အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, November 17, 2019
လူအဖြစ်ကို ရရှိခြင်းသည် ခဲရင်းလှ၏ -------------------------------- လောက၌ ဘုရားရှင်တို့၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းသည်လည်း အလွန်ရခဲသော အခွင့်အလမ် တစ်ခု ဖြစ်၏။ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် ဘုရားရှင်တို့ ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော တရားတော်၏ ထွန်းလင်းတောက်ပခြင်းသည်လည်း အလွန်ရခဲသော အခွင့်အလမ်း တစ်ခု ဖြစ်၏။ ယင်းအခွင့်အလမ်း ရခဲပုံသဘောကို ဤ ဒုတိယဆိဂ္ဂဠယုဂသုတ္တန်တွင် ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။ "ချစ်သား ရဟန်းတို့...ဥပမာသော်ကား ဤမြေကြီးသည် ရေတပြင်တည်း ဖြစ်လေရာ၏၊ ထိုရေအပြင် ယောက်ျားတစ်ယောက်သည် အပေါက်တစ်ခုသာ ရှိသော ထမ်းပိုးကို ပစ်ချထားလေရာ၏၊ ထိုထမ်းပိုးကို အရှေ့လေသည် အနောက်သို့ တိုက်ခတ်ဆောင်ယူသွားလေရာ၏၊ အနောက်လေသည် အရှေ့သို့ တိုက်ခတ်ဆောင်ယူသွားလေရာ၏၊ မြောက်လေသည် တောင်သို့ တိုက်ခတ်ဆောင်ယူသွားလေရာ၏၊ တောင်လေသည် မြောက်သို့ တိုက်ခတ်ဆောင်ယူ သွားလေရာ၏။ ထိုရေအပြင်၌ လိပ်ကာဏ်းတစ်ကောင်သည် ရှိလေရာ၏၊ ထိုလိပ်ကာဏ်းသည် အနှစ်တစ်ရာအနှစ်တစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ် တစ်ကြိမ် ရေမျက်နှာပြင်ထက်သို့ ပေါ်တက်လာလေရာ၏။ ချစ်သားရဟန်းတို့...ထိုအရာကို အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း၊ စင်စစ်အားဖြင့် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါမှ တစ်ကြိမ် တစ်ကြိမ်သာ ရေမျက်နှာပြင်ထက်သို့ ပေါ်တက်လာသော လိပ်ကာဏ်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်မိနိုင်ရာသလော ..ဟု မေးမြန်းတော်မူ၏။ မြတ်စွာဘုရား...အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါမှ တစ်ကြိမ် တစ်ကြိမ်သာ ရေမျက်နှာပြင်ထက်သို့ ပေါ်တက်လာသော ထိုလိပ်ကာဏ်းသည် ဤ အပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်နိုင်မှုသည် အကြောင်းညီညွတ်မှ ဖြစ်နိုင်ပါ၏ မြတ်စွာဘုရား ..ဟု ပြန်လည်လျှောက်ထားကြကုန်၏။ ချစ်သား ရဟန်းတို့... ဤဥပမာအတူပင် လူအဖြစ်ကို ရရှိခြင်းသည်လည်း အကြောင်းညီညွတ်မှသာ ဖြစ်၏၊ ချစ်သား ရဟန်းတို့... အလားတူပင် လောက၌ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို)ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရားရှင်၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းသည်လည်း အကြောင်းညီညွတ်မှသာ ဖြစ်၏၊ ချစ်သား ရဟန်းတို့... လောက၌ မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော ဓမ္မဝိနယ သာသနာတော်၏ ထွန်းလင်းတောက်ပခြင်းသည်လည်း အကြောင်းညီညွတ်မှသာ ဖြစ်နိုင်၏၊ ချစ်သားရဟန်းတို့... ထိုသူသည် ဤ လူ့အဖြစ်ကိုလည်း ရရှိနေ၏၊ လောက၌ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်ထွန်းပေါ်ပေါက်တော်မူလာ၏၊ လောက၌ မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော ဓမ္မဝိနယသာသနာတော်သည်လည်း ထွန်းလင်းတောက်ပလျက် ရှိနေ၏။ ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ .. ၁။ ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။ ၂။ ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'တည်းဟုသိအောင် ကြိုးစားအားထုတ်ကြပါ။ ၃။ ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓ အရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ ၄။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ" ဟု မိန့်ကြားတော်မူ၏။ (ဆိဂ္ဂဠယုဂသုတ္တန်၊သံ၊၃၊၃၉၈-ပိုဒ် ၁၁၁၈) ဖားအောက်တောရဆရာတော် Credit to ငွေကံ့ကော်သုတဓမ္မရသ
via အလင်းရောင် ဓမ္မ https://ift.tt/37c3jvR
Newer Post
Older Post
Home