Wednesday, August 14, 2019

အရဟ - ထိုက်တန်သူ ******************* မြတ်စွာဘုရားရှင်ကို ဘယ်သူပဲ ရှိခိုးရှိခိုး ရှိခိုးထိုက်တယ်၊ ဘယ်သူကပဲလက်အုပ်ချီချီ လက်အုပ်ချီဖို့ ထိုက်တန်တယ်၊ ဘယ်သူကပဲလှူလှူ လှူတာတွေဟာ ထိုက်တန်တယ်။ ထိုက်တန်သူဆိုတာ တစ်လောကလုံးက မြတ်စွာဘုရားကို ဘယ်လိုပဲလှူလှူ ဘုရားထက် ပစ္စည်းက တန်သွားတယ်လို့မရှိဘူးတဲ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားကိုရည်မှန်းပြီး စေတီတော်တွေတည်ပြီးကိုးကွယ်ကြတယ်၊ရုပ်ပွားတော်တွေထုပြီးကိုးကွယ် ကြတယ်၊ကိုးကွယ်လို့ကမဆုံးနိုင်ဘူး လေ။ ထိုက်တန်သူဖြစ်လို့ ဒီလိုလုပ်ကြတယ်လို့ဆိုတာ ဒါ`အရဟံ´ပဲ ပါချုပ်ဆရာတော်ဘုရားကြီး

via အလင်းရောင် ဓမ္မ https://ift.tt/33yiygI

❝ ဘ၀မှာ … သံဝေဂရလွယ်သော အချိန်အခါများ ❞ ၁။ ကံဆိုးမိုးမှောင်ကျတဲ့အခါ သာမန်အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်မင်တဲ့လူတွေပါ။ ဟေးလားဝါးလား၊ ပျော်ပျော်ပါးပါး စားကြသောက်ကြနဲ့ … တစ်ကယ့်ညီရင်းအစ်ကို အတိုင်းပါပဲ။ အဲ… ကံဆိုးမိုးမှောင်ကျပြီဟေ့ဆိုရင် သံဝေဂရစရာတွေ အများကြီးပဲ။ ပတ်သက်မှာကြောက်လို့ အဝေးရှောင်သွားတဲ့လူ၊ မသိမမြင်သလိုနေတဲ့လူ၊ ပြက်ရယ်ပြုတဲ့လူ၊ ရေနစ်ချိန်မှာ ၀ါးကူထိုးတဲ့လူ၊ အခွင့်သာတုန်းမှာ လက်နိုက်တဲ့လူ စသည်စသည်ဖြင့် တွေ့ရတတ်ပြီး တကယ်ကူညီတဲ့လူ ရှိတယ် ဆိုရင်တောင်မှ… အရေအတွက်အားဖြင့် သံဝေဂရစရာကြီးပါ။ ၂။ အကြီးအကျယ်ဖျားနာပြီးတဲ့အခါ သာမန်အချိန်မှာ … ဂုဏ်တွေ အဆင့်အတန်းတွေ အမည်နာမတွေ မျက်နာတွေ ပိုင်ဆိုင်မူတွေ ဟိုဟာအရေးကြီးသလိုလို ဒီဟာပိုအရေးကြီးသလိုလိုနဲ့ အကြီးအကျယ်ဖျားနာပြီဟေ့ဆိုရင် ကျန်းမာရေးထက် ဘာမှအရေးမကြီးပါလားဆိုတာ နားလည်သွားပါတယ်။ ကျန်းမာရေးဆိုတာမျိုးက သူ့ကိုပိုင်ဆိုင်နေတဲ့အချိန်အခါမှာ ဘာမှမဟုတ်သလို ခံစားရပေမဲ့ တကယ်ဆုံးရူံးသွားတဲ့အခါကျရင် လောကကြီးတစ်ခုလုံး … သံဝေဂ ရစရာတွေကြီးကြီးပါ။ ၃။ ရာထူးပြုတ်ကျသွားတဲ့အခါ ရာထူး ဘုန်းမီးနေလ ထွန်းတောက်စဉ်အခါက စည်ကားလိုက်တဲ့ အသိမိတ်ဆွေများ၊ ဆွေမျိုးသင်္ဂံဟများ၊ သူငယ်ချင်းအပေါင်းအသင်းများ၊ အိမ်မှာဆိုရင်လည်း … ဆွေမျိုးတွေက စုံလို့၊ အခါကြီးရက်ကြီးမှာ … ကန်တော့လာတဲ့လူတွေဆို ကန်တော့ဘို့ အလှည့်နဲ့ တန်းစီရတယ်။ ရုတ်တရက် ရာထူးပြုတ်သွားတော့ ဒီလူတွေအားလုံး … ကိုယ့်ကိုတွေ့ဖို့တောင် တရှောင်ရှောင်နဲ့၊ အားလုံးမျက်နာစိမ်းတွေလို။ တစ်ချိန်တုန်းက ပေးခဲ့ ကမ်းခဲ့ ကန်တော့ခဲ့ အဘ အဘကြီးလို့ နူတ်မှ တဖွဖွ ခေါ်ခဲ့ ထူးခဲ့ တာတွေ အားလုံးဟာ… ရာထူးနဲ့သာသက်ဆိုင်ပြီး ငါဆိုတဲ့ လူသားအစစ်အမှန်ကျတော့ စဉ်းစားလေ သံဝေဂ ရစရာဖြစ်လေပါပဲ။ ၄။ ပင်စင်စားပြီးသွားတဲ့အခါမှာလည်း အရင်တုန်းက … တပည့်အရင်းခေါက်ခေါက်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ယုတ်ဆွအဆုံး အပေါင်းအသင်းဟောင်းတွေဟာ တဖြည်းဖြည်းနဲ့ မသိမသာ စွန့်ခွာလို့ သွားကြတာတွေ့ရပါတယ်။ တကယ်တမ်းကျတော့ အရင်တုန်းက ပိုင်ဆိုင်တယ်လို့ ထင်ခဲ့ရတဲ့ … လေးစားကြည်ညိုမူတွေ၊ နောက်လိုက်နောက်သား တွေ၊ ဂုဏ်ဒြပ်တွေ အားလုံးဟာ ကိုယ့်ကြောင့်အစစ်အမှန်မဟုတ်ပဲ ကိုယ့်လက်ထဲမှာရှိခဲ့တဲ့ လုပ်ပိုင်ခွင့်တွေပါလား ဆိုပြီး သံဝေဂ ယူစရာပါ။ ၅။ သေဆုံးခါနီးတဲ့အခါ ဒီတစ်ကြိမ်တော့ … တကယ် သေဆုံးတာ့မယ်ဆိုတာ ကိုယ့်ကိုကို သိလိုက်ရတဲ့အချိန်မှာ မှားတာမှန်တာ၊ ကောင်းတာဆိုးတာ ဂုဏ်ရှိဂုဏ်မဲ့တာ၊ ပိုင်ဆိုင်တာ ဆုံးရူံးတာတွေအားလုံး… ကိုယ့်အတွက် ဘာမှအကျိုးမရှိတော့ပါဘူး။ ကိုယ်အရမ်းချစ်တဲ့လူတွေကို အနီးအနားမှာ ရှိစေချင်တယ်။ ကိုယ်မုန်းခဲ့တဲ့လူတွေကိုလည်း ခွင့်လွတ်ပါလို့ … တောင်းပန်လိုက်ချင်ပါတယ်။ ကိုယ့်ကို … စော်ကားပြစ်မှားခဲ့တဲ့လူတွေကိုလည်း ခွင့်လွတ်ပါတယ်ဆိုတဲ့အကြောင်း စိတ်ထဲမှာ ဘာမှ မထားတဲ့အကြောင်း ပြောသွားချင်ပါသေးတယ်။ ဒါပေမဲ့ … ဘာမှပြောလို့မရတော့ပါဘူး။ သူများဘေးကပြောနေတာတွေ အားလုံးတော့ ကြားနေရသေးတယ်။ ရှင်းရှင်းကြီး သိနေသေးတယ်။ အမှန်တော့… သေခါနီးကျရင် နောင်တရစရာအများကြီးပါ။ "တန်ဖိုးထားသင့်တာတွေကို တန်ဖိုးမထားခဲ့ဘူး၊ ကြိုးစားသင့်တာတွေကို ကောင်းကောင်းမကြိုးစားခဲ့ဘူး" အော်… နောက်ဆုံးတော့လည်း သံဝေဂ ရတာကလွဲလို့ ကျန်တာ ဘာမှမရပါ။ ဓမ္မလက်ဆောင်

via အလင်းရောင် ဓမ္မ https://ift.tt/33Hzm5c

ဂါထာအကြောင်းထက်ဆင့်မျှဝေကုသိုလ်ယူပါရစေ ထီအကြိမ်( ၃ဝဝ )ကျော် ပေါက်စေသောပုတီးစိပ်နည်း ဖတ်ကြည့်နော်… ထီပေါက်ချင်သူများ… ချမ်းသာချင်သူများ… အလုပ်အကိုင် အဆင်ပြေလိုသူများ အတွက်… ဓမ္မမိတ်ဆွေ တစ်ဦး၏ ကိုယ်တွေ့ ထီအကြိမ်( ၃ဝဝ )ကျော် ပေါက်စေသော ပုတီးစိပ်နည်းလေးပါ။ ယက္ကန်းစင်တောင်ဆရာတော်နဲ့ ပဋ္ဌာန်းဆက်ဖြစ်တဲ့ ဓမ္မမိတ်ဆွေကြီး UphyoMyint ကို ယက္ကန်းစင်တောင် ဆရာတော်ကြီး ကိုယ်တိုင်ပေးထားတဲ့ ပုတီးစိပ်နည်းပါ။ အများမြင်တွေ့နေကြ ဆရာတော်ရဲ့ ပုတီးစိပ်နည်းထက် သုံးကြောင်းပိုပါတယ်။ ဦးဖြိုးမြင့်ဟာ ဂါထာပေါင်းစုံကို တနေ့ နှစ်နာရီကျော် ပုတီးစိပ်တာ ဈေးရောင်းမကောင်းပဲ ယက္ကန်းစင်တောင်ဆရာတော်က ဒီဂါထာပေးလို့ ရွတ်တာနဲ့ သိသိသာသာ ဈေးရောင်းကောင်းပြီး အစစအရာရာ အဆင်ပြေလာပါတယ်။ ဂါထာတန်ခိုးနဲ့ ထီတွေ ဆုကြီး ဆုငယ် အကြိမ်( ၃ဝဝ )ကျော် ပေါက်ပါတယ်။ ပုတီးစိပ် ပုံ ********* ဂါထာ အစ အဆုံး ရွတ်ပြီး ပုတီးတစ်လုံးချ တစ်နေ့ကို တစ်ပတ်စိပ်ရမှာပါ။ မစိပ်နိုင်ရင်… မနက်( ၉ )နာရီ ည( ၉ )နာရီ အချိန်တွေမှာ အနည်းဆုံး( ၉ )ခေါက်ရွတ်ပါ။ ဘေးရန်ကင်းကွာ လာဘ်ရွှင်ကာ အစစအရာရာ အောင်မြင်ပြီးပေါက် သိဒ္ဓိ ပေါက်စေနိုင်ပါတယ်။ ယက္ကန်းစင်တောင် ဆရာတော်ဦးသြဘာသ၏ လောကီ လောကုတ် နှစ်ဖြာသောအကျိုးကိုဖြစ်စေသော ပုတီးစိပ်နည်း ************************************* သိဒ္ဓိ ဘဂဝါ အရဟံ ဗုဒ္ဓေါမေ သတ္တပါကာရံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ သိဒ္ဓိ ဘဂဝါ အရဟံ ဓမ္မောမေ သတ္တပါကာရံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သိဒ္ဓိ ဘဂဝါ အရဟံ သံဃောမေ သတ္တပါကာရံ သံဃံ သရဏံ ဂစ္ဆာမိ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ အနက် အဓိပ္ပါယ် ************** ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်၍ တံတိုင်းသဖွယ် အရံအတား ပြုလုပ် သတ်မှတ်ပါ၏။ ဤသစ္စာစကားကြောင့် ပစ္စည်းဥစ္စာ ရတနာတို့နှင့် မိတ်ကောင်းအပေါင်းတို့ ရရှိ ရောက်ရှိ၍ ဘေးအန္တရာယ်အပေါင်း ကင်းဝေးပါစေသတည်း။ မှတ်ချက်။ ငါးပါးသီလမလုံရင်… အပေါ်သုံးကြောင်းပဲ စိပ်ပါ။ Credit-Ko Thit Sar (ခ) U Thitsar မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )

via အလင်းရောင် ဓမ္မ https://ift.tt/2N7VVKa

💫💫ဗုဒ္ဓကိုယ်​​တွေ့အတိုင်းကျင့်​မှ နိဗ္ဗာန်​ရမယ်​💫 တချို့က ထင်တတ်ကြတယ်။ ပြောတတ်ကြတာ ရှိတယ်ပေါ့ ...။ စာပေမှာ ဖော်ပြထားတဲ့အတိုင်း မကျင့်နဲ့။ ခန္ဓာကိုယ်တွေ့ပဲ ကျင့်ဆိုပြီး ဒီလို ပြောတတ်ကြတာတောင် ရှိပါသေးတယ်။ စာပေထဲကအတိုင်း မကျင့်ဘဲ ကိုယ်ကျင့်ချင်သလို လျှောက်ကျင့်ရင် အကုန်လွဲကုန်မှာပေါ့။ ဒီလို ဆိုလိုတာပေါ့ . . . နော်။ ကိုယ့်ရဲ့ခန္ဓာကိုယ်တွေ့ဟာ စာပေနဲ့ မညီတဲ့ ခန္ဓာကိုယ်တွေ့ဆိုရင်တော့ အဲ့ဒါ အမှားသာ ဖြစ်တယ်လို့ ဒီလို မြဲမြံစွာ မှတ်ထားကြရမယ်။ အမှန်တကယ်က စာပေက မမှားပါဘူး။ စာပေမှာ လာရှိတဲ့အတိုင်း မကျင့်တာကသာ မှားနေတာပါ ...။ ငါတို့က ခန္ဓာကိုယ်တွေ့ကွ၊ စာတွေ့မဟုတ်ဘူးဆိုပြီးတော့ တစ်ချို့က ပြောတတ်ကြတာ ရှိတယ်ပေါ့...။ စာတွေ့ကို လျှောက်ပယ်နေရင် အဲ့ဒါ ပရိယတ်ကို ပယ်တာပဲ။ ဒီလို ဆိုလိုတာပေါ့ . . . နော်။ စာတွေ့ဆိုတာ ဗုဒ္ဓရဲ့ ကိုယ်တွေ့ပဲ ဖြစ်တယ်ပေါ့။ ဒါ့ကြောင့် စာပေကို မပယ်ရတာ ဖြစ်တယ်ပေါ့။ စဉ်းစားကြည့်ပါ . . . ဘုရားရှင်ရဲ့ ကိုယ်တွေ့ရယ်၊ မိမိဆရာသမားရဲ့ ကိုယ်တွေ့ရယ်၊ မိမိ ကိုယ်တွေ့ရယ်ဆိုပြီး ၃ မျိုးရှိတဲ့အထဲမှာ မိမိ ကိုယ်တွေ့ဆိုတာကလည်း မှားနိုင်တာပဲ။ မိမိဆရာသမားရဲ့ ကိုယ်တွေ့ဆိုတာကလည်း မှားနိုင်သေးတာပဲ။ လုံးဝ မမှားနိုင်တာက ဘယ်ကိုယ်တွေ့လဲဆိုရင် ဘုရားရှင်ရဲ့ ကိုယ်တွေ့ပဲ ဖြစ်တယ်ပေါ့ . . .။ ဘုရားရှင်ရဲ့ ကိုယ်တွေ့ဆိုတာ ဘာကို ပြောတာလဲဆိုရင် ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ပရိယတ္တိတရားတော်ဖြစ်တဲ့ ပါဠိတော်တွေ၊ အဲ့ဒီ ပါဠိတော်တွေကို ဖွင့်ဆိုပြထားတဲ့ အဋ္ဌကထာ၊ ဋီကာတွေပါပဲ...တဲ့။ အဲ့ဒါကြောင့် ပရိယတ္တိစာပေတွေကို မပယ်ရှားတဲ့၊ ပရိယတ္တိစာပေဖြစ်တဲ့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာနဲ့အညီ ပြည့်ပြည့်စုံစုံ ပြသပေးနိုင်တဲ့ ဆရာသမားကို မိမိက ရှာဖွေနိုင်ဖို့တော့ လိုပါတယ်။ ဒါပေမဲ့ မရှာဖွေနိုင်လို့ ဆိုပြီးတော့ ပရိယတ္တိစာပေဖြစ်တဲ့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့နဲ့လည်း မညီညွတ်ဘဲ၊ ပြည့်ပြည့်စုံစုံလည်း မပြသပေးနိုင်တဲ့ ဆရာသမားထံမှာ တပည့်ခံပြီး ကျင့်သုံးမိမယ်ဆိုရင်တော့ မိမိ အလိုရှိတဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို ရရှိနိုင်မှာ မဟုတ်ဘဲ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အတုဖြစ်တဲ့ ဘဝင်စိတ်ကိုသာ ရရှိမှာ ဖြစ်တယ်ပေါ့ ...။ အဲ့လို ဘုရားရှင် ဟောကြားခဲ့တဲ့ စာပေဖြစ်တဲ့ ပါဠိတော်တွေကို ပယ်တဲ့သူဟာ ဘုရားကို ပယ်သည် မည်ပါတယ် ... တဲ့။ ပါဠိတော်ကိုပယ်လျှင် ဘုရားကိုပယ်သည်မည်၏ ------------------------------------- တရားဆုံးဖြတ်ရာ၌ စတုဗ္ဗိဓဝိနယခေါ် မဟာပဒေသ လေးပါးတို့တွင် သုတ္တခေါ် ပါဠိတော်ကိုလည်းကောင်း၊ ယင်းပါဠိတော်နှင့် လျော်သော ဒေသနာတော်များကိုလည်းကောင်း မည်သူမျှ ပယ်ခြင်းငှါ လုံးဝမထိုက်။ မည်သူမျှ မပယ်အပ်၊ မပယ်ကောင်းပါ၊ ရဟန်းရှင်လူအားလုံး လက်ခံလိုက်နာရ၏။ ပရိယာယ်ဝေဝုစ်ဖြင့် ဉာဏ်ထုတ်ဖယ်ရှား တားမြစ်အံ့သောငှာ မစွမ်းနိုင်။ ယင်း ထေရဝါဒ ပါဠိ ပိဋကတ်တော်များကို အကယ်၍ ပယ်လျှင် မြတ်စွာဘုရားကို ပယ်သည်မည်၏။ တတ္ထ သုတ္တံ အပ္ပဋိဗာဟိယံ တံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ-ဟူ၍ မိန့်တော်မူ၏။ (မဟာဝဂ္ဂအဋ္ဌကထာ၊ ၁၅၇။) တတ္ထ၊ ထိုလေးပါးတို့တွင်။ သုတ္တံ၊ ပါဠိတော်မြတ် ထေရဝါဒပိဋကတ်ကို။ အပ္ပဋိဗာဟိယံ၊ မတားမြစ်အပ် (မပယ်အပ်ပေ)။ တံ၊ ထိုပါဠိတော်မြတ် ထေရဝါဒပိဋကတ်ကို။ ပဋိဗာဟန္တေန၊ တားမြစ်သော (ပယ်သော) သူသည်။ ဗုဒ္ဓေါဝ၊မြတ်စွာဘုရားကိုသာလျှင်။ ပဋိဗာဟိတော၊ တားမြစ်အပ်သည် (ပယ်အပ်သည်) မည်သည်။ ။ ဟောတိ၊ ဖြစ်၏။ (မဟာဝဂ္ဂအဋ္ဌကထာ-၁၅၇) "ပါဠိတော်မြတ် ထေရဝါဒပိဋကတ်ဟုဆိုအပ်သော ပရိယတ်ကို မပယ်အပ်ပေ။ ထိုပါဠိတော်မြတ် ထေရဝါဒပိဋကတ်ဟုဆိုအပ်သော ပရိယတ်ကို ပယ်သောသူသည် မြတ်စွာဘုရားကိုသာလျှင် ပယ်သည် မည်ပေ၏" လို့ မဟာဝဂ္ဂအဋ္ဌကထာမှာ အတိအကျ ပြဆိုထားတဲ့အတွက် ပရိယတ်စာပေကို မပယ်ဖို့နဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရရှိရေးအတွက်လည်း ပရိယတ်စာပေမှာ ညွှန်ကြားထားတဲ့အတိုင်း ပြည့်ပြည့်စုံစုံ လိုက်နာကျင့်သုံးဖို့ရာ အလွန် အရေးကြီးတယ်ဆိုတာ အင်မတန်မှ ထင်ရှားနေပါတယ်။ ပရိယတ္တိစာပေက ညွှန်ပြထားတဲ့အတိုင်း မကျင့်သုံးဘဲ ခန္ဓာကိုယ်တွေ့ဆိုပြီး ပရိယတ္တိစာပေနဲ့ ဆန့်ကျင်ပြီးတော့ ပရိယတ္တိစာပေနဲ့ မညီညွတ်ဘဲ ကိုယ် ကျင့်သုံးချင်သလို ကျင့်သုံး၍ မဂ် ဖိုလ် နိဗ္ဗာန်ကို မရနိုင်တဲ့အပြင် ကြီးလေးတဲ့ အပြစ်ပင် ဖြစ်နိုင်ကြောင်းကို ဥဒါန်းအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုပြထားပါတယ်။ ကိုယ်ကျင့်ချင်သလို ကျင့်တာ ဘာမှ မဖြစ်ဘူးလို့ မထင်နဲ့နော် . . . -------------------------------------------- ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထုဓမ္မသရီရေ ပဟာရံ ဒေတိ နာမ။ (ဥဒါန်း အဋ္ဌကထာ၊ ဗာဟိရသုတ္တန် အဖွင့်) ဒုပ္ပဋိပန္နော - ကျင့်စဉ်လွဲချော်နေသော ပုဂ္ဂိုလ်သည်၊ သာသနံ ဘိန္ဒန္တော - ဘုရားရှင်၏ အဆုံးအမ သာသနာတော်ကို ဖျက်ဆီးလျက်၊ သတ္ထုဓမ္မသရီရေ - ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌၊ ပဟာရံ - ပုတ်ခတ်စော်ကားခြင်းကို၊ ဒေတိနာမ - ပေး၍နေသည် မည်ပေ၏။ (ဥဒါန်း အဋ္ဌကထာ၊ ဗာဟိရသုတ္တန် အဖွင့်) ကိုယ်ကျင့်ချင်သလို ကျင့်တာ ဘာမှ မဖြစ်ဘူးလို့ မထင်နဲ့နော်...။ ကိုယ်ကျင့်ချင်သလို ကျင့်ပြီး ကျင့်စဉ်လွဲချော်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘုရားရှင်၏ အဆုံးအမ သာသနာတော်ကို ဖျက်ဆီးနေသည်လည်း မည်တယ်။ ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌ ပုတ်ခတ်စော်ကားနေသည်လည်း မည်ပါတယ် ... ဆိုပြီးတော့ ဥဒါန်း အဋ္ဌကထာက မှတ်ချက်ချထားပါတယ်။ Credit Aung Khant Maw https://ift.tt/2H84MIi

via အလင်းရောင် ဓမ္မ https://ift.tt/2Z3zMiF

Tuesday, August 13, 2019

*သမထ နှင့် ဝိပဿနာ* 🙏🙏🙏🙏🙏🙏🙏 သမထဆိုတာ " ကြက်ဥ " ဥသလို စိတ်ကို စည်းလုံးအောင်လုပ်တာပဲ ။ ဝိပဿနာကျတော့ အဲဒီစည်းလုံးတဲ့စိတ်ထဲကနေပြီး " အထိ " ဘယ်လိုထိ " အသိ " ဘယ်လိုသိ ဒါကို ပွင့်အောင် ပေါက်အောင်လုပ်ရမှာ ။ ဒါကို ဥပမာပေးတာ ။ ကြက်မကြီးက ပထမ " ဥ " ဒါပြီးမှ ဒုတိယ အကောင်ပေါက်အောင်လုပ် ဒီလိုထင်တယ်ဟေ့ ။ အဲဒီလိုပဲ ဒို့ ယောဂီတွေလည်း ပထမ စိတ်ငြိမ်သက်အောင်လုပ် ဒုတိယ ငြိမ်သက်ပြီးရင် ကိုယ့်ခန္ဓာ့ဖြစ်စဉ် အထိနဲ့အသိကို မြင်အောင်ကြည့် ဒီလိုထင်တယ်ဗျား ။ ကြက်မကြီးမှာ အလုပ်၂လုပ်ရှိသလိုပဲ ဒို့ ကမ္မဋ္ဌာန်းထိုင်တဲ့သူလည်း အလုပ် ၂လုပ်ပဲ ။ ဒါကို ဒို့ စာလိုကျတော့ " သမထ " " ဝိပဿနာ " ဒီလိုသုံးတာ ။ " သမထ " က ကိလေသာကို ငြိမ်သက်အေးချမ်းရုံပဲ တတ်နိုင်တယ် ။ မိမိအာရုံတစ်ခုတည်း မိမိရှုလိုတဲ့ရှုကွက်ထဲ မိမိစိတ်ကလေး ကျက်စားနေရင် ဒါသမထဖြစ်တော့တာ ထင်တယ် ။ နှာသီးဝရှုကွက်ရှုရင် နှာသီးဝရှုကွက်ထဲမှာတင် သူပြနေတဲ့ ဖြစ်ရိပ်ပျက်ရိပ်ကလေးတွေ ကြည့်ပြီး စိတ်ဝင်တစားနဲ့ စိတ်ကလေးသည် တွေးလဲ မတွေးဖြစ် ပြေးလဲ မပြေးဖြစ်တော့ဘူး ။ဟုတ်ကဲ့လား ။ ပြီးတော့ သူပြနေတာလေး ကြည့်ရင်း ကြည့်ရင်းနဲ့ ကိုယ့်အလုပ်ကလေးကို နှစ်လိုအားရသဘောကျနေသလို ကိုယ်ရောစိတ်ရော သက်တောင့်သက်တာနဲ့လဲ အားထုတ်နိုင်တယ် ။အဲဒီလို ဒီနေရာလေးမှာပဲ တစ်ခုတည်းသောစိတ်ကလေး တည်နေတာ ဒါ " သမထ " ပဲ ။ သို့သော် " သမထ " က ဝင်လဲလှုပ်သည် ထွက်လဲလှုပ်သည် ဒါလေးကိုမြင်တယ်ထင်တယ်ဗျား ။ သို့သော် လူပ်တဲ့ထဲပါနေတဲ့ အထိနဲ့အသိကို ကွဲပြီး မသိသေးဘူး ဟုတ်ကဲ့လား ။ ဒါကြောင့် သူ့ကို " ကြက်ဥ " လို့ပြောတာ ။ " သမထ " က စိတ်ကလေး အေးချမ်းငြိမ်သက်ရုံသာ တတ်နိုင်တာကိုးကွဲ့ ။ ဒါလေးလောက်နဲ့ ဒို့ ပြီးလို့ မရသေးဘူး ။ ဘာဖြစ်လို့တုန်းဆိုရင် ဒီ" သမထ" ရဲ့ချမ်းသာမှုက တစ်ပွဲတိုးပဲ ။ ဒီ " သမထ " အားလေးရှိတုန်းပဲ ဒို့ချမ်းသာတာပဲ ။ နေရိပ်ထဲတော့ ချမ်းသာတာပေါ့ ။ နေပူထဲထွက်ရင် ပြန်ပူအုန်းမှာပဲ ။ ဒါကြောင့် နေပူထဲထွက်တောင် နေပူဒဏ် ခံနိုင်တာလေး လုပ်မှရမယ် ။ ဒါကြောင့် " ဝိပဿနာ " သွားရတယ်ဗျား ။ " ဝိပဿနာ " ဝိဆိုတာက အထူး ပဿနာက ရှုတာ ငြိမ်ရုံနဲ့ပြီးလို့မရဘူးလို့ဆိုလိုတယ် ။ အငြိမ်ထဲကို လှုပ်ပြီးတော့ကို အထိနဲ့အသိကို ကွဲပြားအောင် ကြည့်ရမှာဗျား ။ " သမထ " ဆိုတာ အာရုံတစ်ခုတည်း တည်နေတာကို ဆိုလိုတယ် ။ " ဝိပဿနာ " ဆိုတာ တစ်ခုတည်း တည်နေတဲ့ထဲရဲ့ လှုပ်ရှားမှုကို သူ့သွင်ပြင်မူယာလက္ခဏာကို သဲသဲကွဲကွဲမြင်တဲ့ဆီထိ ရှုရမှာဗျား ။ ဒါဖြင့် တစ်အဆင့် နှစ်အဆင့် ကွာသွားတယ်ထင်တယ် ။ " သမထ " က ငြိမ်ရုံပဲလုပ်ပေးတယ် ။ ငြိမ်တဲ့ထဲရဲ့ အထိနဲ့အသိကို ကွဲအောင်ကြည့်ပေးရမှာ အဲဒါ " ဝိပဿနာ " ။ ဒါကို ကြက်ကောင်ပေါက်လို့ ပြောတာထင်တယ်ဗျား ။ * ဝိပဿနာဆိုတာ ဥာဏ်ပညာ ဘယ်မှာ ရှုမှတ်ရပါသနည်းတဲ့ ။ အမေးဗျ ။ အဖြေကျတော့ - * စွဲလန်းဆိုင်ရာ ငါးခန္ဓာ မှန်စွာရှုမှတ်ရပါသည်တဲ့ ။ စွဲလန်းမှုကြောင့် ဖြစ်တဲ့ ခန္ဓာငါးပါးအပေါ်ကို ရှုပါလို့ ဆိုလိုတယ်ဗျာ ။ အဲ့တော့ ဒို့ ခန္ဓာတွေက စွဲလန်းမှုကြောင့် ဖြစ်တဲ့ ခန္ဓာတွေ မဟုတ်ဘူးလား ။ သို့မဟုတ် စွဲလန်းမှုနဲ့တကွ ဖြစ်နေတဲ့ ခန္ဓာတွေထင်တယ် ။ စွဲလန်းမှုကြောင့်ဖြစ်တဲ့ခန္ဓာဆိုတာ ဒီ ထိသိလေးပြောတာ ။ ခန္ဓာငါးပါးဆိုတော့ များပါတယ်ဗျာ ရှုကွက်ထဲမှာ ခန္ဓာမတွေ့ပါဘူး ထိသိပဲတွေ့ပါတယ် ။ အဲ့တော့ ထိသိလေးနဲ့ပဲ ပြောကြပါစို့ ။ အဲဒီထိသိလေးဟာ စွဲလန်းမှုကြောင့် ဖြစ်နေတဲ့ ထိသိ ။ သို့မဟုတ် အဲဒီထိသိလေးဟာ စွဲလန်းခြင်းနဲ့တကွ ဖြစ်တဲ့ ထိသိ ။ ဘုရားရှင်ရဲ့ဥာဏ်တော်နဲ့မို့သာ ခန္ဓာငါးပါးလို့ ခွဲခြားပြောနိုင်တာပါ ။ ဒို့ လူပြိန်းအနေနဲ့ပြောရရင် [ အထိနဲ့အသိ ] ဒီ၂ခုပဲရှိပါတယ် ။ အဲဒီ အသိမှာမှ - ခံစားသိ မှတ်သားသိ ကြောင့်ကြစိုက်သိ ဆုံးဖြတ်သိ သိဆိုတာလေးထဲမှာ ဒီလေးခု တွဲပါတယ် ။ မြင်လိုက်ရလား ( မမြင်လိုက်ရပါဘုရား ) ကျုပ်လဲ မမြင်လိုက်ရပါဘူး မှန်းပြောလိုက်တာ ။ * ဒုတိယမေးခွန်း ထပ်မေးပြန်တယ် ။ ဘယ်အကျိုးငှာ ငါးခန္ဓာ ဘယ်ခါရှုမှတ်ရပါသနည်းတဲ့။ ဝိပဿနာရှုကြတာ ဘယ်အကျိုးအတွက် ရှုကြတာလဲ ဘယ်ခါရှုမှတ်ရပါသလဲတဲ့ ။ * အဖြေကကျ မစွဲဖို့ရာ ဖြစ်ဆဲမှာ မှန်စွာရှုမှတ်ရပါသည်တဲ့ ။ ဝိပဿနာရှုရင် ဒို့ ပရမတ်ရှုရတာကိုး ။ ပရမတ်က ဖြစ်ဆဲပဲရှိတာ ။ အတိတ်မှာ ပရမတ် မရှိဘူး အနာဂတ်မှာလဲ မရှိဘူး။ ဘာဖြစ်လို့တုန်းဆိုရင် အတိတ်ကို စွဲစိတ်ကသာ သွားနိုင်တာ တကယ့်အထဲရှိနဲ့အထဲသိဖြစ်တဲ့ ရုပ်နာမ်၂ပါးက အတိတ်ကိုမပြန်နိုင်ဘူး ။ အဲဒီတော့ ဒို့ရှိနေတဲ့ ထိသိဆိုတဲ့ ခန္ဓာငါးပါးက အတိတ်ကို မပြန်နိုင်ဘူး ။ အနာဂတ်ကိုလဲ အစွဲကသာ ကြိုတွေးသွားနိုင်တာ ။ လက်ရှိ ရှိနေတဲ့ အထိနဲ့အသိဆိုတဲ့ ရုပ်နာမ်၂ပါးက အနာဂတ်လဲ မသွားနိုင်ဘူး ။ အဲ့တော့ မရှိတာ အရှိလုပ် ရှုလို့ရတာမှ မဟုတ်တာ ။ ဒါကြောင့် အရှိကို ရှိတဲ့အတိုင်း ရှိတဲ့နေရာ ရှုရတာမို့လား ။ ဒါကြောင့် ဖြစ်ဆဲကာလ ရှုပေးပါလို့ပြောတာ ။ ဘာဖြစ်လို့တုန်း မစွဲဖို့ထင်တယ် ။ ဒါကြောင့် မစွဲဖို့ရာ ဖြစ်ဆဲမှာ မှန်စွာရှုမှတ်ရပါသည်တဲ့ဗျား ။ " ဝိပဿနာ " ရှုပုံရှုနည်းက ဒါပါပဲဗျား ။ နောက်တစ်ခါ သူ့ရဲ့အကျိုးလေးကို ထပ်ပြောတော့ * ဖြစ်ဆဲမရှု ခန္ဓာစု စွဲမှု ထင်တော့သည် တဲ့။ ဖြစ်ဆဲ မရှုတဲ့ပုဂ္ဂိုလ်တွေပေါ့လေ ဘယ်လိုစွဲမှုထင်သတုန်းဆိုတော့ " မြဲတယ် ကောင်းတယ် ငါကောင်နှယ် ဥာဏ်ဝယ်ထင်တော့သည်တဲ့ " ဖြစ်ဆဲမရှုတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်သည် အာရုံနောက်ပါပါ သွားတာထင်တယ် ။ စိတ်ကလေးကိုယ့်ဆီမှမရှိဘဲ အဲ့တော့ ကိုယ့်အကြောင်းကောသိလား ။ သူ့ဆီလိုက်သွားတော့လဲ ကိုယ်ကဧည့်သည် ထဲထဲဝင်ဝင် ဝင်နိုင်လို့လား ။ အပေါ်ယံကြောနဲ့ ပြန်ခဲ့ရတာပဲ ။ အဲ့တော့ သူ့အကြောင်းလဲမသိဘူး ကိုယ့်အကြောင်းလဲမသိဘူး ။ သူပျက်တာလဲမသိဘူး ကိုယ်ပျက်တာလဲမသိဘူး ။ အဲဒီတော့ မြဲတယ်ပဲထင်တယ် ကောင်းတယ်ပဲထင်တယ် ပိုင်တယ်ပဲထင်တယ် ဟုတ်ကဲ့လားဗျာ ။ အဲ့တော့ မီးဖိုနဲ့မီးရောင်လိုပဲထင်တယ် ။ မီးရောင်ကြည့်ရင်တော့ လင်းတာပေါ့ဗျ ။ မီးဖိုကြည့်မှသာ လောင်နေတာမြင်ရမှာပေါ့ ။ အာရုံနောက် လိုက်သွားတဲ့ပုဂ္ဂိုလ် မီးရောင်ကြည့်တာနဲ့ ဘာထူးသေးတုန်း မီးရောင်လောက်သာ မြင်တာ မီးဖိုမှ မမြင်ဘဲနဲ့ ဟုတ်ကဲ့လား ။ ဒါကြောင့် ဖြစ်ဆဲမရှုတဲ့ပုဂ္ဂိုလ်သည် ကိုယ့်ကြည့်ကြည့် သူ့ကြည့်ကြည့် ကိုယ့်ဘက်အာရုံရှိရှိ သူ့ဘက်အာရုံရှိရှိ မြဲတယ် ကောင်းတယ် ပိုင်တယ်လို့ ဒီလိုပဲ ဥာဏ်ထဲလာထင်တတ်ပါတယ်တဲ့ ။ ဒ်ါက ဖြစ်ဆဲ မရှုတဲ့ပုဂ္ဂိုလ်တွေပြောတာ ။ * ဖြစ်ဆဲကိုရှု ခန္ဓာစု စွဲမှု ကင်းတော့သည်တဲ့ ။ ဖြစ်ဆဲရှုတဲ့ပုဂ္ဂိုလ်ဟာ စွဲမှုကင်းတယ်တဲ့ ဘယ်လိုကင်းတုန်းဆိုရင် - " မမြဲ ဆင်းရဲ သဘောပဲ " ဥာဏ်ထဲ ရှင်းတော့သည်တဲ့။ " မမြဲဘူး " ဒို့ ဝင်လေအစကဟာလေး ဝင်လေအလယ်ပါခဲ့လို့လား။ အလယ်ကဟာရော အဆုံးထိပါခဲ့လို့လား ။ ( မပါ ပါဘုရား ) ဝင်လေအစက ထိသိ ရုပ်နာမ် ၂ပါး အလယ်ထိ မပါဘူး ။ အလယ်က ထိသိသည် အဆုံးထိ မပါဘူး ။ ဒါဖြင့် မြဲတယ် မမြဲဘူး သူများလျှောက်မေးစရာ လိုသေးလား ( မလိုပါဘူးဘုရား ) ကောင်းတဲ့အာရုံခံစားလဲ ပျက် ပျက် ပျက် ဆိုးတဲ့အာရုံခံစားလဲ ပျက် ပျက် ပျက် ဟုတ်ကဲ့လား ။ အဲ့တော့ ပျက်နေတာကြီး ခံစားနေရတာ ဘယ်လိုလုပ်ကောင်းတော့မတုန်း ဆင်းရဲတယ်ပဲ ပြောရတာပေါ့ ။ စွဲနေလို့သာ ကောင်းတယ်ပြောရတာ ။ အရက်သမားကကော သူ့အရက်က သူ့ဖျက်လိုက်တာ ဒေါင်ချာကိုစိုင်းလို့ ။ သို့သော် သူစွဲလန်းနေတော့ ကောင်းသကိုးဗျ ။ ဒါဖြင့် ဒို့ ကောင်းတယ်ဆိုတာ အစွဲကြောင့်သာ ကောင်းတယ်ပြောကြတာ ။ အဲ့တော့ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် အရိပ်အယောင်ပဲထင်တယ် ။ ထိတုန်းသိ သိပြီးပျောက်ပဲ ။ တကယ်ရှိရင် ကျန်ရစ်မှာပေါ့ ။ အခု ကျန်မှ မကျန်ရစ်ပဲ ။ ကျန်ရစ်တာ အစွဲပဲ ။ ဟိုကတော့ ထိသိ ပျောက်ပဲ ။ အဲတော့ ဘာရှုလိုက် ရှုလိုက် တကယ်မရှိဘူး သဘောပဲ ဟုတ်ကဲ့လား ။ ဒါကြောင့် ဖြစ်ဆဲကိုရှု ခန္ဓာစု စွဲမှုကင်းတော့သည်တဲ့ဗျား ။ 🙏🙏🙏 #ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး# Credit to - Original Uploader

via အလင်းရောင် ဓမ္မ https://ift.tt/2YLH7s1

ပြိုင်ပါ 👍👍 အရိုင်းအစိုင်း မပြိုင်ကြပါနဲ့ လိမ္မာယဉ်ကျေးတာခြင်း ပြိုင်ပါ ကိုယ်ကျိုးဘယ်လောက်ရှာနိုင်လဲ မပြိုင်ပါနဲ့ အများအကျိုး ဘယ်လောက်သယ်ပိုးခဲ့လဲ ပြိုင်ပါ နေရာဘယ်လိုယူခဲ့လဲ မပြိုင်နဲ့ စာနာစိတ်နဲ့ ဘယ်လောက်နေရာတွေပေးခဲ့လဲပြိုင် လက်ရှိဝင်ငွေ ဘယ်လောက်ကောင်းနေလဲ မပြိုင်နဲ့ ရိုးရိုးသားသား ငွေရှာနိုင်တာကိုပြိုင် သြဇာအာဏာ ဘယ်လောက်ရှိလဲ မပြိုင်နဲ့ လူချစ်လူခင် ဘယ်လောက်များလဲပြိုင် ရုပ်ဘယ်လောက်လှလဲ မပြိုင်နဲ့ စိတ်ဘယ်လောက်လှလဲပြိုင် ဥစ္စာ ပစ္စည်း ဘယ်လောက်များများ ရှိတယ်မပြိုင်နဲ့ အသိဥာဏ်ဘယ်လောက်ရှိတာကိုပြိုင် ဘယ်လောက်ကျော်ကြားလဲ မပြိုင်နဲ့ ဘာအတွက်ကျော်ကြားလဲပြိုင် CR

via အလင်းရောင် ဓမ္မ https://ift.tt/2Z0GHcy

အမှန်တရား လက်ခံထားလိုက် ~~~~~~~~~~~~~~~~~~ ~ လောက လူသားများသည် သူများမကောင်းကြောင်း ပြောဖို့လွယ်သလောက် သူများကောင်းကြောင်းကို ပြောဖို့ဝန်လေးနေတတ်၏။ ~ လောကတွင် မကောင်းသတင်းပျံ့ဖို့ လွယ်သလောက် ကောင်းသတင်းကား ခပ်ပါးပါးလေး ဖြစ်နေတတ်၏။ ~ လူအတော်များများသည် အမှန်တရားကို ပါးစပ်ဖြင့်သာ မြတ်နိုးနေတတ်ပြီး လက်တွေ့တွင် အမှန်တရားကို ကြောက်ရွံ့နေတတ်၏။ ~ မဟုတ်တာကို မကြိုက်သူများသည် ဟုတ်တာပြောရင်လည်း မကြိုက်တတ်ကြပေ။ ~ ငွေရယ်၊ ရာထူးရယ်၊ ဂုဏ်ပကာသနရယ်တို့သည် ပုထုဇဉ်ပုဂ္ဂိုလ်များ၏ စိတ်ကိုအလွယ်တကူ ပြောင်းလဲစေတတ်၏။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ

via အလင်းရောင် ဓမ္မ https://ift.tt/2z7fE4R

အငြိုးတရားအလွန်စိုးရွားလို့ ဖယ်ရှောင်ရှားပါ # ဆဒ္ဒန်ဆင်မင်းဇာတ်တော် # 🔶🔶🔶🔶🔶🔶🔶🔶🔶 နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည် ရဟန်းမိန်းမငယ် သည် တနေ့သ၌ ရဟန်းမိန်မတို့နှင့်အတူ တရားနာသွားရာ တန်ဆာဆင် အပ်သော ပလ္လင်တော်၌ နေတော်မူလျက် တရားဟောနေသော မြတ်စွာ ဘုရား၏ တင့်တယ်တော်မူခြင်းကို ဖူးမျှော်ကြည်ညိုလျက် ငါသည် သံသရာ၌ကျင်လည်ရာဝယ် ထိုယောက်ျားမြတ် မယားဖြစ်ဖူး သလောဟု ဇာတိဿရဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်သော် ထိုယောက်ျားမြတ်သည် ဆဒ္ဒန်ဆင်မင်း ဖြစ်သောအခါ မယားဖြစ်ဖူး ကြောင်းကို မြင်လျှင် နှစ်သက်ဝမ်းမြောက်ခြင်း အားကြီးသဖြင့် ပြင်းစွာရယ်လေ၏။ တဖန် မယားဖြစ်သည်ကားမှန်၏၊ မယားတို့မည်သည် လင်၏အစီး အပွားကို အလိုရှိသည်ကား နည်းပါးလှ၏။ ငါသည် ထိုယောက်ျား မြတ်၏ အစီးအပွားကို အလိုရှိသလော၊ ပျက်စီးခြင်းကို အလိုရှိ သလောဟု ကြည့်ရှုဆင်ခြင်ပြန်သော် အစီးအပွားကို အလိုမရှိ အနည်းငယ်မျှသော အပြစ်ကိုရန်ငြိုးပြုကာ သောဏုတ္တ ရမုဆိုး ကြီးကိုလွှတ်၍ အဆိပ်လူးသောမြှားဖြင့် ပစ်သတ်စေခဲ့ဘူးသည် ကို မြင်ပြန်လျှင် ယူကျုံးမရ ဝမ်းနည်းစိုးရိမ်လှသဖြင့် သည်း ထန်စွာ ငိုကြွေးပြန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းမိန်းမငယ်ကိုမြင်လျှင် ပြုံးတော်မူ၏။ ပြုံးတော်မူခြင်းအကြောင်းကို ရဟန်းတို့ လျှောက်ထားကြရာ "ရဟန်းတို့ ဤ မိန်းမငယ်သည် ရှေးအခါ ငါဘုရား၌ ပြုခဲ့ဘူးသော အပြစ်ကို မြင်၍ သည်းစွာငို ကြွေးသည်" ဟု မိန့်တော်မူပြီးလျှင် အောက်ပါအတိတ်ဇာတ်ကို ဆောင်တော် မူသတည်း။ လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်ဝယ် ဆဒ္ဒန်အိုင်ကိုမှီ၍ ရှစ်ထောင်သော ဆဒ္ဒန်ဆင်မျိုးတို့သည် နေကုန်၏။ ထိုဆင်တို့သည် တန်ခိုးကြီးကုန်၏။ ကောင်းကင်သို့ပျံသွားနိုင်ကုန်၏။ ထိုအခါ ဘုရားလောင်းသည် ထိုဆင်တို့၏ ခေါင်းဆောင်ဆင်မင်း၏သား ဖြစ်၏။ ထိုဘုရားလောင်းသည် ကိုယ်လုံးဖြူ၏၊ နီသောလက်ခြေ ရှိ၏။ ကြီးပြင်းလာသောအခါ ရှစ်ထောင်သောဆင်တို့၏ မင်း ဖြစ်၏။ ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို ပူဇော်၏။ စူဠသုဘဒ္ဒါ၊ မဟာသုဘဒ္ဒါဟု မိဖုရား နှစ်ဦး ရှိ၏။ ရွှေဂူ၌နေ၏။ ဆဒ္ဒန်အိုင်ကြီးကား ပတ္တမြားအဆင်းကဲ့သို့ ကြည်လင်သောရေ ရှိ၏။ ကြာ သိမ်တော၊ကြာညိုတော၊ ကြာနီတော၊ ကြာပုဏ္ဍရိက်တော၊ ကြာပဒုမာနီတော၊ ကြာပဒုမာဖြူတော၊ ကြာကုမုဒ္ဒရာတော၊ အရောရော ကြာတောတို့သည် အသီး သီးခြံရံကြကုန်၏။ ထိုမှတဖန် သလေးစပါး တော၊ ပန်းတော၊ သစ်သီးတော၊ ကြံတော၊ ငှက်ပျောတော၊ အင်ကြင်းတော၊ ပိန္နဲတော၊ မန်ကျည်းတော၊ သရက် တော၊ ဝါးတောစသော တောအထပ်ထပ် တို့သည် ခြံရံ၍ တည်ကုန်၏။ ထိုတောတို့အပြင်ကရံလျက် စူဠကာလတောင်၊ မဟာကာလတောင်၊ ဥဒက ပဗ္ဗတတောင်၊ စန္ဒပဿတောင်၊ သူရိယပဿတောင်၊ မဏိပဿတောင်၊ သုဝဏ္ဏ ပဿတောင်ဟူသော တောင်စဉ်ခုနစ်ထပ်တို့သည် တတောင်ထက် တတောင် မြင့်ကာ အဆင့်ဆင့် တံတိုင်းကြီးတို့ပမာ တည်ကြကုန်၏။ ထိုဆဒ္ဒန်အိုင်ကြီး၏ အရှေ့မြောက်ထောင့်အရပ်၌ မြတောင်ကဲ့ သို့ အလွန် ကြီးမားတင့်တယ်သော ပညောင်ပင်ကြီး တည်ရှိလေ၏။ ထိုဆဒ္ဒန်အိုင်ကြီး၏ အနောက်အရပ် ရွှေတောင်၌ကား ရွှေဂူကြီးသည် တည်ရှိ၏။ ဆဒ္ဒန်ဆင်မင်းသည် မိုးလအခါ ဆင်အပေါင်းခြံရံလျက် ရွှေ ဂူ၌နေ၏။ နွေလအခါ၌ကား ရေမှတက် လာသော လေပြေလေညှင်းကိုခံလျက် ပညောင်ပင်ရင်းဝယ် နေ၏။ တနေ့သ၌ အင်ကြင်းတောသည် ပင်လုံးကျွတ်ပွင့်လေ၏။ ထိုအခါ ဆင်ပျို ဆင်ရွယ်တို့သည် ဆဒ္ဒန်ဆင်မင်းအား အင်ကြင်းတော တတောလုံးပွင့်နေကြောင်း ကို လျှောက်ထားကြကုန်၏။ ဆဒ္ဒန်ဆင်မင်း သည် ဆင်အပေါင်းခြံရံလျက် အင်ကြင်းတောသို့ သဘင်ကစားသွားရာ ကောင်းစွာပွင့်နေသော အင်ကြင်းပင် ကြီးတပင်ကို ဦးကင်းဖြင့်တိုက်လေ၏။ ထိုအခါ စူဠသုဘဒ္ဒါသည် ဆင်မင်း၏နံပါး လေညာ၌နေ၏။ မဟာသုဘဒ္ဒါကား လေကျေ၌နေ၏။ စူဠသုဘဒ္ဒါကိုယ်ပေါ်၌ သစ်ခက်ခြောက်၊ သစ်ရွက်ရော်နှင့် ခါချဉ်ထုပ်တို့သည် ကျကုန်၏။ မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်၌ကား ပန်းဝတ်မှုံ ဝတ်ဆံပွင့်ချပ်တို့သည် ကျကုန်၏။ ထိုအခါစူဠသုဘဒ္ဒါသည် ဆင်မင်းကား မိမိချစ်မြတ်နိုးသော မယားအပေါ်၌ ပန်းဝတ်မှုံ ဝတ်ဆံပွင့်ချပ်တို့ကို ကျစေ၏။ ငါ့အပေါ် ၌ကား သစ်ခက်ခြောက်၊ သစ်ရွက်ရော်နှင့် ခါချဉ်ထုပ်တို့ကို ကျစေ ကုန်၏ဟု အထင်အမြင်လွဲကာ ရှိစေဦး နောင်သိရလိမ့်မည်ဟု ဆင် မင်းအပေါ်၌ ရန်ငြိုးထားလေ၏။ အခါတပါးဝယ် ဆင်မင်းသည် ရေချိုးရန် အခြံအရံနှင့်တကွ ဆဒ္ဒန်အိုင်သို့ ဆင်းသက်လေ၏။ ဆင်မင်းနှင့် စူဠသုဘဒ္ဒါ၊ မဟာသုဘဒ္ဒါတို့သည် ရေချိုးပြီးလျှင် အိုင်မှတက်ကြကုန်၏။ ရှစ်ထောင်သောဆင်တို့သည်လည်း ရေကစားပြီးလျှင် ပန်းတို့ကို ယူဆောင်ခဲ့ကြ၍ ဆင်မင်းနှင့် ဆင်မိဖုရားကြီးတို့ကို တန်ဆာဆင်ကုန် ၏။ ဆင်တစီးသည် ပွင့်ချပ်ခုနစ်ဆင့်ရှိသော ကြီးသော သတ္တုဒ္ဒယ ပဒုမာကြာ ပွင့်ကြီးကိုရ၍ ဆင်မင်းအား ဆက်သလေ၏။ ဆင်မင်းလည်း မိဖုရားကြီးမဟာ သုဘဒ္ဒါကို ပေးပြန်၏။ ထိုအခါ စူဠသုဘဒ္ဒါသည် ပဒုမာကြာပန်းကြီးလည်း ငါ့အားမပေး၊ ချစ်မြတ်နိုးသော မဟာသုဘဒ္ဒါအားပေးသည်ဟု နှလုံးမသာမယာ အထင်လွဲကာ ဆင်မင်း၌ ရန်ငြိုးထားပြန်၏။ တနေ့သ၌ ဆင်မင်းသည် ချိုလှသော သစ်သီးကြီးငယ်တို့ကို လည်းကောင်း၊ ကြာစွယ်ကြာရင်းတို့ကိုလည်းကောင်း ရ၍ ပျားရည် ဖြင့်လူးကာ ငါးရာသောပစ္စေ ကဗုဒ္ဓါတို့အား လှူဒါန်းကျွေးမွေး လေ ၏။ စူဠသုဘဒ္ဒါလည်း မိမိရသောအဘို့အစု ကို ပစ္စေကာဗုဒ္ဓါတို့အား လှူဒါန်းပြီးလျှင် "အရှင်တို့ အကျွန်ုပ်သည် ဤဘဝမှ စုတေသည်ရှိ သော် မဒဒရာဇ်မင်းမျိုး၌ သုဘဒ္ဒါမည်သော မင်းသမီးဖြစ်၍ အရွယ် ရောက်လျှင် ဗာရာဏသီမင်းကြီး အလွန်ချစ်မြတ်နိုးသော မိဖုရားကြီး ဖြစ်ရပါလို ၏။ မင်းကိုနှစ်သက်အောင်ပြုစွမ်းနိုင်၍ မင်း အားပြောကြားသဖြင့် မုဆိုးတ ယောက်ကို စေလွှတ်ကာ ဤဆဒ္ဒန်ဆင်မင်းကို အဆိပ်လူးသောမြှားဖြင့် ပစ်သတ်ကာ အရောင်ခြောက်ပါး ရှိသောအစွယ်တို့ကို ယူနိုင်သည် ဖြစ်ရပါလို ၏"ဟု ဆုတောင်းလေ၏။ စူဠသုဘဒ္ဒါလည်း ဆုတောင်းပြီးလျှင် အစာမစားဘဲနေသဖြင့် တဖြည်းဖြည်း ခြောက်ကပ်ပြီးလျှင် သေလွန်လေ၏။ မိမိဆုတောင်း သောအတိုင်း မဒ္ဒရာဇ်မင်း၏ မိဖုရားကြီးဝမ်း၌ဖြစ်၍ သုဘဒ္ဒါဟူ၍ ပင် အမည်မှည့်ကြကုန်၏။ အရွယ်ရောက် သောအခါ သုဘဒ္ဒါမင်းသမီးကို ဗာရာဏသီမင်းကြီးအား ပေးကုန်၏။ ဗာရာဏ သီမင်းကြီးလည်း အလွန်ချစ်မြတ်နိုးတော်မူသဖြင့် တသောင်းခြောက်ထောင် သော မိန်းမတို့၏ အကြီးအမှူး မိဖုရားကြီးအရာ၌ ထားလေသည်။ ရှေး ဘဝက အဖြစ်အပျက်ကိုသိသော ဇာတိဿရဉာဏ်ကို ရလေ၏။ တနေ့သ၌ သုဘဒ္ဒါမိဖုရားကြီးသည် ဇာတိဿရဉာဏ်ဖြင့် အောက်မေ့ဆင် ခြင်၍ ငါကားဆုတောင်းပြည့်ခဲ့ပြီ။ ငါ့ရန်သူဖြစ်သော ဆဒ္ဒန်ဆင်မင်း၏ အစွယ်ကို ဆောင်ယူစေမည်ဟု ကြံစည်လျက် ကိုယ်ကိုဆီ၊ နနွင်းလိမ်းကျံလျက် ညစ်နွမ်း သောအဝတ်ကို ဝတ်ပြီးလျှင် ဖျားနာချင် ဟန်ဆောင်လျက် ကြက်သရေတိုက်ခန်း ဝယ် ညောင်စောင်းငယ်၌ အပ်လေသည်။ ဗာရာဏသီမင်းကြီးသည် ခစားလာ ရာ၌ သုဘဒ္ဒမိဖုရား ကြီးကိုမမြင်လျှင် မေးလေ၏။ ဖျားနာနေကြောင်း လျှောက် ထားကြကုန်၏။ ထိုအခါ မင်းကြီးသည် ကြက်သရေတိုက်ခန်းသို့ဝင်၍ ညောင် စောင်းငယ်၌ ထိုင်ပြီးလျှင် မိဖုရားကြီး၏ကျောကို လက်တို့ ဖြင့်သပ်လျက် "အို သုဘဒ္ဒါ သင်မိဖုရားကြီးကား အဘယ်ဝတ္ထုကို လို၍ စိုးရိမ်ပူပန်သနည်း။ သင်ကား ဖက်ရွက်လျော်ကဲ့သို့ ဖြော့ တော့သော ကိုယ်ရှိ၏၊ လက်ဖြင့်ဆုပ်နယ်ထားသော ပဒုမာကြာပန်း ကဲ့သို့ ညှိုးနွမ်းဘိ၏" ဟု အသာအယာ ချော့မော့၍ မေးလေ၏။ ထိုအခါ သုဘဒ္ဒါမိဖုရားကြီးသည် မင်းကြီးအား "မြတ်သောမင်းကြီး အကျွန်ုပ်အား ချင်ခြင်းဖြစ်ပါ၏။ အိမ်မက် ထဲ၌ အံ့ဖွယ် သရဲရှိလှ၏။ အကျွန်ုပ်၏ ချင်ခြင်းကား မရလွယ်ပါ"ဟု ဖြားယောင်းကာ လျှောက် ထားလေသည်။ ထိုအခါ မင်းကြီးသည် မိဖုရားအား "အို သုဘဒ္ဒါ လောက၌ လူတို့လိုချင်တောင့်တအပ်သော ရတနာ ခုနစ်ပါး၊ ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏။ ထိုရတနာခုနစ်ပါး၊ ကာမဂုဏ်ငါးပါးတို့သည် ငါ့မှာ များပြားလှကုန်၏။ သင်ချင် ခြင်းဖြစ်သောဝတ္ထုကို ငါပေးမည်"ဟု အလိုရှိ ရာပြောပါဟု ဝန်ခံ ပြောဆိုလေ၏။ ထိုအခါ သုဘဒ္ဒါမိဖုရားကြီးသည် "အရှင်မင်းကြီး အကျွန်ုပ် ၏ ချင်ခြင်းကား အလွန်ရခဲပါ၏။ ပြောဆိုလျှောက်ထား၍ မဖြစ်နိုင်ပါ။ မင်းကြီး၏နိုင်ငံ တွင်းရှိသော မုဆိုးတို့ကို စည်းဝေးစေပါ လော့။ ထိုမုဆိုးတို့အလယ်၌ အကျွန်ုပ်၏ ချင်ခြင်းကို ပြောကြား ပါမည်"ဟု လျှောက်ထား၏။ ထိုအခါ မင်းကြီးသည် ကြက်သရေတိုက် ခန်းမှထွက်ခဲ့၍ အမတ်တို့ကို ခေါ်စေပြီးလျှင် ကာသိတိုင်း အတွင်း ရှိ မုဆိုးတို့ကို စည်းဝေးစေရန် စည်လည်ကြလော့ဟု ခိုင်းလေ၏။ အမတ်တို့လည်း စည်လည် ကြကုန်၏။ မကြာမြင့်မီ မုဆိုးတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ယူဆောင်ကာ မင်းကြီးထံ ဆက်သ၍ စည်းဝေးကြကုန်၏။ မုဆိုးတို့သည် ခြောက်သောင်းမျှ ရှိကုန်၏။ ထိုအခါ မင်း ကြီးသည် မိဖုရား ကြီးအား "အို မိဖုရားကြီး မုဆိုးတို့ စည်းဝေးမိကြကုန်ပြီ။ ထိုးပစ်သတ်ဖြတ်ရာ၌ တဘက်ကမ်းခတ် တတ် မြောက်ကြကုန်၏။ တောအကြောင်း သားအကြောင်းကို ကောင်း ကောင်းသိကုန်၏။ မကြောက်မရွံ့ရဲရင့်ကုန်၏။ ငါ့အတွက် အသက်ကို စွန့်နိုင်ကုန်၏"ဟု မုဆိုးတို့ စည်းဝေးရောက်လာကြောင်းကို ပြောဆိုလေ၏။ ထိုအခါ သုဘဒ္ဒါမိဖုရားကြီးသည် မုဆိုးတို့ကို ခေါ်၍ မုဆိုးတို့အား "အို မုဆိုး သားတို့ ဤအရပ်သို့ စည်းဝေး ရောက်လာကြသော သင်တို့သည် ငါ့စကားကို နားထောင်ကြကုန် လော့။ အစွယ်၌ အရောင်ခြောက်ပါးရှိ၍ ကိုယ်လုံး ဆွတ်ဆွတ် ဖြူသော ဆင်မင်းကို အိမ်မက်၌ မြက်မြင်ပါ၏။ ထိုဆင်မင်း၏အစွယ်ကို ရလိုပါ ၏။ မရသည်ရှိသော် ငါသေရလတံ့"ဟု မိမိ၌ဖြစ်လာသော ချင်ခြင်းကို ပြောကြား လေ၏။ မုဆိုးသားတို့သည် မိဖုရားကြီး၏စကားကိုကြားလျှင် ဆင်မင်း၏တွေ့လိုရာ အရပ်ကို "အရှင်မိဖုရားကြီး တူရူအရပ် လေး မျက်နှာ အထောင့်အရပ် လေးမျက်နှာ အထက်အောက် နှစ်မျက်နှာ အားဖြင့် အရပ်ဆယ်မျက်နှာရှိခဲ့ရာ အရှင်မ မြင်မက်သော ဆင်မင်း ကား အဘယ်မျက်နှာ၌ တည်ရှိပါသနည်း"ဟု မိဖုရားကြီးအား မေး လျှောက်ကုန်၏။ မိဖုရားကြီးသည် တစုံတခုသော စကားကို မဖြေကြားသေးဘဲ မုဆိုးတို့ကို အသေအချာကြည့်ရှုပြန်ရာ သောဏုတ္တရမုဆိုးကြီး ကို မြင်လေ၏။ ထိုမုဆိုးကြီး ကား ခြေဘဝါး လက်ဘဝါး ကြီး၏၊ ထမင်းထုပ်ကဲ့သို့ ဖုထစ်သော သလုံးသားရှိ၏၊ ဒူးကြီး၏၊ နံရိုး ကြီး၏၊ ထူထပ်၍ ဖွားရရားကျသော မုတ်ဆိတ်ကျင်စွယ်ရှိ၏၊ မျက်စိ ကြောင်၏၊ မကောင်းသော ကြောက်မက်ဖွယ်သော အဆင်းသဏ္ဌာန်ရှိ၏၊ သူတပါးထက် ဦးခေါင်းတလုံးသာသာ မြင့်အောင် ထွားကျိုင်း၏၊ ရှေးဘဝက ဆင်မင်း၏ရန်သူဖြစ်ဘူးသော မုဆိုးကို မြင်၍ ဤမုဆိုး သည် ငါ၏စကားကို လိုက်နာခြင်းငှါ တတ်နိုင်လတံ့ဟု ကြံ၍ မင်း ကို ခွင့်ပြုစေပြီးလျှင် ဘုံခုနစ်ဆင့် ရှိသော ပြာသာဒ်၏အထက် သို့ မုဆိုးအား ခေါ်ဆောင်၍ လေသွန်တံခါးကိုဖွင့်ပြီး လျှင် မြောက်ဟိမဝန္တာသို့ လက်ညှိုးညွှန်ပြကာ "အို မုဆိုးသား သင်သည်ဤ အရပ်မှ မြောက်အရပ်တည့်တည့် ဖြောင့်ဖြောင့်သွားလေ။ ကြီးကျယ်လှသော တောင်စဉ်ခုနစ်ထပ်တို့ကို ကျော်လွန်၍သွားရာ သုဝဏ္ဏပဿတောင်ကား ခြောက်ထပ်သောတောင်တို့ထက် အမြင့်ဆုံး ဖြစ်၏။ ပန်းတောလည်းရှိ၏၊ ကိန္န ရာတို့ ကျက်စား မြူးထူးရာ လည်း ဖြစ်၏။ ထိုတောင်သို့တက်၍ တောင်ခြေရင်းကို ကြည့်လော့။ ထိုတောင် ခြေရင်းဝယ် ပါးပျဉ်းရှစ်ထောင်ရှိ၍ စိမ်းညိုသော ပညောင်ပင်ကြီး ကို မြင်ရလိမ့်မည်။ ထိုပညောင်ပင်ရင်း မြစ်ပျဉ်းကြား၌ ကိုယ် လုံး ဆွတ်ဆွတ်ဖြူသော ဆင်မင်းသည် နွေအခါ ရေထဲမှတက်လာသော လေ ညှင်းကို ခံယူလျက် နေ၏။ ထိုဆင်မင်းကို ရှစ်ထောင်သော ဆင်တို့သည် စောင့်ကုန်၏။ ရထားလှည်းသန် သဖွယ် စွယ်စုံ ရှိကုန်၏၊ လေကဲ့သို့ လျင်မြန်စွာ လိုက်၍ ရန်သူကို သတ်နိုင်ကုန် ၏။ ထိုဆင်တို့သည် ပြင်းထန်စွာ ကြောက်ဘွယ်သော ထွက်သက် ဝင်သက်ကို ရှူထုတ်ကုန်၏။ မြက်သစ် ရွက် တုန်လှုပ်ခြင်းကိုလည်း အမျက်ထွက်ကုန်၏။ ထိုအရပ်သို့ လာ ရောက်သောလူကို ဖွဲပြာဖြစ်အောင် ပြုလုပ်နိုင်ကုန်၏၊ မြူမျှပင် အကြွင်းအကျန်မရှိရာ"ဟု လမ်းညွှန်ကာ ကြောက်မက်ဘွယ်ရှိသော ဘေးရန်တို့ ကိုလည်း အလုံးစုံပြောကြားလေ၏။ မိဖုရားကြီး၏စကားကိုကြားလျှင် သောဏုတ္တရမုဆိုးသည် သေဘေးမှ ကြောက်သဖြင့် မိဖုရားကြီးအား "အို မိဖုရားကြီး မင်းကြီးနန်းတော်၌ ရွှေ ငွေ ပုလဲ ပတ္တမြား ကျောက်မျက်ရွဲစသော တန်ဆာတို့ကား များပြားလှကုန်၏။ သို့ပါလျက်ဆင်စွယ်တန်ဆာ ဖြင့် အဘယ်သို့ပြုအံ့နည်း။ မိဖုရားကြီး ဆင်မင်းကို သတ်စေ လို၍လော၊ သို့မဟုတ် တန်ဆာကိုအကြောင်းပြကာ မုဆိုးတို့ကို သေစေ လို၍လော" ဟု လျှောက်ထား မေးမြန်းလေ၏။ ထိုနောက်မှ သုဘဒ္ဒါမိဖုရားသည် မိမိ၏ကြောင်းရာစုံလင်ကို မိုဆိုးအား "အို မုဆိုးသား ငါသည် ဆင်မင်းအားငြူစူလှ၏၊ စိတ်ဆင်းရဲလှ၏၊ ဆင်မင်းပြုသော ရန်ကို အဖန်ဖန် အောက်မေ့လျက် ငြူစူသဖြင့် စိတ်ပျံ့လွင့်၏၊ ခြောက်ကပ်လှ၏၊ ငါ့အကျိုးစီးပွား ကိုပြုပါ။ သင့်အား တစ်နှစ်လျှင် အခွန်တစ်သိန်းစီထွက်သော ရွာ ကြီးငါးရွာကိုဆုပေးမည်"ဟု အကြောင်းစုံပြော၍ ဆုဖြင့် ဖြား ယောင်းပြီးလျှင် "အို မုဆိုး အမှန်ကို ငါပြောမည်၊ အိမ်မက် မြင်မက်သည်မဟုတ်၊ ဇာတိဿရဉာဏ်ဖြင့် သိသည်။ ငါသည် ဆဒ္ဒန်ဆင် မင်းကိုသတ်၍ အစွယ်ကိုယူနိုင်ရလို၏ဟု ရှေးဘဝ က ပစ္စေကဗုဒ္ဓါတို့ အား လှူဒါန်း၍ ဆုတောင်းခဲ့ဘူးပြီ။ ငါတောင်းခဲ့သော ဆုအချို့ လည်း ပြည့်စုံပြီ၊ ဤကိစ္စလည်း မုချပြည့်စုံလတံ့၊ သင်သွားပါ၊ မကြောက်ပါလင့်" ဟု မုဆိုးကို အားပေးကာ နှစ်သိမ့်စေ၏။ မုဆိုးလည်းအားတက်လျက် မိဖုရား၏စကားကို ဝန်ခံပြီးလျှင် ဆင်မင်း၏နေ ရာအကြောင်းစုံကို "အို မိဖုရားကြီး ဆင်မင်းသည် ဘယ်အရပ်၌ နေသနည်း၊ ဘယ်အရပ်၌ တည်နေရန် ကပ်သနည်း၊ ရေချိုးသွား သောလမ်းကား အဘယ် နည်း၊ အဘယ်သို့ ရေချိုးသနည်း၊ အဘယ်သို့ သိနိုင်အံ့နည်း"ဟု အကြောင်းစုံ ပြောကြားရန် မေးမြန်းတောင်း ပန်လေ၏။ ထိုအခါ မိဖုရားကြီးသည် ဇာတိဿရဉာဏ်ဖြင့် ဆင်ခြင်ကာ မုဆိုးကြီးအား "အို မုဆိုးကြီး ဆင်မင်းနေရာအနီး၌ ဆဒ္ဒန် အိုင်ကြီးရှိ၏၊ ပျော်ဘွယ်ရာကောင်း၏၊ သာယာသော ရေဆိပ်ရှိ၏၊ ရေ များလှ၏၊ ကြာမျိုးငါးပါး ပွင့်လျက်ရှိ၏၊ ပျားပိတုန်း တို့ ကျက်စားရာဖြစ်၏၊ ထိုအိုင်ကြီး၌ ဆင်မင်းရေချိုး၏၊ ရေချိုးပြီး လျှင် ကြာပန်းစ သော ရေပန်း ကြည်းပန်းတို့ကို ဆင်မြန်းလျက် တကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်မင်းသည် ဝမ်းမြောက်ဝမ်းသာ သဗ္ဗဘဒ္ဒါမည်သော မိဖုရားကြီးကို ရှေ့ကထား ၍ မိမိနေရာ အရပ်သို့ သွား၏"ဟု တလုံးမကျန် ခရေစေ့တွင်းကျပြောကြားလေ၏။ ထိုအခါ မုဆိုးကြီးသည် "အရှင်မ. ကောင်းပြီ၊ ဆင်မင်းကို သတ် ပြီးလျှင် ဆင်စွယ်တို့ကိုယူ၍ဆက်သပါမည်"ဟု ဝန်ခံလေ၏။ ထိုအခါ မိဖုရားကြီးသည် မုဆိုးကြီး၏စကားကို ကြားလျှင် ငါ့အကြံ အောင်တော့မည်၊ ငါ့ရန်သူ ပျက်စီး တော့မည်ဟု ဝမ်း မြောက်ဝမ်း သာဖြစ်၍ မုဆိုးကြီးအား ချက်ချင်း အသပြာ တထောင် ပေးကာ "အို မုဆိုး သွားဦးလော့၊ ယနေ့မှ ခုနစ်ရက်မြောက်နေ့၌ သွားရမည်၊ လက် နက်ရိက္ခာအလုံးစုံ စီမံထားမည်"ဟု မှာထား၍ လွှတ်လိုက်၏။ ထိုနောက် မိဖုရားသည် ပန်းပဲတို့ကိုခေါ်၍ ပဲခွပ် ပုဆိန် ပေါက်တူး ဆောက် ဆောက်ပုတ် ဓားမ တံစဉ် သံမယ်န လွှ သံတံတင်း ကက္ကုဆူးတို့ကို လုပ်ရန် စီမံလေ၏။ နောက်တဖန် သားရေနယ်သမား တို့ကို ခေါ်၍ သားရေအိတ်ကြီး သားရေလွန်ကြီး သားရေလွန်အငယ် ဆင်ခြေဘိနပ် သားရေထီးတို့ကိုလုပ်ရန် စီမံလေ၏။ ပန်းပဲနှင့် သားရေနယ်သမားတို့လည်း လျင်မြန်စွာလုပ်၍ ဆက်သ ကြကုန်၏။ နောက်ရက်ရှည်လများ စားနိုင်ရန် စားစရာများကို လိုလေသေး မရှိ အောင် စီမံလေ၏။ အားလုံးခုနစ်ရက်အတွင်း ပြည့်စုံလေ၏။ ခုနစ်ရက်မြောက်နေ့၌ သောဏုတ္တရမုဆိုးသည် သားမယားတို့ကို မှာထား ပြီးလျှင် ခရီးဆောင်ပစ္စည်းတို့ကိုယူ၍ လာပြီး မိဖုရားကို ရှိခိုးလျက်နေ၏။ မိဖုရားလည်း "အမောင်မုဆိုး အပြည့်အစုံထည့်ပြီးပြီ၊ ဤသားရေအိတ်ကြီး ကိုယူ၍ သွားလော့" ဟု ဆို၏။ သောဏုတ္တရမုဆိုးကား ခွန်အားကြီး၏။ ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင်၏။ ထို့ကြောင့် သားရေအိတ်ကြီးကို ကွမ်းထုပ် ကို ကောက်ယူသကဲ့သို့ ကောက်ယူကာ ပခုံးတွင်လွယ်၍ ပေါ့ပေါ့ပါးပါးပင်ရပ်၏။ သုဘဒ္ဒါမိဖုရားလည်း မုဆိုး၏သားမယား တို့အား ရိက္ခာကိုပေး၍ မင်းကြီးကို လျှောက်ထားပြီးလျှင် သောဏုတ္တရမုဆိုးကို လွှတ်လိုက်၏။ သောဏုတ္တရမုဆိုးလည်း မင်းကြီးနှင့် မိဖုရားတို့ကို ရှိခိုးကာ နန်းတော်မှဆင်း သက်ပြီးလျှင် ရထားစီး၍ အခြံအရံ များစွာဖြင့် မြို့တော်မှထွက်လေ၏။ ရောက်ရာ ရောက်ရာ ရွာနိဂုံး တို့မှ အဆင့်ဆင့်လိုက်၍ ပို့ကြကုန်၏။ ပစ္စန္တရစ်မှလိုက်ပို့သူ တို့ကို တော၌ဝင်မိ၍ လူတို့လမ်းခရီးကိုလွန်လျှင် ပြန်၍လွှတ်ကာ တယောက် တည်းသာ သွားလေ၏။ ခရီးယူဇနာ သုံးဆယ်သို့ ရောက်လျှင် ရှေးဦးစွာ နေဇာမြက် တော သမန်းမြက်တော သာမညမြက်တော ရုံးရိုင်းတော ကုလာမြှား တော တိရိဝစ္ဆမြက်တောဟူသော မြက်တောခြောက်ထပ်တို့ကိုလည်း ကောင်း၊ ကြခပ်ဝါးတော ကြိမ်ပိုက်တော သာမညတော ကျူတော အထွင်ခက်သောမြက်တော တခဲနက်တော မထူလွန်းသောသစ်တော ဝါးတော ဝါးရုံချုံတော ညွန်တော တောင်စဉ်ခုနစ်ထပ်တောဟူသော လည်း ကောင်း ပါလာသောလက်နက်အမျိုးမျိုးတိုဖြင့် ရိတ် လှည်း ဖြတ်တောက် ခုတ်ထွင်း၍လည်းကောင်း အချို့နေရာ တံတားခင်း ၍လည်းကောင်း အချို့နေရာများကို လှေဖြင့် ကူး၍လည်းကောင်း ခက်ခက်ခဲခဲ သွားရလေ၏။ တောင်အထပ်ထပ်သို့ သွားရာ၌လည်း အချို့တောင်တွင် သားရေလွန် ဖြင့်ချိတ်ဆွဲ၍ အချို့တောင်တွင် တောင်ထိပ်ချင်းကြိုးတန်းကာ သားရေအိတ် သားရေထီးတို့တွင် ကြိုးတန်းလျှောက်၍ တထောက် တထောက် အလွန်ခက်ခက်ခဲခဲ တက်ရ၏။ တောင်ခြောက်ထပ်ကိုလွန်၍ သုဝဏ္ဏပဿတောင်ထိပ်သို့ ရောက်သော အခါ တောင်ခြေရင်းသို့ကြည့်လျှင် မိဖုရားပြောလိုက်သော အတိုင်း ပညောင်ပင်ကြီးကို မြင်ရလေ၏။ အစွယ်၌ အရောင်ခြောက်ပါး ရှိ၍ ကိုယ်လုံးဆွတ်ဆွတ်ဖြူသော ဆဒ္ဒန်ဆင်မင်းကိုလည်း မြင်ရ လေ၏။ စောင့်ရှောက်သော ဆင်ရှစ်ထောင်တို့ကိုလည်း မြင်ရလေ၏။ ဆင်မင်းရေချိုးသော ဆဒ္ဒန်အိုင်ကြီးကိုလည်း မြင်ရလေ၏။ ဆင်မင်း သွားရာ လမ်းခရီးနေရာအရပ် အလုံးစုံတို့ကိုလည်း မြင်ရလေ၏။ မုဆိုးဘာဝ ယုတ်မာလှသော သောဏုတ္တရမုဆိုးသည် ရန်ငြိုးထားသောမိဖုရားမိုက်၏ တိုက်တွန်းချက်အရ အပင်ပန်းအဆင်းရဲခံ၍ သွားခဲ့ရာ ခုနစ်နှစ်ခုနစ်လခုနစ်ရက်တို့ဖြင့် ဆင်မင်းနေရာသို့ရောက်၍ ဆင်မင်း သွားရာလာရာ နေရာထိုင်ရာတို့ကို မျက်ဝါးထင်ထင် မြင်ရသောအခါ အလုံးစုံမှတ်သားပြီးလျှင် ဆင်တို့ရေချိုးပြီးလျှင် ဆင်မင်းနေရာအရပ်ကို တွင်းကြီးတူး၍ တွင်းစာမြေမှုံတို့ကို မျိုးကြဲသည့်အလား ရေထဲ၌ကြဲလျက် ကျောက်ဆုံပေါ်၌ တိုင်တို့ကိုစိုက်၍ ထုတ်လျောက်တင်ကာ ပျဉ်တို့ကိုခင်းပြီးလျှင် ဆင်မင်း၏ချက်တည့်လောက်သောအရပ်တွ င် မြှားထွက်လောက်ရုံ အပေါက်ကိုဖောက်၍ အပေါ်က မြေမှုံသစ်ရွက်ခြောက်တို့ကိုကြဲ၍ နံဘေးတဖက်မှ မိမိ ဝင်လောက်ရုံ အပေါက်ကိုပြု၍ တွင်းကြီးကို စီရင်၏။ မိုးသောက်သောအခါ ဦးခေါင်း၌ဦးစွပ်ကိုစွပ်၍ ဖန်ရည်စွန်းသော အဝတ်ကိုဝတ်ပြီးလျှင် အဆိပ်လူးသော မြှားနှင့် လေးကိုယူကာ တွင်းထဲဆင်း၍ ပုန်းအောင်းကာ စောင့်၍နေလင့်၏။ ဆဒ္ဒန်ဆင်မင်း သည် ဆဒ္ဒန်အိုင်မှရေချိုးပြီး၍ မဟာသုဘဒ္ဒါမိဖုရားကြီးလျှင် မိမိလေညှင်းခံရာ ပညောင်ပင်ရင်း၌ နေလေ၏။ ထိုအခါမုဆိုးသည် ဆင်မင်းရောက်လာသည်ကိုသိ၍ ဗိုလ်တထောင်တင်ရသောလေးကြီး ကိုတင်၍ အဆိပ်လူးသောမြှားဖြင့် အသင့်ဖောက်ထား သောအ ပေါက်မှ တအားပစ်လေ၏။ အဆိပ်လူးမြှားသည် ဆင်မင်း၏ချက်တည့် တည့်ဝင်ပြီးလျှင် အဖျင်း သရက်ရွက် အသည်း အူတို့ကို မုန့် မုန့်ညက်ညက် ကြေစေလျက် ကျောမှထွက်ကာ ကောင်းကင်သို့ တက် သွားလေ၏။ မြှားဝင်ရာအပေါက်မှ သွေးတို့သည် အိုးပေါက်မှရေထွက်သကဲ့ သို့ ယိုစီးထွက်ကျကုန်၏။ အလွန်နာကြင်သော ဆင်းရဲဝေဒနာဖြစ်လေ၏။ ဆင်မင်းသည် ဆင်းရဲဝေဒနာကို သည်းမခံနိုင်သည်ဖြစ်၍ အလုံးစုံ သောတောတောင်တို့ကို တပြိုင်နက် ပဲ့တင်ထပ်စေလျက် သုံးကြိမ်တိုင်အောင် ကြိုးကြာသံနှင့်တူသော အသံကြီးကို ပြင်းထန်စွာအော်ဟစ်မြည်ဟည်လေ၏။ ထိုအခါ ရှစ်ထောင်သော အခြံ အရံဆင်တို့သည် ဆင်မင်း၏အသံကိုကြားလျှင် သေဘေးမှကြောက် သဖြင့် ပြင်းစွာသောအသံကို မည်ဟည်းကြကုန်၏။ တဖန်ဆင်မင်းထံ လာကြ၍ ထိုအကြောင်းကိုသိလျှင် ဒေါသအမျက် ချောင်းချောင်း ထွက်၍ မြက်သစ်ရွက် သစ်ပင်တို့ကို မုန့်မုန့်ညက်ညက်ကြေစေလျက် ဟိုဟိုသည်သည်ပြေးလွှားကာ သူ့ထက်ငါ ရန်သူကို ရှာကြကုန်၏။ ဆင်မင်းထံ ဖေးမကာ မဟာသုဘဒ္ဒါမိဖုရားကြီးတဦးသာ ကျန်ရစ်ခဲ့ ၏။ ထိုအခါဆင်မင်းသည် သတိတရားကိုဖြစ်စေလျက် မြှားလာရာအရပ် ကို ဆင်ခြင်လတ်သော် ဤမြှားကား အရှေ့အနောက် တောင် မြောက် အရပ်လေးမျက်နှာမှလာခဲ့ငြားအံ့၊ နံဘေးမှဝင်၍ နံဘေးမှထွက်ခဲ့ ရာ၏။ ယခုမူကား ချက်မှဝင်၍ ကျောသို့ထွက်ခဲ့၏၊ မုချမြေကြီးထဲ မှလာသော မြှားဖြစ်၏။ ရန်သူကား မြေကြီးထဲ၌ ရှိရာ၏၊ နောက်ထပ် မြှားတစင်းလာလျှင် မဟာသုဘဒ္ဒါမိဖုရားကြီးကိုလည်း မှန်ခဲ့ ရာ၏။ ဘယ်သူသိနိုင်အံ့နည်း၊ သုဘဒ္ဒါမိဖုရားကြီးကို သွားစေရန် သင့်၏ဟု ကြံစည်ပြီးလျှင် "သုဘဒ္ဒါမိဖုရားကြီး ရှင်မ. ဆင်ရှစ် ထောင်တို့ကား ငါ့ရန်သူကို ရှာဖွေရန် ထိုထိုအရပ်သို့ ပြေးသွား ကြကုန်ပြီ။ သင်ကား ငါ့ထံမှာ အဘယ်ကြောင့် နေဘိသနည်း"ဟု ပြောလေ၏။ မိဖုရားကြီးသည် "အရှင် အကျွန်ုပ်ကား အရှင်သက်သာ ရာ ရအော် ဖေးမစောင့်ရှောက်၍နေခဲ့ပါသည်။ အပြစ်ကို သည်းခံတော်မူ ပါ"ဟု တောင်းပန်ပြီးလျှင် ဆင်မင်းကို လက်ျာရစ်ကာ ရှိခိုး ပြီးလျှင် ဆင်မင်းထံမှ ရန်သူကို ရှာဖွေရန် သွားလေ၏။ ဆင်မင်းသည် သုဘဒ္ဒါမိဖုရားကြီးသွားလျှင် မြေကြီးကိုခြေ ဖြင့်ရက်ပြီးလျှင် အမိုးပျဉ်ချပ်ကို ခွာလေ၏။ ပျဉ်ချပ်ကွာ၍ အတွင်း၌ ပုန်းအောင်းနေသော သောဏုတ္တရမုဆိုးကိုမြင်လျှင် ရှေးဦးစွာဒေါသထွက်လျက် သတ်မည်ဟုကြံစည်ကာ ပျဉ်ချပ်ပေါက်မှ နှာမောင်းဖြင့်နှိုက်လျက် ဆွဲထုတ်လိုက်ရာ ဖန်ရည်စွန်းသော သင်္ကန်းပါလာလျှင် ရှေ့၌ထားကာ မိမိကိုယ်၌ ပြင်းထန်လှသော ဆင်းရဲဝေဒနာကပ်ရောက်လျက်ရှိငြားသော်လည်း "ဪ ဘုရားပစ္စေက ဗုဒ္ဓါရဟန္တာတို့ တံခွန်အောင်လံသဖွယ်ဖြစ်သော သင်္ကန်းပါတကား သင်္ကန်းဝတ်ထားသူကို ပညာရှိသူတော်ကောင်းတို့သည် မသတ် ပုတ် မညှဉ်းဆဲအပ်ပေ။ အမြတ်တနိုး ကိုးကွယ်ပူဇော်ရာ၏"ဟု သတိ သမ္ပဇဉ်ဖြစ်လျက် ဆင်မင်းသည် မုဆိုးသားကို သတ်ဖြတ်လိုသော စိတ် မရှိတော့ဘဲ အသက်ကိုချမ်းသာပေး၍ "အချင်းမုဆိုး ရာဂ မကင်းဘဲ ကိလေသာဖန်ရည်ရှိလျက် ဣနြေ္ဒကို ဆုံးမစောင့်ရှောက် ခြင်းငှါ မထိုက်တန်ပါ" "အချင်းမုဆိုး ကိလေသာဖန်ရည်ကို ထွေးအန်ပြီးလျက် စတုပါရိ သုဒ္ဓိသီလနှင့် ပြည့်စုံခြင်း ဣနြေ္ဒကို ဆုံးမစောင့်ရှောက် ခြင်းရှိသော သူသည်သာ ဤသင်္ကန်းကို ဝတ်ရုံခြင်းငှါ ထိုက်တန် ပေ၏"ဟု တရားဟောပြီးလျှင် "အချင်းမုဆိုး သင်သည် အဘယ် အကျိုးငှါ ငါ့ကိုပစ်သတ်သနည်း။ မိမိအကျိုးစီးပွားအတွက်လော၊ သို့မဟုတ် သူတပါးစေခိုင်း၍လော"ဟု ပစ်သတ်ခြင်းအကြောင်းကို မေးတော်မူ၏။ ထိုအခါ သောဏုတ္တရမိုဆိုးသည် မိဖုရားအလိုဆန္ဒအရ တိုက်တွန်း သဖြင့် ဆင်မင်းအား ပြောကြားလို၍ "အရှင်ဆင်မင်း ကာသိမင်း၏ မိဖုရားကြီးသုဘဒ္ဒါဟု ရှိပါ၏၊ အလွန်တန်ခိုးကြီးပါ၏။ ထိုမိဖု ရားကြီးသည် ဆင်မင်းကို အိမ်မက်၌မြင်မက်သဖြင့် အရောင်ခြောက် ပါးရှိသောအစွယ်ကို အလိုရှိ၍ အသတ်ခိုင်းပါ၏"ဟု ပြောကြားလေ၏။ ဆင်မင်းသည် မုဆိုးစကားကိုကြားလျှင် ဤအမှုကား သုဘဒ္ဒါ၏ အမှု ဖြစ်ကြောင်းကိုသိ၍ ဆင်းရဲဝေဒနာကို အောင့်အည်းသည်းခံကာ "အချင်းမုဆိုး ငါ၏ အဘ အဘိုးတို့၏အစွယ်တို့သည် ရွှေဂူ၌များ စွာရှိကုန်၏။ အစွယ်ကိုလို၍မဟုတ် ဒေါသနိုင်ငံသို့လိုက်ကာ ရန် ငြိုးဖွဲ့ပြီးလျှင် တမင်သတ်လို၍ စေခိုင်းခြင်းဖြစ်၏။ အချင်း မုဆိုး သင်သည်ထလော့၊ ငါမသေမီ ငါ့အစွယ်တို့ကို ဖြတ်လော့။ ရန် ငြိုးဖွဲ့သော သုဘဒ္ဒါမိဖုရားကိုလည်း ဆင်မင်းကိုသတ်ခဲ့ပြီ၊ ဤအစွယ်တို့ကား ဆင်မင်း၏ ဆင်မင်း၏ အစွယ်တို့တည်းဟု မှာ လိုက်သည်ဟု သင်ပြောပါလော့"ဟု မုဆိုးအား မှာထား၍ အစွယ် တို့ကို ဖြတ်ရန် ပြောလေ၏။ မုဆိုးလည်း ဆင်မင်းစကားကို ကြားရလျှင် လျင်စွာထ၍လွှကို ယူလျက်ရပ်လေ၏။ ဆင်မင်း၏အစွယ်ကို မမှီနိုင်၊ ထိုအခါ ဆင်မင်းသည် လည်ကိုညွတ်ကာ ဦးစောက်ဝပ်၍ပေး၏။ ထိုအခါ မုဆိုးသည် နှာ မောင်းကိုနင်းလျက်တက်ကာ ဦးကင်းပေါ်၌ ရပ်လျက် ခံတွင်းစွန်း ကို ဒူးပဆစ်ဖြင့်ကန်၍ လွှကိုခံတွင်းထဲသို့ သွင်းပြီးလျှင် အစွယ်ကိုဖြတ်လေ၏။ ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင်သော သူ ပင်ဖြစ်လင့်ကစား ဆံခြည်ချောင်းမျှ အရာထင်အောင် မတိုက်နိုင်၊ ခံတွင်းတခုလုံး သွေးဖြင့်ပြည့်ကာ အလွန်နာကျင်ဆင်းရဲပြန်၏။ ဆင်မင်းသည် ဆင်းရဲဝေဒနာကို သည်းခံကာ "မုဆိုး အသို့နည်း"ဟု မေး၏။ "အရှင် မဖြတ်နိုင်ပါ"ဟု ပြောသောအခါ "မုဆိုး သည်လိုဖြစ် လျှင် ငါ့နှာမောင်းကိုယူ၍ လွှအစွန်းကို ကိုင်စေလော့"ဟု ပြော လေ၏။ ထိုအခါ မုဆိုးသည် နှာမောင်းကိုယူ၍ လွှစွန်းကို ကိုင်စေပြီး လျှင် တိုက်ပြန်ရာ ဆင်မင်း၏ အာနုဘော်ကြောင့် အစွယ်တို့သည် သစ်မြစ်နုကဲ့သို့ ပြတ်၍ကျကုန်၏။ ထိုအခါ ဆင်မင်းသည် အစွယ်တို့ကို နှာမောင်းဖြင့်ယူပြီး လျှင် "အဆွေမုဆိုး သင့်အား ဤအစွယ်တို့ကို ပေးလှူသောငါသည် မချစ်မနှစ်သက်၍လည်းမဟုတ်၊ သိကြားမင်း ဗြဟ္မာမင်းတို့ စည်း စိမ်ကို တောင့်တ၍လည်းမဟုတ်။ ဤအစွယ်တို့ထက် အဆပေါင်း များ စွာသာလွန်သော သဗ္ဗညုတဉာဏ်တော်ကို တောင့်တ၍ဖြစ်သည်။ ဤအစွယ် တို့ကို ပေးလှူရသော ကောင်းမှုသည် သဗ္ဗေညုတဉာဏ်ကို ထိုးထွင်း၍ သိမြင်ခြင်း အကြောင်းအထောက်အပံ့ဖြစ်စေသတည်း"ဟု ဆုတောင်း၍ အစွယ်တို့ကို မုဆိုးအား ကြည်ဖြူစွာပေးလှူပြီး လျှင် "မုဆိုး သင်သည် ဤအရပ်သို့ အဘယ်မျှ လာခဲ့ရသနည်း"ဟု မေး ၏။ "အရှင် ခုနစ် နှစ်ခုနစ်လခုနစ်ရက်ကြာမျှ လာခဲ့ရပါသည်"ဟု ပြော၏။ "မုဆိုး သင် သွားလော့၊ အစွယ်တို့တန်ခိုးကြောင့် ခုနစ်ရက်အတွင်း ရောက်လ တံ့"ဟု ပြောဆိုပြီးလျှင် မုဆိုးကို ပရိတ်အရံအတားပြု၍ လွှတ် လိုက်၏။ မုဆိုးလည်း မြေပြင်တွင် အတုမရှိသောဆင်စွယ်တို့ကို ယူဆောင် ကာ ဝိသာလမာလကမည်သောအရပ်မှ သွားလေ၏။ ဆင်မင်းလည်း မဟာသု ဘဒ္ဒါနှင့် အခြံအရံဆင်ရှစ်ထောင်တို့မလာကုန်မီလျှင် သေလွန် နှင့်လေ၏။ မဟာသုဘဒ္ဒါမိဖုရားကြီးနှင့် ဆင်ရှစ်ထောင်တို့လည်း ဆင် မင်း၏ရန်သူကို အရပ်မျက်နှာ တောတောင်အနှံ့ ရှာဖွေသော်လည်း မမြင်ရလျှင် ဆင်မင်းရှိရာ ဝိလာသမာလကအရပ်သို့ ပြန်လာကုန်၏။ အလုံးစုံသောဆင်တို့သည် ဆင်မင်းသေလွန်သည်ကို တွေ့မြင်လျှင် မတည်တံနိုင်ဘဲ ငိုကြွေးမြည်တမ်းကြကုန်၏။ ဆင်မင်းကိုးကွယ် သော ပစ္စေကဗုဒ္ဓါတို့ထံသွား၍ "အရှင်တို့. အရှင်တို့ပစ္စည်း လေးပါးဒယကာကြီး ဆဒ္ဒန်ဆင်မင်းသည် သေလွန်ရှာပြီ။ အသုဘ ကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူပါကုန်"ဟု ပင့်လျှောက်ကုန်၏။ ပစ္စေကဗုဒ္ဓါငါးရာတို့လည်း ကောင်းကင်ခရီးဖြင့်ကြွ၍ ဝိသာ လမာလကအရပ် ဆင်မင်းရှိရာသို့ ဆင်းသက်ကြကုန်၏။ ထိုအခါ အား ကောင်းသော ဆင်ပျိုနှစ်ကောင်သည် ဆင်မင်းအလောင်းကို အစွယ် တို့ဖြင့်ချီမကာ ပစ္စေကာဗုဒ္ဓါတို့ကို ရှိခိုးစေပြီးလျှင် ထင်းပုံသို့တင်၍ မီးသဂြိင်္ုဟ်ခြင်း ပြုကြကုန်၏။ ရှင်ပစ္စေက ဗုဒ္ဓါတို့လည်း ညဥ့်သုံးယာမ်ပတ်လုံး ဆင်မင်း၏သင်းချိုင်း၌ တရားသရဇ္ဈာယ်ခြင်းကို ပြုကြကုန်၏။ ရှစ်ထောင်သော ဆင်တို့ သည်လည်း သင်းချိုင်းမီးကိုငြိမ်းစေပြီးလှ်ျ င်ရှိခိုး၍ သင်းချိုင်းပြာတို့ကို ဦးခေါင်းကြဲကာ မဟာသုဘဒ္ဒါ မိဖုရား ကြီးကို အမှူးပြုထား၍ မိမိတို့နေရာအရပ်သို့ ပြန်ကြကုန်၏။ သောဏုတ္တရမုဆိုးလည်း ခုနစ်ရက်မတိုင်မီလျှင် ဗာရာဏသီပြည် သို့ရောက်၍ သုဘဒ္ဒါမိဖုရားကြီးထံ သွားပြီးလျှင် "အရှင် မိဖု ရားကြီး ဆဒ္ဒန်ဆင်မင်းကို အကျွန်ုပ်သတ်ခဲ့ပါပြီ။ ဤအစွယ်တို့ ကား ထိုဆင်မင်း၏ အစွယ်တို့တည်း။ ဤသို့ဆင်မင်းက လျှောက် ထားပါဟု မှာလိုက်သည့်အတိုင်းလျှောက်ထားရပါသည်"ဟုဆို၍ မိဖုရားကြီးအား အစွယ်တို့ကို ဆက်သလေ၏။ သုဘဒ္ဒါမိဖုရားလည်း အရောင်းခြောက်ပါးရှိသောအစွယ်တို့ကို ပတ္တမြားစီချယ်သော ယပ်ဖြင့်ခံကာ ပေါင်ပေါ်၌ တင်ထားပြီးလျှင် ရှေးဘဝက ချစ်လှစွာသော ဆင်မင်း၏အစွယ်တို့ကို တစိမ့်စိမ့်ကြည့် ရှုသော် "ဪ ငါသည် အလွန်တင့်တယ်စမ္ပယ်လှသော ချစ်လင်ဆင်မင်း ကို အဆိပ်လူးသောမြှားဖြင့် ပစ်သတ်ရန် ခိုင်းစေမိ၏တကား"ဟု တွေးတောကြံမှိုင်ကာ ချစ်လင်ဆင်မင်းကို အောက်မေ့လွမ်းဆွတ်လှ သဖြင့် စိုးရိမ်ပူဆွေးခြင်းကို သည်းမခံနိုင်ရကား သုဘဒ္ဒါ မိဖုရားကြီးအမိုက်မသည် ထိုနေ့မှာပင် နှလုံးကွဲ၍ သေပွဲဝင်ရရှာ လေ၏။ ဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ များစွာသော သူတို့သည် သောတာပန်စသည်တို့၌ တည်ကုန်၏။ ရဟန်းမိန်းမငယ် ကား နောက်မှဝိပဿနာပွား၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ် ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကိဲုအနုသန္ဓေ ဆက်စပ်တော်မူလျက် ရဟန်းတို့ #ထိုအခါကသုဘဒ္ဒါမိဖုရားသည် ယခုအခါ ရဟန်းမိန်းမငယ် #သောဏုတ္တရမုဆိုးသည် ဒေဝဒတ် #ဆဒ္ဒန်ဆင်မင်းသည် ငါဘုရားဖြစ်လာပြီဟု ဇာတ်ကို ပေါင်း တော်မူသတည်း။ ဆောင်ပုဒ် ၁။ ရန်တုံ့မူခြင်း၊ ငြိုးထားခြင်း၊ ချင်းချင်းပျက်စီးရာ။ ၂။ ရန်ကိုရန်ခြင်း၊ မတုံ့နှင်း၊ ချင်းချင်းသည်းခံရာ။ ၃။ ဆုတောင်းတာလွဲ၊ သံသာထဲ၊ ဆင်းရဲရမည်သာ။ ၄။ သူကတပြန်၊ ငါတပြန်၊ လုပ်ပြန်ခံပြန်ကာ။ ၁။ ပဌမကျော် ဦးကြီးဖေ၏ ၅၅၀နိပါတ်တော်စကားပြေ အဋ္ဌမတွဲ ၂။ ညောင်ကန်ဆရာတော်ကြီး၏ ပုံတော်စုံ၅၅၀ဇာတ်ဝတ္ထုကြီး စတုတ္တတွဲဂ * မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် * အလင်းရောင်ဓမ္မ 💥💥💥💥💥💥💥💥💥💥💥💥💥 #Credit to Original Uploader. 💥💥💥💥💥💥💥💥💥💥💥

via အလင်းရောင် ဓမ္မ https://ift.tt/2Mfub6N

တရားဓမ္မနဲ့ တည့်အောင်နေပါ 🌷🌷🌷🌷🌷🌷🌷🌷 ဒီဘ၀ ဒီခန္ဓာကိုယ်ကြီးဟာ အသက်အရွယ်ကြီးလာရင် ချို့ယွင်းလာပါတယ် လောကလူတွေကိုကြည့်ပါ၊ အသက်ကြီးလာရင် မကောင်းတဲ့စာရင်းတွေက များလာပြီ။ အဘိုးကြီး အဘွားကြီးတွေ ပြောကြတယ်လေ၊ မျက်စိက မကောင်းဘူးတဲ့၊ မျက်စိမှုန်တယ်။ မကောင်းတာက မျက်စိတစ်ခုတည်း မဟုတ်ဘူး၊ နားကလည်း မကောင်းဘူးတဲ့ ဒူးကလည်း မကောင်းဘူးတဲ့၊ မကောင်းတာတွေ များလာတယ်။ ဒီ့ထက် ပိုများလာလို့ရှိရင် နှလုံးကမကောင်းဘူးတဲ့၊ ကျောက်ကပ်က မကောင်းဘူးတဲ့ အသည်းက မကောင်းဘူးတဲ့ ၊ ကောင်းတာတွေ ကုန်သွားရင် သေရတော့တာပဲ။ ပြီးတော့ .. မတည့်တဲ့ စာရင်းတွေလည်း များလာတယ်။ အသက်ကြီးလာရင် ၀က်သားမတည့်ဘူးတဲ့၊ ဘာဖြစ်လို့လဲ၊ သွေးတိုးရှိလို့။ သကြား မတည့်ဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ ဆီးချိုသွေးချိုရောဂါရှိလို့တဲ့၊ မတည့်တာတွေ များလာပါတယ်။ နောက်ဆုံး သုသာန်ရောက်သွားတော့ရတာပဲ။ ကိုယ်ခန္ဓာမှာ မကောင်းတာတွေကလည်း များလာတယ်၊ မတည့်တာတွေကလည်း များ လာတယ်၊ ဒါက သံဝေဂဖြစ်စရာတွေပါ။ ငယ်ငယ်တုန်းကတော့ မတည့်တာဆိုတာ မရှိဘူး၊ အကုန်စားလို့ အဆင်ပြေတယ်။ မကောင်းတာဆိုလည်း မရှိဘူး၊ အကုန်ကောင်းတယ်။ ဒီတော့ ဒီလိုဖြစ်လာတဲ့ အခြေအနေမျိုးကို ကိုယ်ကိုယ်တိုင် သိရမှာပါ။ ကျန်တာတွေက မကောင်းဘူး၊ ကျန်တာတွေက မတည့်ဘူးဆိုရင် “တရားဓမ္မ”နဲ့တော့တည့်အောင်နေရမယ်။ မျက်စိ မကောင်းချင်နေ၊ ခါး မကောင်းချင်နေ၊ နား မကောင်းချင်နေ၊ ကျောက်ကပ် မကောင်းချင်နေ၊ အသည်း မကောင်းချင်နေ ဘာပဲဖြစ်ဖြစ် စိတ်ကလေး ကောင်းနေဖို့ လိုပါတယ်။ ဒီစိတ်ကလေး ကောင်းနေအောင် ဘုရားအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်တဲ့ သဒ္ဓါတရားလေး ကောင်းနေဖို့ လိုပါတယ်။ အဲဒီ သဒ္ဓါတရားလေး ကောင်းနေလို့ရှိရင် .. ခန္ဓာကိုယ်ကြီးဆိုတာ အသက်ကြီးမှ သေသွားတဲ့သူက မကောင်းလို့ ပစ်ရတယ် ဆိုပေမယ့် အသက်ငယ်တဲ့သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းနေတုန်း ပစ်ထားခဲ့ရတာပါပဲ။ ဒီတော့ .. ကိုယ် သတိထားရမှာက အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ်ပဲ။ မြတ်စွာဘုရားဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီးနေထားတဲ့စိတ်ဟာ ဘယ်တော့မှ အောက်ကိုမရောက်စေဘူး။ ဒါကြောင့်မို့ တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားဓမ္မများကို လိုက်နာကျင့်သုံးပြီး နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။ ═════════════════ ပါမောက္ခချုပ်ဆရာတော် အရှင် နန္ဒမာလာဘိဝံသ Ashin Nandamãlãbhivamsa CR# {ပဋ္ဌာန်းပူဇော်ကြသူများ}

via အလင်းရောင် ဓမ္မ https://ift.tt/2H0nHo3

Monday, August 12, 2019

via အလင်းရောင် ဓမ္မ https://ift.tt/2H3VnkP

ယှဉ်ပြိုင်ခြင်း နိဂုံး 🙏🙏🙏🙏🙏 လောကမှာ လူတွေဟာ ယှဉ်ပြိုင်နေကြတာ ချည်းပဲ … အကုန်လုံး - တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ကြတယ် - တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယှဉ်ပြိုင်ကြတယ် - တစ်ရွာနဲ့ တစ်ရွာ ယှဉ်ပြိုင်ကြတယ် - ရပ်ကွက် တစ်ခုနဲ့တစ်ခု ယှဉ်ပြိုင်ကြတယ် - တစ်မြို့နဲ့ တစ်မြို့ ယှဉ်ပြိုင်ကြတယ် - တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယှဉ်ပြိုင်ကြတယ် အဲဒီ ယှဉ်ပြိုင်မှုဟာ ဘယ်တော့မှ နိဂုံးချုပ်မလဲ ? ဆိုတာ သိဖို့လိုတယ် မဟုတ်လား … လောကကြီးဟာ ယှဉ်ပြိုင်မှုနဲ့ သွားနေတာ … ယှဉ်ပြိုင်မှု ဆိုတာ ကောင်းတာ ရှိသလို မကောင်းတာတွေလည်း ဖြစ်ပေါ်စေတတ်တယ် … ဘုန်းကြီးတို့ တစ်တွေဟာ အကောင်းဆုံး ယှဉ်ပြိုင်မှုကို ရွေးချယ်နိုင်မှသာ ယှဉ်ပြိုင်မှုရဲ့ နိဂုံး - အဆုံး ကို ရောက်မှာ ဖြစ်တယ် … မြတ်စွာဘုရားက ဘုန်းကြီးတို့ကို ဆုံးမသြဝါဒ ပေးထားတဲ့ စကားလေး တစ်ခွန်းရှိတယ် … ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားကြရမယ် ဘာနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ရမလဲ … တစ်ဦးနဲ့ တစ်ဦး အဆင့်မြင့်သထက် မြင့် ကောင်းသထက် ကောင်း အောင် ကြိုးပမ်း အားထုတ်ခြင်းဖြင့် နောက်ဆုံး အမြတ်ဆုံး လွတ်မြောက်မှုကို ရရှိသွားအောင် ကြိုးစားကြရမယ် … ဒါ ယှဉ်ပြိုင်မှုကို ပြောတာ အဲဒီတော့မှ ယှဉ်ပြိုင်မှုရဲ့ နိဂုံးကို တွေ့မယ် … အဲဒီ နိဂုံးဟာ အေးချမ်းတဲ့ နိဂုံးပေါ့ … တကယ့်အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဟောကြားထားခဲ့တယ် … လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅၀၀ ) က အိန္ဒိယနိုင်ငံမှာ ကောသလတိုင်း ဆိုတာ ရှိတယ် … အဲဒီ ကောသလတိုင်းမှာ မြတ်စွာဘုရားက ရဟန်းတော်တွေနဲ့ ဒေသစာရီကြွတယ် … လမ်းမှာ တောအုပ်ကြီးတစ်ခု တွေ့တယ် အဲဒီတောအုပ်ကြီးထဲမှာ အင်ကြင်းပင် အများအပြားရှိတယ် … အဲဒီ အင်ကြင်းတောကြီးကို ကြည့်ပြီး မြတ်စွာဘုရား ရုတ်တရက် ပြုံးလိုက်တယ် … ဒီလို ပြုံးတာကို အနီးနားမှာ ခစားလုပ်ကျွေးနေတဲ့ အရှင်အာနန္ဒာမထေရ်က သတိထားမိလိုက်တယ် … ဘုရားရှင်တို့မည်သည် ဘယ်တော့မှ အကြောင်းမဲ့ ပြုံးတာ မရှိပါဘူး … အရှင်ဘုရား တဲ့ ဘာလို့ ပြုံးရသလဲ ဒီနေရာကို ကြည့်ပြီးတော့ ပြုံးတာဟာ အကြောင်းတစ်ခု ရှိပါသလား တဲ့ … မြတ်စွာဘုရားက - အာနန္ဒာတဲ့ ကဿပ ဘုရားရှင်လက်ထက်တုန်းက ဒီနေရာဟာ တကယ့်ကို စည်ကားတဲ့ မြို့ကြီး ဖြစ်ခဲ့တယ် … အဲဒီမြို့ကြီးမှာ ထူးထူးခြားခြား ယှဉ်ပြိုင်တဲ့ ဒကာတစ်ယောက် ရှိတယ် သူ့နာမည်က " ဂဝေသီ " လို့ ခေါ်တယ် … သူ့ အဖွဲ့ထဲမှာ လူ ၅၀၀ ပါတယ် … အဲဒီလူဟာ ဘုရားရဲ့ ဥပသကာ , ဘုရားကို ကိုးကွယ်သူလို့သာ ဆိုတယ် သူက ကိုယ်ကျင့်တရား ကောင်းသူ မဟုတ်ဘူး အကျင့်သီလ မပြည့်စုံဘူး … သူ့အဖွဲ့သား ၅၀၀ ဟာလည်း ကိုယ်ကျင့်သီလ မပြည့်စုံဘူးတဲ့ … ဂဝေသီ ဟာ စဉ်းစားတယ် သူစဉ်းစားပုံလေးက ကောင်းတယ် … ဒီလူတွေ ငါ့ကြောင့် ဗုဒ္ဓဘာသာ ဖြစ်ပြီး ဘုရားတရား ကိုးကွယ် လာတယ် … ငါက ကိုယ်ကျင့်သီလ မပြည့်စုံဘူး ငါ့အဖွဲ့သားတွေလည်း တစ်ယောက်မှ ကိုယ်ကျင့်သီလ မပြည့်စုံဘူး … ငါက ခေါင်းဆောင် ဆိုတော့ သူတို့နဲ့ မတူသင့်ဘူး ငါက တစ်ခုခုတော့ သာသင့်တယ် … သူတို့က သီလ မရှိဘူး ဆိုရင် ငါ သီလ ရှိသူဖြစ်အောင် လုပ်မယ် ဆိုပြီး ငါးပါးသီလကို တိတိကျကျ ဆောက်တည်ပြီး သီလ ရှိတဲ့ ပုဂ္ဂိုလ်အဖြစ် ကြေငြာလိုက်တယ် … သူ့နောက်က လူတွေလည်း ဟာ … တို့ရဲ့ ခေါင်းဆောင်ကြီး သီလ ရှိပြီ တို့လဲ သီလ ရှိအောင် လုပ်မယ် ဆိုပြီး ယှဉ်ပြိုင်တော့ တူသွားတယ်ပေါ့ … အရည်အချင်း တူတော့ မဖြစ်ဘူး ငါအိမ်ထောင်နဲ့ မနေတော့ဘူး ဆိုပြီး ဂဝေသီက အဗြဟ္မစရိယ သိက္ခာပုဒ် ကို ဆောက်တည်လိုက်တယ် … ကျန်သူတွေလည်း တို့ဆရာကြီးတောင် လုပ်နိုင်တယ် တို့လည်း ဆောက်တည်မယ် ဆိုပြီး အကုန်လုံး အိမ်ထောင်နဲ့ ခွာကြမယ်ပေါ့ … လူ ငါးရာ ကိုယ်ကျင့်သီလကို တိုးမြှင့် ဆောက်တည် လိုက်ကြတယ် … အဲဒါနဲ့ ဂဝေသီက စဉ်းစားပြန်တယ် အကုန်လုံး ငါနဲ့ တူနေပြီ သူတို့ထက် သာအောင် လုပ်မယ် ဆိုပြီး သူတို့က ညနေစာ စားတယ် … ဒီနေ့ကစ နေ့လွဲညစာ မစားတော့ဘူး ကျင့်လိုက်တယ် … ကျန်တဲ့ သူတွေကလည်း လိုက်ပြီးတော့ ယှဉ်ပြိုင်တယ် … ညနေစာ မစားတော့ဘူး ဆိုပြီး အကုန်ရှောင်လိုက်တော့ ဟာ ! ငါနဲ့သူတို့ တူနေပြန်ပြီ မတူစေရဘူး ဒီကောင်တွေ ငါလုပ်တာ မလုပ်နိုင်အောင် ငါလုပ်မယ် … ကဿပ ဘုရားရှင်ထံသွားပြီး ရဟန်းခံပေးပါ ဘုရား လို့ တောင်းဆိုတယ် … ဆံ , မုတ်ဆိတ်တွေ ပယ်ပြီး သင်္ကန်း ဝတ်လိုက်တယ် … သင်္ကန်းဝတ်ပြီး ကဿပဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းယူ တစ်ပါးထဲ ဆိတ်ငြိမ်တဲ့ အရပ်မှာ နိဗ္ဗာန်ကို ဦတည်ပြီး တရားဓမ္မကို ကျင့်ကြံ အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားတယ် … သူ့ကိုယ်သူ အကုန်လုံး သိသွားတယ် ငါ့ဘဝဟာ အပြီးသတ်သွားပြီ နောင်ဘဝဆိုတာ မရှိတော့ဘူး သူ့ရဲ့ နိဂုံးကို သူ မြင်လိုက်တယ် … အဲဒီအချိန် သူ့ဘက်က ယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီ … ကျန်တဲ့သူတွေက သူ့ကို အားကျတယ် ဆရာကြီးတောင် ဝတ်နိုင်သေးတာပဲ ဒို့ဘာလို့ မဝတ်နိုင်ရမှာလဲ … အားလုံး ကတုံးတုံးပြီး ဘုန်းကြီးဝတ်လာတဲ့ အခါကျတော့ ခေါင်းဆောင် ဂဝေသီ ရဟန်းက ခါတိုင်းလို စိတ် မရှိတော့ဘူး … လုံးဝ လွတ်လပ်တဲ့ ချမ်းသာကို ငါရထားသလို သူတို့တတွေ ရရှိရင်လည်း ကောင်းမှာပဲ တဲ့ … ဒါက ယှဉ်ပြိုင်မှု အဆုံးသတ်သွားတာ ဖြစ်တယ် ယှဉ်ပြိုင်မှုရဲ့ နိဂုံး သို့ ရောက်လာတယ် … အဲဒီတော့ သူက ကြိုးစားအားထုတ်ဖို့ တိုက်တွန်းတယ် … မကြာခင် သူ့တပည့်တွေလည်း ကိလေသာ အာသဝေါတွေ ကင်းကွာပြီး ရဟန္တာရှင်တွေ ဖြစ်သွားတယ် … အားလုံးဟာ လွတ်မြောက်မှု ဆိုတဲ့ အပေါ်မှာ တူညီတဲ့ နိဂုံးကို ရရှိသွားကြတယ် တဲ့ … အဲဒီလို ယှဉ်ပြိုင်မှုဟာ အင်မတန် မွန်မြတ်တဲ့ ယှဉ်ပြိုင်မှုနဲ့ ယှဉ်ပြိုင်လိုက်ကြတာ … နောက်ဆုံးမှာ ရဟန္တာဖြစ်ပြီး ဝိမုတ္တိသုခ ပန်းတိုင်ကြီးကို လှမ်းကိုင်နိုင်သည်အထိ သူတို့ဟာ ယှဉ်ပြိုင်ကြတယ် … နောက်ဆုံး ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားကြတယ် … အဲဒီ ယှဉ်ပြိုင်မှုကသာလျှင် အကောင်းဆုံး ယှဉ်ပြိုင်မှု ဖြစ်ပါတယ် … ဒါကြောင့်မို့ မြတ်စွာဘုရားရှင် က အဲဒီသုတ္တန် အဆုံးမှာ ချစ်သား ရဟန်းတို့ ဒီလို ကျင့်ကြရမယ် တဲ့ … သူများထက် သာအောင် ဆိုတာ - ကောင်းသထက် ကောင်းအောင် ကြိုးစားအားထုတ်ခြင်းဖြင့် အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို ရအောင် ယူနိုင်အောင် ကြိုးစားကြရမယ် လို့ … ဒီလိုသာ ယှဉ်ပြိုင်သင့်တယ် , ယှဉ်ပြိုင်ရမယ် လို့ ဒီသုတ္တန်မှာ မြတ်စွာဘုရားက ညွှန်ကြား ဆုံးမပေးတာ ဖြစ်ပါတယ် … ဒါ့ကြောင့် … ယှဉ်ပြိုင်မှုရဲ့ နိဂုံး ဆိုတာ ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ … အဲဒီ နောက်မှာ ယှဉ်ပြိုင်စရာ မရှိတော့ဘူးတဲ့ … လူတွေရဲ့ ယှဉ်ပြိုင်လို စိတ်ဟာ အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီ တဲ့ … ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိတ်သတ်တို့သည်လည်းပဲ … ယှဉ်ပြိုင်မှုရဲ့ နိဂုံးဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရောက်ရှိအောင် ဝိမုတ္တိသုခ ရရှိအောင် တစ်ဦးထက် တစ်ဦးသာအောင် , မွန်မြတ်သထက် မွန်မြတ်အောင် ကြိုးပမ်းအားထုတ်နိုင်ကြပါကုန်သတည်း … #ပါချူပ်_ဆရာတော်_ဘုရားကြီး Credit , Original Uploader

via အလင်းရောင် ဓမ္မ https://ift.tt/2TpsFQm

ပဟေဠိဆန်သော အဆုံးအမများ 🌷🌷🌷🌷🌷🌷🌷🌷 ၁။ တစ်နေ့ လက်ခုပ် သုံးခါတီး။ ၂။ ငါးဟင်းကြီးများ အမြဲစား။ ၃။ ရေအေး အခါခါသောက်။ ၄။ တောင်ဝှေးသုံးချောင်းထောက်။ အန္တရာယ်ကင်းပျောက်။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်။ ======================= ၁။ "တစ်နေ့လက်ခုပ်သုံးခါတီး"ဆိုသည်မှာ တစ်နေ့လျှင် သုံးကြိမ် ဘုရားရှိခိုးပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။ (အိပ်ယာထတစ်ကြိမ်၊ အလုပ်အကိုင်သွားခါနီးတစ်ကြိမ်၊ အိပ်ယာဝင်တစ်ကြိမ်)။ ===================== ၂။ "ငါးဟင်းကြီးများအမြဲစား" ဆိုသည်မှာ ငါးပါးသီလကို အမြဲလုံခြုံအောင် စောင့်ထိန်းပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ==================== ၃။ "ရေအေးအခါခါသောက်" ဆိုသည်မှာ အေးမြသော မေတ္တာ ဘာဝနာတရားကို အကြိမ်ကြိမ်ပွါးပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ===================== ၄။ "တောင်ဝှေးသုံးချောင်းထောက်" ဆိုသည်မှာ အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ-ကိုယ်စိုးကိုယ်ပိုင် ခိုင်မြဲသော အနှစ်သာရ ဘာမျှမရှိဟူသော လက္ခဏာရေးသုံးပါးကို မကြာမကြာ ဆင်ခြင်ပွါးများပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ===================== "အန္တရာယ်ကင်းပျောက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်" ဆိုသည်မှာ ထိုတရားလေးပါးကို ထိထိ ရောက်ရောက် လိုက်နာကျင့်သုံးနေပါက ဘဝမှာ ဘေးအန္တရာယ် ရန်စွယ်ဟူသမျှတို့ မကျမရောက် ကင်းစင်ပပျောက်ပြီး တဖြေးဖြေးနဲ့ နိဗ္ဗာန်ရောက် ပါမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ===================== အားလုံး လိုက်နာကျင့်သုံးနိုင်ကြပြီး သတ္တဝါ မှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ

via အလင်းရောင် ဓမ္မ https://ift.tt/33sAcT9

အဖိုးတန်လူသား •••••••••••••••••• သင် ဘာပဲစားစား သင်စားတဲ့ အစားအသောက်ထဲမှာ သူတစ်ပါးမျက်ရည်တွေ မပါဖို့လိုတယ်။ သင်ဘာတွေပဲ ပိုင်ဆိုင်ပိုင်ဆိုင် သင်ပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေထဲမှာ သူတစ်ပါးရပိုင်ခွင့်တွေ မပါဖို့လိုတယ်။ သင် ဘာလုပ်ငန်းပဲလုပ်လုပ် သင့်ရဲ့ လုပ်ငန်းတိုင်းဟာ အပြစ်ကင်းပြီး တရားမျှဖို့လိုတယ်။ သင့်ရုပ်အဆင်း လှလှ မလှလှ သင့်နှလုံးသားက လှပနေဖို့လိုတယ်။ သင့်ဘဝအဆင့်တန်း နိမ့်နိမ့် မြင့်မြင့် သင့်ကိုယ်ကျင့်တရား မြင့်မားနေဖို့လိုတယ်။ သင့် အသားရောင် ဖြူဖြူ မဲမဲ သင့်နှလုံးသားက ဖြူစင်နေဖို့လိုတယ်။ သင် ဘာစကားပဲပြောပြော သင်ပြောတဲ့ စကားက သူတစ်ပါးကို မထိခိုက်ဖို့လိုတယ်။ သင် ဘယ်လိုအဆောက်အအုံနဲ့နေနေ သင်နေတဲ့အိမ်က မိသားစု စည်းလုံးညီညွတ်နေဖို့ လိုတယ်။ သင် ဘယ်လိုအဝတ်စားပဲဝတ်ဝတ် သင့်ရဲ့ အတွင်းစိတ်ထားက သန့်ရှင်းလှပနေဖို့ လိုတယ်။ သင် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ သင့်ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို အတ္တ-ပရ မျှအောင် သုံးစွဲဖို့လိုတယ်။ သင်စိတ်ရှိသလောက် ဘယ်လိုပဲပျော်ပျော် သင့်အပျော်ထဲမှာ သူတစ်ပါးရဲ့ သောကတွေ မပါဖို့လိုတယ်။ သင်ဘယ်လောက်ပဲ ပေါ်ပြူလာဖြစ်နေ ဟိရိသြတ္တပ္ပကို လက်ကိုင်ထာပြီး သိက္ခာရှိရှိ ရပ်တည်ဖို့လိုတယ်။ သင် ဘယ်လိုဘွဲ့ဒီဂရီပဲရရ ရထားတဲ့ ဘွဲ့ဒီဂရီကို အသုံးချပြီး လူသားကောင်းကျိုး ဆောင်ရွက်ဖို့လိုတယ်။ သင် ဘယ်လိုရာထူးပဲရရ ရထားတဲ့ ရာထူးနဲ့တန်အောင် ပြည်သူ့ဝန်ကို ထမ်းဆောင်ဖို့လိုတယ်။ သင် ဘာတိုင်းရင်းသားဖြစ်ဖြစ် သင့်နဲ့ တစ်မြေထဲနေသူတွေအပေါ် ညီကိုမောင်နှမစိတ် ထားဖို့လိုတယ်။ သင် ဘာလူမျိုးပဲဖြစ်ဖြစ် လူမျိုးမတူသူတွေ အပေါ်မှာ လေးစားတတ်ဖို့ လိုတယ်။ သင် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် ဘာသာမတူသူတွေ အပေါ်မှာ အကြင်နာမေတ္တာထားဖို့လိုတယ်။ သင် ဘယ်နိုင်ငံသားဖြစ်ဖြစ် နိုင်ငံမတူသူ တွေအပေါ် မကျူးကျော် မစော်ကားဖို့လိုတယ်။ သင် ဘယ်အရပ်ဒေသမှာပဲနေနေ သင့် ပတ်ဝန်းကျင်ကလူတွေနဲ့ သဟဇာတဖြစ်အောင်နေဖို့လိုတယ်။ လူ့တန်ဖိုးဆိုတာ… သင်ဘယ်မှာနေတယ် သင့်မှာဘာရှိတယ် သင်ဘာဖြစ်တယ်ဆိုတာနဲ့ တိုင်းတာတာမဟုတ်။ သင်ဘယ်လို ပြုမူပြောဆိုနေထိုင်တယ် စိတ်နှလုံးကောင်း ဘယ်လောက်ရှိတယ် သင့်နှလုံးသားမှာ မေတ္တာကရုဏာဓာတ် ဘယ်လောက် ကိန်းအောင်းတယ်ဆိုတဲ့ သင့်ကိုယ်ကျင့်တရားနဲ့ တိုင်းတာ,တာ ဖြစ်တယ်။ ကိုယ်ကျင့်သိက္ခာက နတ္ထိ စိတ်နှလုံးကောင်းက ဝလုံး မေတ္တာကရုဏာက ဇီးရိုးအမှတ်ပြနေရင် သင့်ကို ဖိုးသုညလို့ပဲ သတ်မှတ်ကြလိမ့်မယ်။ သင့်ရှေ့မှာ တန်ဖိုးရှိတဲ့ ကိန်းဂဏန်းတွေ များများဖြည့်နိုင်အာင် ကြိုးစားလိုက်ပါ။ Credit : ဒေါက်တာအရှင်ကုမုဒ (ဗောဓိတထောင်) လန်ဒန်-အင်္ဂလန်

via အလင်းရောင် ဓမ္မ https://ift.tt/2P1D4Dw