၍ ပယ်ရှားလျှက် … လူမှုကိစ္စအဝဝ ပရိယေသနအတွက် အကုသိုလ်မှုများကို မိုက်မှားပြုလုပ်ပြီး နေခဲ့ရာ … လူဘုံမှ တစ်စခန်း ဇာတ်လမ်းအသိမ်းတွင် အကုသိုလ်ကံ အာစိန္နကံက ဆွဲတာနှင့် အပါယ်ငရဲသို့ ကျသွားရာ… ထိုသူ ငရဲရောက်ရှိက ငရဲမီးချက်ခြင်း ငြိမ်းသွားပါသဖြင့် ငရဲထိန်း ယမမင်းကြီးက မဖြစ်စဘူး ထူးကဲတဲ့အဖြစ် ဘယ်အတွက် ဖြစ်ပါသနည်းဟု စိစစ်သောအခါ… တစ်ခဏမျှ ဝိပဿနာတရားကို အားထုတ်ခဲ့ဖူးသူ ငရဲသားတွင် အသစ် ဖြစ်သူကို မြင်၍ ဆင်ခြင်စဉ်းစားသော် ''အဘယ်ကြောင့် ငရဲမီး ဤသူကြောင့် ငြိမ်း သနည်း''ဟု ကံအကြောင်း တွေးတောလျှင် ဝိပဿနာ တစ်ခဏမျှ အားထုတ်မှုကြောင့် ငရဲမီးငြိမ်းကြောင်း ပေါ်လာ။ သိမြင်ရပါသော ကြောင့် ယမမင်းကြီးက ထိုသူအား ''အချင်း-သူတော်ကောင်း ဤဆင်းရဲ ယုတ်ညံ့သော ငရဲအရပ်သည်ကား အချင်း၏ နေရာ မဟုတ်ပါတကား'' ဟု ပြော၏။ ဤသို့ ယမမင်းကြီးက ဆိုသောအခါ ထိုပုဂ္ဂိုလ်က ''ယမမင်းကြီးသည် ငါ့အား အချင်း သူတော်ကောင်းဟု ဆိုသည်မှာ အံ့ဘွယ်ရှိစွ။ ငါ့မှာမူကား အထူးထူးသော အကုသိုလ်တို့ကို မိုက်မှားကြူးလွန်ခဲ့သည် အားလျှော်စွာ ငရဲသို့ ရောက်ခဲ့ရသည်။သူတော်ကောင်းပင် မဟုတ်ခဲ့ တကား'' ဟု ပြော၏။ ယမမင်းကြီးက ''အချင်းသည် ရှေးသရောအခါ ခဏမျှသောကာလ တစ်ခဏ၌ လွန်စွာနက်နဲ သိမ်မွေ့၍ မြတ်လှစွာသော ဝိပဿနာတရား ကို ပွားများခဲ့ဖူးပါသည်။ ၄င်းတရားမြတ်၏ အကျိုးအာနိသင် အရှိန် ကြောင့် ယခုသင်ရောက်ရှိနေသော ငရဲ၌ပင် လျှင် မီးများငြိမ်းလျှက်ရှိရသည်''ဟု အားထုတ် ခဲ့ဖူးသော တရားကို သတိပေးလေ၏။ ထိုပုဂ္ဂိုလ်လည်း ရှေးယခင်က အားထုတ်ခဲ့ ဘူးသော ဝိပဿနာတရားကို သတိရလျှက် အောက်မေ့ဆင်ခြင်လိုက်သည်နှင့် တပြိုင်နက် ငရဲပြည်မှ ကျွတ်လွတ်၍ နတ်ပြည်၌ ထင်ရှားသော နတ်သားတစ်ဦးအဖြစ်ဖြင့် ရောက်ရှိသွားလေသည်။ ထိုပုဂ္ဂိုလ် ငရဲပြည်မှ ကျွတ်လွတ်သွားသည်နှင့် တပြိုင်နက် ငရဲမီးများသည် တောက်လောင်မြဲ တောက်လောင်လေ၏။ ခဏမျှသော အချိန်ကလေး၌ အားထုတ် လိုက်ရသော အကျိုးအာနိသင်သည်ပင်လျှင် ဤမျှလောက် အကျိုးအာနိသင် ကြီးပါတကား။ ငါတို့ ဝိပဿနာအသင်သားများ ယခုပွားများ အားထုတ်ကြသော ကာလအပိုင်းအခြားကို မူကား ဆိုဖွယ်မရှိ။ နိဗ္ဗာန်တရားကြီးကိုပင် မရရှိစေငြားက အပါယ် တံခါးကို ဧကန် ပိတ်တော့မည်တကား''ဟု ဝိပဿနာပညာ တရားကို များများကြီး ပွားများအားထုတ်ရန် သင့်ကြောင်းကို အကျိုးမျှော်လျှက် နှိုးဆော် တိုက်တွန်း လိုက်ရပေသတည်း။ ကျုံဒါးဆရာတော် အသျှင်ကေသရ


via အလင်းရောင် ဓမ္မ https://ift.tt/2PUBOm5