အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, November 19, 2019
မြတ်စွာဘုရား၏ အရပ်တော် အဆုံးအဖြတ် 🌺🌺🌺🌺🌺🌺🌺🌺 ဘုရားရှင်၏အရပ်တော်ကို ဗုဒ္ဓဝင်ပါဠိတော်ကြီး၌ “သောဠသဟတ္ထုဗ္ဗေဒ- ၁၆-တောင်”ဟုဆို၏၊ များစွာသော အဋ္ဌကထာတို့၌ “အဋ္ဌာရသဟထ္ထုဗ္ဗေဒ- ၁၈-တောင်”ဟု ဆို၏၊ သုတ်မဟာဝါဠိက၌ “ဒွါဒသ ဟတ္တော= ၁၂ တောင်မြင့်၏” ဟု အပရေဝါဒရှိ၏၊ ၁၈-တောင် ယူသူတို့က ဘယ်ဝါဒကို အတည်ပြုကြ မည်နည်း၊ ၁၈-တောင်ဟူသည် တော်တော်မြင့်သော အိမ်၏ ခေါင်မိုးလောက်ရှိ၏။ ထိုအတိုင်းမှန်လျှင် ဘုရားရှင်ကို ဆွမ်းလောင်းလိုသော အခါ လှေခါးထောင်လျက် အတော်မြင့်အောင်တက်၍ လောင်းကြရပေလိမ့် မည်၊ ဘုရားအရပ်တော်ကို စဉ်းစားကြပါလေ။ သီဟိုဠ်ကျွန်းရှိ အချို့ မထေရ်တို့သည် ““ဟတ္ထသဒ္ဒါ” အတွက် ““မိုက်” ဟူသော အနက်ကိုယူ၍ ““၁ဂ-မိုက်” (ခြောက်တောင်)ရှိ၏” ဟု ယူကြ၏။ [ပထမရိုက်စာအုပ်၌ ထိုသီဟိုဠ်ဝါဒအတိုင်း ရေးခြင်းဖြစ်၏၊ ဤကျမ်းက ဟတ္ထ သဒ္ဒါအတွက် “မိုက်” ဟူသော အနက်ကို ဝန်မခံ။] “အော်လကောက်” အမည်ရှိသော အမေရိကန်သား ဗုဒ္ဓဘာသာဝင် တစ်ယောက်ရေးသားသောစာအုပ်၌ ““ဂေါတမမြတ်ဘုရားသည်ပကတိလူများထက် ထူးခြားစွာမမြင့်” ဟု ယုတ္တိပြလျက် ရေးသားလေ၏။ ယိုးဒယားပြည် သာသနာပိုင်ဆရာတော်လည်း “မြတ်စ္စာဘုရားအရပ်သည် ပကတိ လူများထက် ထူးခြားစွာမမြင့်” ဟု အကျယ်တဝင့် ဆုံးဖြတ်ထား၏။ ဤ “ရတနာ့ဂုဏ်ရည်” ကျမ်းကလည်း သူများယောင်လို့ ယောင်သည် မဟုတ်။ ညွှန်ပြအပ်လတ္တံ့သော ကျမ်းဂန်ယုတ္တိများအရ ““မြတ်ဘုရားအရပ် တော်သည် ပကတိလူများထက် ထူးခြား မြင့်တော်မမူ” ဟုပင် ယူလိုပါ သည်။ ကျေးဇူးရှင်ဆရာတော်များလည်း ဤအတိုင်းယူကြပါသည်။] #ထောက်ထားချက်များ (၁) ဘုရားပရိနိဗ္ဗာန်စံတော်မူသည်မှာ နှစ်ပေါင်း ၂၄ ၆၇နှစ်ကျော်ခဲ့ပြီဖြစ်၍ ထိုခေတ်က လူများသည် ယခုခေတ် လူများထက် အနည်းငယ်ကြီးမားချင် ကြီးမားပေလိမ့်မည်။ သို့သော် ယခုကာလ ထောင်ထောင်မောင်းမောင်း လူများထက် ၂-တောင် ၃-တောင် ပိုလွန်အောင်ကားမကွာခြားနိုင်ပါ။ “ကျောက်စာဘက်ဌာနနှင့်စပ်၍ ရှေးဟောင်း အသုံးအဆောင် အရိုးများကိုတွေ့ရသူတို့ကား ဘုရားရှင် သီတင်းသုံးတော်မူဖူးသော ကျောင်းတော်တံခါးပေါက်များ၏ ယခုသံတံခါးပေါက်ထက် ပို၍မကျယ်ဝန်းခြင်း ဘုရားလက်ထက် တော်က သပိတ်များကိုလည်း ငယ်ငယ်ပင် တွေ့ရခြင်း, ထိုရှေးကလူရိုးများသည် ယခုလူရိုးများထက် မကြီးမားခြင်း, ပဌမသင်္ဂါယနာတင်ရာ စရည်းပင်လိုဏ်ဂူ အပေါက်၏ (အထက် အောက် အားလုံး) ၆-ပေလောက်သာ ရှိခြင်းတို့ကိုထောက်၍- ““ဘုရားလက်ထက်ကလူများသည် ယခုလူတို့ထက်မမြင့်”ဟု အယူရှိကြ၏။ ဘုရားရှင်လည်း ထိုခေတ်က လူအများတွင် မားမားမတ်မတ် ပုဂ္ဂိုလ် တစ်ပါးပင်တည်း၊ အကယ်၍ မြတ်ဘုရားသည် ထိုခေတ်က လူများထက် ထူးခြား မြင့်တော်မူအံ့၊ “မည်းဖြူ ဆူကြုံနိမ့်မြင့်တုံ မှတ်ကုန် ပြစ် ၆-ပါး” ဟူသော အပြစ်တို့တွင် မြင့်လွန်းသောအပြစ်ရှိရာ၏၊ စင်စစ်ကား ဘုရားရှင်၏ အရပ်တော်သည် မနိမ့်မမြင့် အဆင်သင့်ရုံသာ။ (၂) ဘုရားရှင်သည် နတ်အဖြစ် ဗြဟ္မာအဖြစ်ဖြင့် တန်ခိုးပြ၍ တရားဟောမည်ဆိုလျှင် ဖြစ်နိုင်ဖွယ်ရှိပါ၏၊ သို့သော် အများက တအံ့တဩ လိုက်နာကြမည် မဟုတ်ပါ၊ ““နတ်ပဲ ဟောနိုင်မှာ, ဗြဟ္မာပဲ တန်ခိုးကြီးမှာပေါ့” ဟု ဆိုကြပေလိမ့်မည်၊ လူစင်စစ်မှန်းသိဖိုရာ မယ်တော် ခမည်းတော် ဆွေတော် မျိုးများနှင့်တကွ သားတော်တစ်ပါး ရသည့်တိုင်အောင် ထီးနန်းစံပြီးမှ ဘုရားဖြစ်ဖိုရာ တောထွက်တော်မူပါသည်။ အကယ်၍ ၁၈-တောင် အရပ် တော် မြင့်နေလျှင် ““တန်ခိုးကြီးမှာပေါ့ အရပ်တော်ကြီးကိုက နဲတာမှ မဟုတ်ဘဲ လူသား စင်စစ် ဟုတ်ချင်မှလဲဟုတ်မှာ”ဟု ပြောစရာဖြစ်ပလိမ့်မည်။ [မဟာပဒါနသုတ်ဋီကာ] (၃) ဘုရားရှင်သည် မင်းသားဖြစ်စဉ်က ကြင်ယာတော်မိဖုရားလောင်း ရွေးချယ်ဖို့ရန် အခွင့်ကြုံလာ၏။ ထိုအခါ ခမ်းနားကြီးကျယ်သော မဏ်ဏ္ဍာပ် ကိုဆောက်လုပ်စေပြီးလျင် သာကီဝင် မင်းသမီးများအား မင်သားကိုယ်တိုင် ဆုလာဘ် ပေးဖို့ရန် သုဒ္ဓေါဒန မင်းကြီးက စီမံလေသည်။ ထိုမဏ်ဏ္ဍာပ်အတွင်း၌ မင်းသားမှတပါး အခြားယောက်ျားတယောက်မျှမရှိစေရ။ သို့သော်မင်းချင်းယောက်ျားတို့အား ပြောသမျှစကားတို့ကို ချောင်း၍ နားထောင်ကြဖို့ရန် စေခိုင်းထားလေသည်။ ထိုအခါ သာကီဝင် မင်းသမီးအများပင် တချိန်တည်း ဆုလာဘ်တော်များကို လာယူကြသော်လည်း 'ယသော်ဓယာ' မင်းသမီးကား သူများနှင့်အတူမလာဘဲ တယောက်တည်း နောက်ချန်၍ အများပြန်မှ မိမိအခြွေအရံ နှင့်ရောက်လာရာ ဆုလာဘ်တွေ ကုန်သွားပြီး ဖြစ်သောကြောင့် မင်းသမီးက ပြုံးကြည်သော မျက်နှာထားဖြင့် "ဘယ့်နှယ့်လဲ.... မောင်တော်က နှမတော်ကို မုန်းလို့ ဆုလာဘ် သနားဖို့ စာရင်းထဲ မသွင်းပဲထားတော်မူပါသလား" အလောင်းဘုရား။ ။ 'မုန်းလို့မဟုတ်ပါ၊ နောက်ကျနေသောကြောင့် မရခြင်းဖြစ်ပါတယ်။ 'ဟုဆိုပြီးလျင် သိန်းပေါင်းများစွာ ထိုက်တန်သော လက်စွပ်ကို ချွတ်၍ သနားတော်မူသည်။ ယသော်မေ။ ။ "ဒီလက်စွပ်ကို တကယ်ပဲ ယူသွားရမှာလား" အလောင်းဘုရား။ ။ "မောင်တော့်တကိုယ်လုံးမှာ ဝတ်ဆင်ထားတဲ့ တန်ဆာ အားလုံးကို ယူနိုင်ပါတယ်။" ယသော်မေ။ ။"နှမတော်က မောင်တော့်ကို တန်ဆာမဲ့ ဖြစ်အောင်မလုပ်ရက်ပါ။ တကယ်ဆိုရင် နှမတော်က တိုး၍ဆင်ပေးဖို့ရန် တာဝန်ရှိပါတယ်။ " ဟုပြောကာ ပြုံးရွှင်သော မျက်နှာ ကျေနပ်သောလက္ခဏာဖြင့် ပြန်သွားလေ၏။ (လလိတ္တာ ဝိတ္တာရ ခေါ် မြောက်ပိုင်းဗုဒ္ဓဘာသာ သုတ္တန်) အကယ်၍ အလောင်းတော်မင်းသားသည် သူများထက်ထူးခြား၍ ၁၈ တောင်မြင့်ငြားအံ့။ ယသော်ဓယာ မင်းသမီးသည်ထိုကဲ့သို့သော စကားမျိုးကို မပြောဝံ့တန်ရာ၊ သူ့လို ကိုယ့်လို သက်တူရွယ်မျှ ဖြစ်သောကြောင့်သာ ပြောဆိုဝံ့ခြင်း ဖြစ်ရာ၏။ ထို့ပြင် အရပ်တော် ၁၈-တောင်ရှိနေလျှင် ကိုယ်လုံးတော်ပမာဏ၏ ရှေ့ပိုင်း ထက်ဝက်မှာပင် ၄-တောင်ခန့်ရှိရာ၏၊ ထိုမျှကြီးကျယ်ခဲ့သော် ယခုကာလမိန်းမများထက် အလွန်မကြီးမားသော မိဖုရားများနှင့်အတူ ထီးနန်းစံတော်မူလိုမှ သင့်လျော်ပါမည်လော၊ (ဤနေရာ၌ တန်ခိုးတော်ဟု ဆိုကြဦးမည်။) (၄) ““ဘုရားဖြစ်မှ အရပ်တော် မြင့်သွားသည်၊ လူတုန်းကတော့သူ့လိုကိုယ်လိုပါပဲ”ဟု ဆိုပြန်အံ့၊ ဘုရားဖြစ်မှလည်း ထူးခြား၍ မမြင့်ပါ၊ ဘုရားဖြစ်ပြီး၍ မကြာမီပင် ဥပကတက္ကတွန်းကြီးနှင့် လမ်းခရီးမှာတွေ့ဖူး၏။ ဥပက-က သပ္ပာယ်သောရဟန်းတစ်ပါးဟု မှတ်ထင်လေသည်။(မဇ္ဈိမပဏ္ဏာသ ပါဠိတော် ရာဇဝဂ် ဗောဓိရာဇကုမာရသုတ်။ (၅) ပုဏ္ဏားတစ်ယောက်သည် ယဇ်ပူဇော်ပြီးနောက် ပုဏ္ဏား တို့အား ကြွင်းကျန်သော ယဇ်စာကို ကျွေးဖို့ရန် လိုက်ရှာရာတွင် ခေါင်းမြီးခြုံ၍ သစ်ပင်အောက်မှာ နေသော ဘုရားရှင်ကို ပုဏ္ဏားထင်၍ အနီးသို့ ချဉ်းကပ်လေရာ ခေါင်းမြီးခြုံကို ဖွင့်လိုက်မှ ရဟန်းမှန်း သိသဖြင့်ပြန်သွားမည် ပြုလေ၏။ အကယ်၍၁ဂ-တောင်မြင့်အံ့၊ ထိုင်တော်မူ သော ဘုရားရှင်သည် မန္တလေးမြို့-မဟာမြတ်မုနိ ရုပ်ပွားတော်လောက် မြင့်ဖွယ် ရှိသောကြောင့် “ပုဏ္ဏားလေလား”ဟု အထင်မမှားထိုက်။ [သံယုတ်ပါဠိတော်) (၆) ဘုရားရှင်သည် ကောသမ်ဘီပြည်မှ “ပါလိလေယျက အကြွတွင် တောကျောင်း၌ သီတင်းသုံးနေထိုင်ကြသော အရှင်နန္ဒိယ,အရှင်ကိမိလ, အရှင်အနုရုဒ္ဓါ မထေရ် ၃-ပါးတို့အထံ ဝင်တော်မူရာ, တောစောင့်ယောက်ျားက “ရဟန်းကြီး-မဝင်ပါနှင့်၊ အမျိုးကောင်းသားတွေ တရားအားထုတ် နေပါသည်” ဟု တားမြစ် လေသည်။ အကယ်၍ ၁ဂ-တောင်မြင့်ငြားအံ့၊ ထို တောစောင့်ယောက်ျားသည်ဘုရားရှင်ကိုမတားဝံ့ရာ။ [ဥပရိပဏ္ဏာသ-ဥပက္ကိလေသသုတ်ပါဠိတော်။] (၇) ပက္ကုသာတိ မည်သော ဘုရင်သည် ဘုရားရှင်ကို မမြင်ဖူးဘဲသတင်းကြားဖြင့် ကြည်ညို၍ ရဟန်းပြုပြီးလျှင် ဘုရားရှင်အထံ လာခဲ့ လေရာ ညဉ့်အခါ အိုးထိန်းသည်ဇရပ်မှာ ဘုရားနှင့် တွေသော်လည်းဘုရားမှန်း မသိသေး, ရဟန်းတစ်ပါးဟုသာ အထင်ရှိနေသေး၏။ ထို့နောက် တရားဟောမှ သဘောကျ၍ ဘုရားမှန်း သိလေသည်။ [ဥပရိပဏ္ဏာသ, ဓာတုဝိဘင်္ဂသုတ် ပါဠိတော်။ ။ (ဂ) မာဂဏ်ဏ္ဍီမည်သော ပုဏ္ဏားသည် သမီးချောအတွက် သမက်လိုက်ရှာလေရာ ဘုရားရှင်ကို တွေ့လေသည်၊ အကယ်၍ သမီးနှင့် အရွယ် အရပ်ချင်း အလွန်အမင်း ကွာခြား၍နေလျှင် သမက်ဖမ်းဖို့ မမှန်းတန်ရာ။ [ဓမ္မပဒ အဋ္ဌကထာ သာမာဝတီဝတ္ထု။ (၉) ဘုရားရှင်သည် အရှင်မဟာကဿပနှင့် သင်္ကန်းချင်းလဲ၍ဝတ်တော် မူဖူးပါသည်။ အကယ်၍ ဘုရားရှင်သည် တစ်ဆယ့်ရှစ်တောင် မြင့်တော်မူငြားအံ့၊ အရှင်မဟာကဿပသည် ဘုရားရှင်၏သင်္ကန်းတော်ကို ဝတ်ရုံ ၍ မဖြစ်တန်ရာ၊ ဘုရားရှင်လည်း အရှင်မဟာကဿပ၏ သင်္ကန်းကို မဝတ်ရုံလောက်ရာ၊ နိဒါနဝဂ္ဂကဿပသံယုတ်၊စီဝရသုတ်ပါဠိတော်။ (၁၀) ပုဏ္ဏားတစ်ယောက်သည် မိမိ ဝတ်နေကျဖြစ်သော အဝတ်ကိုဘုရားရှင်အား လှူဖူး၏၊ ဘုရားဝတ်ရုံလောက်သည်သာ။ [သုတ်မဟာ ဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်။] (၁၁) ဘုရားရှင်၏ ညီတော်အရင်းဖြစ်သော အရှင်နန္ဒ (နန္ဒမင်းသား) သည် အခါတစ်ပါး၌ ဘုရားရှင်သင်္ကန်းတော်နှင့်ညီမျှသောသင်္ကန်းကို ဝတ်ရုံလာ၏၊ ထိုအခါ ရဟန်းတို့က အဝေးမှလာသည်ကို မြင်ရလျှင်ဘုရားဟု ထင်မှတ်၍ နေရာမှ ထကြ၏၊ အနားကျမှ အရှင်နန္ဒဖြစ်ကြောင်းကို သိကြလေ၏၊ ဤစကားကိုထောက်လျှင် မြတ်စွာဘုရား သည် အရှင်နန္ဒထက် များစွာမမြင့်ဟု သိသာပြီ၊ ထို့ကြောင့် ပါဠိတော်၌ ““စတုရင်္ဂုလောမာ-ရှင်နန္ဒက ဘုရားအောက် လက် ၄-သစ် သာ ငယ်သည်”ဟု မိန့်တော်မူသည်။ [ဝိနည်း-ပါစိတ်ပါဠိတော်,ရတနဝဂ်။] (၁၂) လူ့ပြည် လောကဝယ် ရှိသော ခြေရာတို့တွင် ဆင်သတ္တဝါ၏ခြေရာကို အကြီးဆုံးဟု ဘုရားရှင် ဟောတော်မူ၏၊ အကယ်၍ ၁ဂ တောင်မြင့်အံ့၊ ဘုရားရှင်၏ခြေရာတော်သည် ၂-တောင်ကျော်ကျော် ရှိမည်ဖြစ်၍ ဆင်၏ခြေရာထက် ကြီးရာသောကြောင့် “ငါဘုရားခြေရာ သည်သာ အကြီးဆုံး”ဟု ဟောတော်မူသင့်၏၊ မူလပဏ္ဏာသ မဟာဟတ္ထိပဒေါပမသုတ် ပါဠိတော်။] (၁၃) ပရိနိဗ္ဗာန် စံတော်မူခါနီး၌ ကုသိနာရုံပြည်သို့ ကြွ၍ အင်ကြင်း ဥယျာဉ်အတွင်းဝယ် မလ္လာမင်းတို့အသုံးပြုေ သာညောင်စောင်း(ခုတင် ငယ်)ပေါ်မှာပင် လျောင်းတော် မူလေသည်၊ အကယ်၍ ၁၈-တောင်မြင့်အံ့၊ ရိုးရိုးလူတို့အသုံးပြုအပ်သောနေရာမှာ မနေလောက်ရာ၊ တန်ခိုး တော်အရာလည်းမဟုတ်၊ (ပရိနိဗ္ဗာနသုတ် ပါဠိတော်။) (၁၄) ပရိနိဗ္ဗာန်စံတော်မူခါနီး၌ နတ်ဗြဟ္မာ အများတို့ အဖူးမြော်လာကြရာ, ရှင်ဥပဝါဏမထေရ်က ရှေ့တည့်တည့်မှ ကွယ်နေသောကြောင့်ဘုရားမျက်နှာတော်ကို မဖူးကြရသဖြင့် နတ်များက မထေရ်ကို ကဲ့ရဲ့ ကြ၏၊ ၁ဂ-တောင် မြင့်တော်မူလျှင် ထိုမထေရ်က မျက်နှာတော်ကိုမကွယ်နိုင်ရာ၊ [ပရိနိဗ္ဗာနသုတ် ပါဠိတော်။] (၁၅) ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည် သူ ဆင်မြန်းနေကျ ဖြစ်သော “မဟာလတာ” တန်ဆာဖြင့်အလောင်းတော်ကို ပူဇော်လေရာ, ဦးခေါင်းတော်မှ ခြေဖျားတိုင်အောင် ဖုံးလွှမ်းနိုင်သည်ဟု မဟာပရိနိဗ္ဗာနသုတ်အဋ္ဌကထာ၌ ဆိုသည်။၁၈-တောင် မြင့်ရိုးမှန်လျှင် ထိုတန်ဆာသည် အလောင်းတော်၏တစ်ကိုယ်လုံးကို မဖုံးလွှမ်းနိုင်ရာ။ ဤသို့ စသည်ဖြင့် ပိဋကတ်တော်မှ ကောက်နုတ်ဖွယ်ရာ များရှိသေး သည်၊ ကျယ်ဝန်းမည်စိုး၍ လျစ်လျူရှုရပါတော့သည်။ ဤကောက်နုတ်ချက် များအရ “ဘုရားရှင်သည် ထိုခေတ် လူများထက် တအံ့တဩ ထူးခြားစွာ မြင့်တော် မမူ”ဟု အတိအလင်း ယူလိုပါသည်။ ထိုခေတ်က လူအများမှာ လည်း ယခုခေတ် ထောင်ထောင်မောင်းမောင်း ရှိသူများထက် များစွာမကွာခြား သင့်သောကြောင့် ““ဘုရားရှင်၏ အရပ်တော်သည် ၁၈-တောင် မြင့်၏” စသော အယူဝါဒ၌ ယုတ္တိယုတ္တာကို ရှာကြပါ လေ။ ဘုရားရှင်သည် ဝါဝင်းသော အဆင်းတော် ရှိ၏၊ ကိုယ်တော်မြတ်၏ဝါဝင်းသော အရောင်တော်သည် ထက်ဝန်းကျင်နှင့်တကွ အထက်သို့ တက်နေရာ မှောင်သောအရပ်၌ ၁ဂ-တောင် ၁၆-တောင်ခန့် ရှိသည်ဟု-ထင်ရပေ မည်။ ထိုကြောင့် ပါဠိတော်နှင့် အဋ္ဌကထာတို့၌ အထက်သို့ အမြဲ တက်နေ သော ကိုယ်ရောင်တော်နှင့် တကွ မှန်းဆရေတွက်၍ ၁၈-တောင် ၁၆-တောင် မြင့်ကြောင်းကို မိန့်ဆိုကြဟန်တူသည် ဟု မိမိသဘောမှာ ထင်မိပါသတည်း။ အရပ်တော် အဆုံးအဖြတ် ပြီး၏။ အရှင်ဇနကာဘိဝံသ ရတနာ့ဂုဏ်ရည်။ Aung Aung #ရှာမရ၍ ဒုတိယ အကြိမ်ပြန်တင်ခြင်း။
via အလင်းရောင် ဓမ္မ https://ift.tt/37eQIIt
Newer Post
Older Post
Home