Tuesday, August 13, 2019

အငြိုးတရားအလွန်စိုးရွားလို့ ဖယ်ရှောင်ရှားပါ # ဆဒ္ဒန်ဆင်မင်းဇာတ်တော် # 🔶🔶🔶🔶🔶🔶🔶🔶🔶 နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည် ရဟန်းမိန်းမငယ် သည် တနေ့သ၌ ရဟန်းမိန်မတို့နှင့်အတူ တရားနာသွားရာ တန်ဆာဆင် အပ်သော ပလ္လင်တော်၌ နေတော်မူလျက် တရားဟောနေသော မြတ်စွာ ဘုရား၏ တင့်တယ်တော်မူခြင်းကို ဖူးမျှော်ကြည်ညိုလျက် ငါသည် သံသရာ၌ကျင်လည်ရာဝယ် ထိုယောက်ျားမြတ် မယားဖြစ်ဖူး သလောဟု ဇာတိဿရဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်သော် ထိုယောက်ျားမြတ်သည် ဆဒ္ဒန်ဆင်မင်း ဖြစ်သောအခါ မယားဖြစ်ဖူး ကြောင်းကို မြင်လျှင် နှစ်သက်ဝမ်းမြောက်ခြင်း အားကြီးသဖြင့် ပြင်းစွာရယ်လေ၏။ တဖန် မယားဖြစ်သည်ကားမှန်၏၊ မယားတို့မည်သည် လင်၏အစီး အပွားကို အလိုရှိသည်ကား နည်းပါးလှ၏။ ငါသည် ထိုယောက်ျား မြတ်၏ အစီးအပွားကို အလိုရှိသလော၊ ပျက်စီးခြင်းကို အလိုရှိ သလောဟု ကြည့်ရှုဆင်ခြင်ပြန်သော် အစီးအပွားကို အလိုမရှိ အနည်းငယ်မျှသော အပြစ်ကိုရန်ငြိုးပြုကာ သောဏုတ္တ ရမုဆိုး ကြီးကိုလွှတ်၍ အဆိပ်လူးသောမြှားဖြင့် ပစ်သတ်စေခဲ့ဘူးသည် ကို မြင်ပြန်လျှင် ယူကျုံးမရ ဝမ်းနည်းစိုးရိမ်လှသဖြင့် သည်း ထန်စွာ ငိုကြွေးပြန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းမိန်းမငယ်ကိုမြင်လျှင် ပြုံးတော်မူ၏။ ပြုံးတော်မူခြင်းအကြောင်းကို ရဟန်းတို့ လျှောက်ထားကြရာ "ရဟန်းတို့ ဤ မိန်းမငယ်သည် ရှေးအခါ ငါဘုရား၌ ပြုခဲ့ဘူးသော အပြစ်ကို မြင်၍ သည်းစွာငို ကြွေးသည်" ဟု မိန့်တော်မူပြီးလျှင် အောက်ပါအတိတ်ဇာတ်ကို ဆောင်တော် မူသတည်း။ လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်ဝယ် ဆဒ္ဒန်အိုင်ကိုမှီ၍ ရှစ်ထောင်သော ဆဒ္ဒန်ဆင်မျိုးတို့သည် နေကုန်၏။ ထိုဆင်တို့သည် တန်ခိုးကြီးကုန်၏။ ကောင်းကင်သို့ပျံသွားနိုင်ကုန်၏။ ထိုအခါ ဘုရားလောင်းသည် ထိုဆင်တို့၏ ခေါင်းဆောင်ဆင်မင်း၏သား ဖြစ်၏။ ထိုဘုရားလောင်းသည် ကိုယ်လုံးဖြူ၏၊ နီသောလက်ခြေ ရှိ၏။ ကြီးပြင်းလာသောအခါ ရှစ်ထောင်သောဆင်တို့၏ မင်း ဖြစ်၏။ ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို ပူဇော်၏။ စူဠသုဘဒ္ဒါ၊ မဟာသုဘဒ္ဒါဟု မိဖုရား နှစ်ဦး ရှိ၏။ ရွှေဂူ၌နေ၏။ ဆဒ္ဒန်အိုင်ကြီးကား ပတ္တမြားအဆင်းကဲ့သို့ ကြည်လင်သောရေ ရှိ၏။ ကြာ သိမ်တော၊ကြာညိုတော၊ ကြာနီတော၊ ကြာပုဏ္ဍရိက်တော၊ ကြာပဒုမာနီတော၊ ကြာပဒုမာဖြူတော၊ ကြာကုမုဒ္ဒရာတော၊ အရောရော ကြာတောတို့သည် အသီး သီးခြံရံကြကုန်၏။ ထိုမှတဖန် သလေးစပါး တော၊ ပန်းတော၊ သစ်သီးတော၊ ကြံတော၊ ငှက်ပျောတော၊ အင်ကြင်းတော၊ ပိန္နဲတော၊ မန်ကျည်းတော၊ သရက် တော၊ ဝါးတောစသော တောအထပ်ထပ် တို့သည် ခြံရံ၍ တည်ကုန်၏။ ထိုတောတို့အပြင်ကရံလျက် စူဠကာလတောင်၊ မဟာကာလတောင်၊ ဥဒက ပဗ္ဗတတောင်၊ စန္ဒပဿတောင်၊ သူရိယပဿတောင်၊ မဏိပဿတောင်၊ သုဝဏ္ဏ ပဿတောင်ဟူသော တောင်စဉ်ခုနစ်ထပ်တို့သည် တတောင်ထက် တတောင် မြင့်ကာ အဆင့်ဆင့် တံတိုင်းကြီးတို့ပမာ တည်ကြကုန်၏။ ထိုဆဒ္ဒန်အိုင်ကြီး၏ အရှေ့မြောက်ထောင့်အရပ်၌ မြတောင်ကဲ့ သို့ အလွန် ကြီးမားတင့်တယ်သော ပညောင်ပင်ကြီး တည်ရှိလေ၏။ ထိုဆဒ္ဒန်အိုင်ကြီး၏ အနောက်အရပ် ရွှေတောင်၌ကား ရွှေဂူကြီးသည် တည်ရှိ၏။ ဆဒ္ဒန်ဆင်မင်းသည် မိုးလအခါ ဆင်အပေါင်းခြံရံလျက် ရွှေ ဂူ၌နေ၏။ နွေလအခါ၌ကား ရေမှတက် လာသော လေပြေလေညှင်းကိုခံလျက် ပညောင်ပင်ရင်းဝယ် နေ၏။ တနေ့သ၌ အင်ကြင်းတောသည် ပင်လုံးကျွတ်ပွင့်လေ၏။ ထိုအခါ ဆင်ပျို ဆင်ရွယ်တို့သည် ဆဒ္ဒန်ဆင်မင်းအား အင်ကြင်းတော တတောလုံးပွင့်နေကြောင်း ကို လျှောက်ထားကြကုန်၏။ ဆဒ္ဒန်ဆင်မင်း သည် ဆင်အပေါင်းခြံရံလျက် အင်ကြင်းတောသို့ သဘင်ကစားသွားရာ ကောင်းစွာပွင့်နေသော အင်ကြင်းပင် ကြီးတပင်ကို ဦးကင်းဖြင့်တိုက်လေ၏။ ထိုအခါ စူဠသုဘဒ္ဒါသည် ဆင်မင်း၏နံပါး လေညာ၌နေ၏။ မဟာသုဘဒ္ဒါကား လေကျေ၌နေ၏။ စူဠသုဘဒ္ဒါကိုယ်ပေါ်၌ သစ်ခက်ခြောက်၊ သစ်ရွက်ရော်နှင့် ခါချဉ်ထုပ်တို့သည် ကျကုန်၏။ မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်၌ကား ပန်းဝတ်မှုံ ဝတ်ဆံပွင့်ချပ်တို့သည် ကျကုန်၏။ ထိုအခါစူဠသုဘဒ္ဒါသည် ဆင်မင်းကား မိမိချစ်မြတ်နိုးသော မယားအပေါ်၌ ပန်းဝတ်မှုံ ဝတ်ဆံပွင့်ချပ်တို့ကို ကျစေ၏။ ငါ့အပေါ် ၌ကား သစ်ခက်ခြောက်၊ သစ်ရွက်ရော်နှင့် ခါချဉ်ထုပ်တို့ကို ကျစေ ကုန်၏ဟု အထင်အမြင်လွဲကာ ရှိစေဦး နောင်သိရလိမ့်မည်ဟု ဆင် မင်းအပေါ်၌ ရန်ငြိုးထားလေ၏။ အခါတပါးဝယ် ဆင်မင်းသည် ရေချိုးရန် အခြံအရံနှင့်တကွ ဆဒ္ဒန်အိုင်သို့ ဆင်းသက်လေ၏။ ဆင်မင်းနှင့် စူဠသုဘဒ္ဒါ၊ မဟာသုဘဒ္ဒါတို့သည် ရေချိုးပြီးလျှင် အိုင်မှတက်ကြကုန်၏။ ရှစ်ထောင်သောဆင်တို့သည်လည်း ရေကစားပြီးလျှင် ပန်းတို့ကို ယူဆောင်ခဲ့ကြ၍ ဆင်မင်းနှင့် ဆင်မိဖုရားကြီးတို့ကို တန်ဆာဆင်ကုန် ၏။ ဆင်တစီးသည် ပွင့်ချပ်ခုနစ်ဆင့်ရှိသော ကြီးသော သတ္တုဒ္ဒယ ပဒုမာကြာ ပွင့်ကြီးကိုရ၍ ဆင်မင်းအား ဆက်သလေ၏။ ဆင်မင်းလည်း မိဖုရားကြီးမဟာ သုဘဒ္ဒါကို ပေးပြန်၏။ ထိုအခါ စူဠသုဘဒ္ဒါသည် ပဒုမာကြာပန်းကြီးလည်း ငါ့အားမပေး၊ ချစ်မြတ်နိုးသော မဟာသုဘဒ္ဒါအားပေးသည်ဟု နှလုံးမသာမယာ အထင်လွဲကာ ဆင်မင်း၌ ရန်ငြိုးထားပြန်၏။ တနေ့သ၌ ဆင်မင်းသည် ချိုလှသော သစ်သီးကြီးငယ်တို့ကို လည်းကောင်း၊ ကြာစွယ်ကြာရင်းတို့ကိုလည်းကောင်း ရ၍ ပျားရည် ဖြင့်လူးကာ ငါးရာသောပစ္စေ ကဗုဒ္ဓါတို့အား လှူဒါန်းကျွေးမွေး လေ ၏။ စူဠသုဘဒ္ဒါလည်း မိမိရသောအဘို့အစု ကို ပစ္စေကာဗုဒ္ဓါတို့အား လှူဒါန်းပြီးလျှင် "အရှင်တို့ အကျွန်ုပ်သည် ဤဘဝမှ စုတေသည်ရှိ သော် မဒဒရာဇ်မင်းမျိုး၌ သုဘဒ္ဒါမည်သော မင်းသမီးဖြစ်၍ အရွယ် ရောက်လျှင် ဗာရာဏသီမင်းကြီး အလွန်ချစ်မြတ်နိုးသော မိဖုရားကြီး ဖြစ်ရပါလို ၏။ မင်းကိုနှစ်သက်အောင်ပြုစွမ်းနိုင်၍ မင်း အားပြောကြားသဖြင့် မုဆိုးတ ယောက်ကို စေလွှတ်ကာ ဤဆဒ္ဒန်ဆင်မင်းကို အဆိပ်လူးသောမြှားဖြင့် ပစ်သတ်ကာ အရောင်ခြောက်ပါး ရှိသောအစွယ်တို့ကို ယူနိုင်သည် ဖြစ်ရပါလို ၏"ဟု ဆုတောင်းလေ၏။ စူဠသုဘဒ္ဒါလည်း ဆုတောင်းပြီးလျှင် အစာမစားဘဲနေသဖြင့် တဖြည်းဖြည်း ခြောက်ကပ်ပြီးလျှင် သေလွန်လေ၏။ မိမိဆုတောင်း သောအတိုင်း မဒ္ဒရာဇ်မင်း၏ မိဖုရားကြီးဝမ်း၌ဖြစ်၍ သုဘဒ္ဒါဟူ၍ ပင် အမည်မှည့်ကြကုန်၏။ အရွယ်ရောက် သောအခါ သုဘဒ္ဒါမင်းသမီးကို ဗာရာဏသီမင်းကြီးအား ပေးကုန်၏။ ဗာရာဏ သီမင်းကြီးလည်း အလွန်ချစ်မြတ်နိုးတော်မူသဖြင့် တသောင်းခြောက်ထောင် သော မိန်းမတို့၏ အကြီးအမှူး မိဖုရားကြီးအရာ၌ ထားလေသည်။ ရှေး ဘဝက အဖြစ်အပျက်ကိုသိသော ဇာတိဿရဉာဏ်ကို ရလေ၏။ တနေ့သ၌ သုဘဒ္ဒါမိဖုရားကြီးသည် ဇာတိဿရဉာဏ်ဖြင့် အောက်မေ့ဆင် ခြင်၍ ငါကားဆုတောင်းပြည့်ခဲ့ပြီ။ ငါ့ရန်သူဖြစ်သော ဆဒ္ဒန်ဆင်မင်း၏ အစွယ်ကို ဆောင်ယူစေမည်ဟု ကြံစည်လျက် ကိုယ်ကိုဆီ၊ နနွင်းလိမ်းကျံလျက် ညစ်နွမ်း သောအဝတ်ကို ဝတ်ပြီးလျှင် ဖျားနာချင် ဟန်ဆောင်လျက် ကြက်သရေတိုက်ခန်း ဝယ် ညောင်စောင်းငယ်၌ အပ်လေသည်။ ဗာရာဏသီမင်းကြီးသည် ခစားလာ ရာ၌ သုဘဒ္ဒမိဖုရား ကြီးကိုမမြင်လျှင် မေးလေ၏။ ဖျားနာနေကြောင်း လျှောက် ထားကြကုန်၏။ ထိုအခါ မင်းကြီးသည် ကြက်သရေတိုက်ခန်းသို့ဝင်၍ ညောင် စောင်းငယ်၌ ထိုင်ပြီးလျှင် မိဖုရားကြီး၏ကျောကို လက်တို့ ဖြင့်သပ်လျက် "အို သုဘဒ္ဒါ သင်မိဖုရားကြီးကား အဘယ်ဝတ္ထုကို လို၍ စိုးရိမ်ပူပန်သနည်း။ သင်ကား ဖက်ရွက်လျော်ကဲ့သို့ ဖြော့ တော့သော ကိုယ်ရှိ၏၊ လက်ဖြင့်ဆုပ်နယ်ထားသော ပဒုမာကြာပန်း ကဲ့သို့ ညှိုးနွမ်းဘိ၏" ဟု အသာအယာ ချော့မော့၍ မေးလေ၏။ ထိုအခါ သုဘဒ္ဒါမိဖုရားကြီးသည် မင်းကြီးအား "မြတ်သောမင်းကြီး အကျွန်ုပ်အား ချင်ခြင်းဖြစ်ပါ၏။ အိမ်မက် ထဲ၌ အံ့ဖွယ် သရဲရှိလှ၏။ အကျွန်ုပ်၏ ချင်ခြင်းကား မရလွယ်ပါ"ဟု ဖြားယောင်းကာ လျှောက် ထားလေသည်။ ထိုအခါ မင်းကြီးသည် မိဖုရားအား "အို သုဘဒ္ဒါ လောက၌ လူတို့လိုချင်တောင့်တအပ်သော ရတနာ ခုနစ်ပါး၊ ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏။ ထိုရတနာခုနစ်ပါး၊ ကာမဂုဏ်ငါးပါးတို့သည် ငါ့မှာ များပြားလှကုန်၏။ သင်ချင် ခြင်းဖြစ်သောဝတ္ထုကို ငါပေးမည်"ဟု အလိုရှိ ရာပြောပါဟု ဝန်ခံ ပြောဆိုလေ၏။ ထိုအခါ သုဘဒ္ဒါမိဖုရားကြီးသည် "အရှင်မင်းကြီး အကျွန်ုပ် ၏ ချင်ခြင်းကား အလွန်ရခဲပါ၏။ ပြောဆိုလျှောက်ထား၍ မဖြစ်နိုင်ပါ။ မင်းကြီး၏နိုင်ငံ တွင်းရှိသော မုဆိုးတို့ကို စည်းဝေးစေပါ လော့။ ထိုမုဆိုးတို့အလယ်၌ အကျွန်ုပ်၏ ချင်ခြင်းကို ပြောကြား ပါမည်"ဟု လျှောက်ထား၏။ ထိုအခါ မင်းကြီးသည် ကြက်သရေတိုက် ခန်းမှထွက်ခဲ့၍ အမတ်တို့ကို ခေါ်စေပြီးလျှင် ကာသိတိုင်း အတွင်း ရှိ မုဆိုးတို့ကို စည်းဝေးစေရန် စည်လည်ကြလော့ဟု ခိုင်းလေ၏။ အမတ်တို့လည်း စည်လည် ကြကုန်၏။ မကြာမြင့်မီ မုဆိုးတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ယူဆောင်ကာ မင်းကြီးထံ ဆက်သ၍ စည်းဝေးကြကုန်၏။ မုဆိုးတို့သည် ခြောက်သောင်းမျှ ရှိကုန်၏။ ထိုအခါ မင်း ကြီးသည် မိဖုရား ကြီးအား "အို မိဖုရားကြီး မုဆိုးတို့ စည်းဝေးမိကြကုန်ပြီ။ ထိုးပစ်သတ်ဖြတ်ရာ၌ တဘက်ကမ်းခတ် တတ် မြောက်ကြကုန်၏။ တောအကြောင်း သားအကြောင်းကို ကောင်း ကောင်းသိကုန်၏။ မကြောက်မရွံ့ရဲရင့်ကုန်၏။ ငါ့အတွက် အသက်ကို စွန့်နိုင်ကုန်၏"ဟု မုဆိုးတို့ စည်းဝေးရောက်လာကြောင်းကို ပြောဆိုလေ၏။ ထိုအခါ သုဘဒ္ဒါမိဖုရားကြီးသည် မုဆိုးတို့ကို ခေါ်၍ မုဆိုးတို့အား "အို မုဆိုး သားတို့ ဤအရပ်သို့ စည်းဝေး ရောက်လာကြသော သင်တို့သည် ငါ့စကားကို နားထောင်ကြကုန် လော့။ အစွယ်၌ အရောင်ခြောက်ပါးရှိ၍ ကိုယ်လုံး ဆွတ်ဆွတ် ဖြူသော ဆင်မင်းကို အိမ်မက်၌ မြက်မြင်ပါ၏။ ထိုဆင်မင်း၏အစွယ်ကို ရလိုပါ ၏။ မရသည်ရှိသော် ငါသေရလတံ့"ဟု မိမိ၌ဖြစ်လာသော ချင်ခြင်းကို ပြောကြား လေ၏။ မုဆိုးသားတို့သည် မိဖုရားကြီး၏စကားကိုကြားလျှင် ဆင်မင်း၏တွေ့လိုရာ အရပ်ကို "အရှင်မိဖုရားကြီး တူရူအရပ် လေး မျက်နှာ အထောင့်အရပ် လေးမျက်နှာ အထက်အောက် နှစ်မျက်နှာ အားဖြင့် အရပ်ဆယ်မျက်နှာရှိခဲ့ရာ အရှင်မ မြင်မက်သော ဆင်မင်း ကား အဘယ်မျက်နှာ၌ တည်ရှိပါသနည်း"ဟု မိဖုရားကြီးအား မေး လျှောက်ကုန်၏။ မိဖုရားကြီးသည် တစုံတခုသော စကားကို မဖြေကြားသေးဘဲ မုဆိုးတို့ကို အသေအချာကြည့်ရှုပြန်ရာ သောဏုတ္တရမုဆိုးကြီး ကို မြင်လေ၏။ ထိုမုဆိုးကြီး ကား ခြေဘဝါး လက်ဘဝါး ကြီး၏၊ ထမင်းထုပ်ကဲ့သို့ ဖုထစ်သော သလုံးသားရှိ၏၊ ဒူးကြီး၏၊ နံရိုး ကြီး၏၊ ထူထပ်၍ ဖွားရရားကျသော မုတ်ဆိတ်ကျင်စွယ်ရှိ၏၊ မျက်စိ ကြောင်၏၊ မကောင်းသော ကြောက်မက်ဖွယ်သော အဆင်းသဏ္ဌာန်ရှိ၏၊ သူတပါးထက် ဦးခေါင်းတလုံးသာသာ မြင့်အောင် ထွားကျိုင်း၏၊ ရှေးဘဝက ဆင်မင်း၏ရန်သူဖြစ်ဘူးသော မုဆိုးကို မြင်၍ ဤမုဆိုး သည် ငါ၏စကားကို လိုက်နာခြင်းငှါ တတ်နိုင်လတံ့ဟု ကြံ၍ မင်း ကို ခွင့်ပြုစေပြီးလျှင် ဘုံခုနစ်ဆင့် ရှိသော ပြာသာဒ်၏အထက် သို့ မုဆိုးအား ခေါ်ဆောင်၍ လေသွန်တံခါးကိုဖွင့်ပြီး လျှင် မြောက်ဟိမဝန္တာသို့ လက်ညှိုးညွှန်ပြကာ "အို မုဆိုးသား သင်သည်ဤ အရပ်မှ မြောက်အရပ်တည့်တည့် ဖြောင့်ဖြောင့်သွားလေ။ ကြီးကျယ်လှသော တောင်စဉ်ခုနစ်ထပ်တို့ကို ကျော်လွန်၍သွားရာ သုဝဏ္ဏပဿတောင်ကား ခြောက်ထပ်သောတောင်တို့ထက် အမြင့်ဆုံး ဖြစ်၏။ ပန်းတောလည်းရှိ၏၊ ကိန္န ရာတို့ ကျက်စား မြူးထူးရာ လည်း ဖြစ်၏။ ထိုတောင်သို့တက်၍ တောင်ခြေရင်းကို ကြည့်လော့။ ထိုတောင် ခြေရင်းဝယ် ပါးပျဉ်းရှစ်ထောင်ရှိ၍ စိမ်းညိုသော ပညောင်ပင်ကြီး ကို မြင်ရလိမ့်မည်။ ထိုပညောင်ပင်ရင်း မြစ်ပျဉ်းကြား၌ ကိုယ် လုံး ဆွတ်ဆွတ်ဖြူသော ဆင်မင်းသည် နွေအခါ ရေထဲမှတက်လာသော လေ ညှင်းကို ခံယူလျက် နေ၏။ ထိုဆင်မင်းကို ရှစ်ထောင်သော ဆင်တို့သည် စောင့်ကုန်၏။ ရထားလှည်းသန် သဖွယ် စွယ်စုံ ရှိကုန်၏၊ လေကဲ့သို့ လျင်မြန်စွာ လိုက်၍ ရန်သူကို သတ်နိုင်ကုန် ၏။ ထိုဆင်တို့သည် ပြင်းထန်စွာ ကြောက်ဘွယ်သော ထွက်သက် ဝင်သက်ကို ရှူထုတ်ကုန်၏။ မြက်သစ် ရွက် တုန်လှုပ်ခြင်းကိုလည်း အမျက်ထွက်ကုန်၏။ ထိုအရပ်သို့ လာ ရောက်သောလူကို ဖွဲပြာဖြစ်အောင် ပြုလုပ်နိုင်ကုန်၏၊ မြူမျှပင် အကြွင်းအကျန်မရှိရာ"ဟု လမ်းညွှန်ကာ ကြောက်မက်ဘွယ်ရှိသော ဘေးရန်တို့ ကိုလည်း အလုံးစုံပြောကြားလေ၏။ မိဖုရားကြီး၏စကားကိုကြားလျှင် သောဏုတ္တရမုဆိုးသည် သေဘေးမှ ကြောက်သဖြင့် မိဖုရားကြီးအား "အို မိဖုရားကြီး မင်းကြီးနန်းတော်၌ ရွှေ ငွေ ပုလဲ ပတ္တမြား ကျောက်မျက်ရွဲစသော တန်ဆာတို့ကား များပြားလှကုန်၏။ သို့ပါလျက်ဆင်စွယ်တန်ဆာ ဖြင့် အဘယ်သို့ပြုအံ့နည်း။ မိဖုရားကြီး ဆင်မင်းကို သတ်စေ လို၍လော၊ သို့မဟုတ် တန်ဆာကိုအကြောင်းပြကာ မုဆိုးတို့ကို သေစေ လို၍လော" ဟု လျှောက်ထား မေးမြန်းလေ၏။ ထိုနောက်မှ သုဘဒ္ဒါမိဖုရားသည် မိမိ၏ကြောင်းရာစုံလင်ကို မိုဆိုးအား "အို မုဆိုးသား ငါသည် ဆင်မင်းအားငြူစူလှ၏၊ စိတ်ဆင်းရဲလှ၏၊ ဆင်မင်းပြုသော ရန်ကို အဖန်ဖန် အောက်မေ့လျက် ငြူစူသဖြင့် စိတ်ပျံ့လွင့်၏၊ ခြောက်ကပ်လှ၏၊ ငါ့အကျိုးစီးပွား ကိုပြုပါ။ သင့်အား တစ်နှစ်လျှင် အခွန်တစ်သိန်းစီထွက်သော ရွာ ကြီးငါးရွာကိုဆုပေးမည်"ဟု အကြောင်းစုံပြော၍ ဆုဖြင့် ဖြား ယောင်းပြီးလျှင် "အို မုဆိုး အမှန်ကို ငါပြောမည်၊ အိမ်မက် မြင်မက်သည်မဟုတ်၊ ဇာတိဿရဉာဏ်ဖြင့် သိသည်။ ငါသည် ဆဒ္ဒန်ဆင် မင်းကိုသတ်၍ အစွယ်ကိုယူနိုင်ရလို၏ဟု ရှေးဘဝ က ပစ္စေကဗုဒ္ဓါတို့ အား လှူဒါန်း၍ ဆုတောင်းခဲ့ဘူးပြီ။ ငါတောင်းခဲ့သော ဆုအချို့ လည်း ပြည့်စုံပြီ၊ ဤကိစ္စလည်း မုချပြည့်စုံလတံ့၊ သင်သွားပါ၊ မကြောက်ပါလင့်" ဟု မုဆိုးကို အားပေးကာ နှစ်သိမ့်စေ၏။ မုဆိုးလည်းအားတက်လျက် မိဖုရား၏စကားကို ဝန်ခံပြီးလျှင် ဆင်မင်း၏နေ ရာအကြောင်းစုံကို "အို မိဖုရားကြီး ဆင်မင်းသည် ဘယ်အရပ်၌ နေသနည်း၊ ဘယ်အရပ်၌ တည်နေရန် ကပ်သနည်း၊ ရေချိုးသွား သောလမ်းကား အဘယ် နည်း၊ အဘယ်သို့ ရေချိုးသနည်း၊ အဘယ်သို့ သိနိုင်အံ့နည်း"ဟု အကြောင်းစုံ ပြောကြားရန် မေးမြန်းတောင်း ပန်လေ၏။ ထိုအခါ မိဖုရားကြီးသည် ဇာတိဿရဉာဏ်ဖြင့် ဆင်ခြင်ကာ မုဆိုးကြီးအား "အို မုဆိုးကြီး ဆင်မင်းနေရာအနီး၌ ဆဒ္ဒန် အိုင်ကြီးရှိ၏၊ ပျော်ဘွယ်ရာကောင်း၏၊ သာယာသော ရေဆိပ်ရှိ၏၊ ရေ များလှ၏၊ ကြာမျိုးငါးပါး ပွင့်လျက်ရှိ၏၊ ပျားပိတုန်း တို့ ကျက်စားရာဖြစ်၏၊ ထိုအိုင်ကြီး၌ ဆင်မင်းရေချိုး၏၊ ရေချိုးပြီး လျှင် ကြာပန်းစ သော ရေပန်း ကြည်းပန်းတို့ကို ဆင်မြန်းလျက် တကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်မင်းသည် ဝမ်းမြောက်ဝမ်းသာ သဗ္ဗဘဒ္ဒါမည်သော မိဖုရားကြီးကို ရှေ့ကထား ၍ မိမိနေရာ အရပ်သို့ သွား၏"ဟု တလုံးမကျန် ခရေစေ့တွင်းကျပြောကြားလေ၏။ ထိုအခါ မုဆိုးကြီးသည် "အရှင်မ. ကောင်းပြီ၊ ဆင်မင်းကို သတ် ပြီးလျှင် ဆင်စွယ်တို့ကိုယူ၍ဆက်သပါမည်"ဟု ဝန်ခံလေ၏။ ထိုအခါ မိဖုရားကြီးသည် မုဆိုးကြီး၏စကားကို ကြားလျှင် ငါ့အကြံ အောင်တော့မည်၊ ငါ့ရန်သူ ပျက်စီး တော့မည်ဟု ဝမ်း မြောက်ဝမ်း သာဖြစ်၍ မုဆိုးကြီးအား ချက်ချင်း အသပြာ တထောင် ပေးကာ "အို မုဆိုး သွားဦးလော့၊ ယနေ့မှ ခုနစ်ရက်မြောက်နေ့၌ သွားရမည်၊ လက် နက်ရိက္ခာအလုံးစုံ စီမံထားမည်"ဟု မှာထား၍ လွှတ်လိုက်၏။ ထိုနောက် မိဖုရားသည် ပန်းပဲတို့ကိုခေါ်၍ ပဲခွပ် ပုဆိန် ပေါက်တူး ဆောက် ဆောက်ပုတ် ဓားမ တံစဉ် သံမယ်န လွှ သံတံတင်း ကက္ကုဆူးတို့ကို လုပ်ရန် စီမံလေ၏။ နောက်တဖန် သားရေနယ်သမား တို့ကို ခေါ်၍ သားရေအိတ်ကြီး သားရေလွန်ကြီး သားရေလွန်အငယ် ဆင်ခြေဘိနပ် သားရေထီးတို့ကိုလုပ်ရန် စီမံလေ၏။ ပန်းပဲနှင့် သားရေနယ်သမားတို့လည်း လျင်မြန်စွာလုပ်၍ ဆက်သ ကြကုန်၏။ နောက်ရက်ရှည်လများ စားနိုင်ရန် စားစရာများကို လိုလေသေး မရှိ အောင် စီမံလေ၏။ အားလုံးခုနစ်ရက်အတွင်း ပြည့်စုံလေ၏။ ခုနစ်ရက်မြောက်နေ့၌ သောဏုတ္တရမုဆိုးသည် သားမယားတို့ကို မှာထား ပြီးလျှင် ခရီးဆောင်ပစ္စည်းတို့ကိုယူ၍ လာပြီး မိဖုရားကို ရှိခိုးလျက်နေ၏။ မိဖုရားလည်း "အမောင်မုဆိုး အပြည့်အစုံထည့်ပြီးပြီ၊ ဤသားရေအိတ်ကြီး ကိုယူ၍ သွားလော့" ဟု ဆို၏။ သောဏုတ္တရမုဆိုးကား ခွန်အားကြီး၏။ ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင်၏။ ထို့ကြောင့် သားရေအိတ်ကြီးကို ကွမ်းထုပ် ကို ကောက်ယူသကဲ့သို့ ကောက်ယူကာ ပခုံးတွင်လွယ်၍ ပေါ့ပေါ့ပါးပါးပင်ရပ်၏။ သုဘဒ္ဒါမိဖုရားလည်း မုဆိုး၏သားမယား တို့အား ရိက္ခာကိုပေး၍ မင်းကြီးကို လျှောက်ထားပြီးလျှင် သောဏုတ္တရမုဆိုးကို လွှတ်လိုက်၏။ သောဏုတ္တရမုဆိုးလည်း မင်းကြီးနှင့် မိဖုရားတို့ကို ရှိခိုးကာ နန်းတော်မှဆင်း သက်ပြီးလျှင် ရထားစီး၍ အခြံအရံ များစွာဖြင့် မြို့တော်မှထွက်လေ၏။ ရောက်ရာ ရောက်ရာ ရွာနိဂုံး တို့မှ အဆင့်ဆင့်လိုက်၍ ပို့ကြကုန်၏။ ပစ္စန္တရစ်မှလိုက်ပို့သူ တို့ကို တော၌ဝင်မိ၍ လူတို့လမ်းခရီးကိုလွန်လျှင် ပြန်၍လွှတ်ကာ တယောက် တည်းသာ သွားလေ၏။ ခရီးယူဇနာ သုံးဆယ်သို့ ရောက်လျှင် ရှေးဦးစွာ နေဇာမြက် တော သမန်းမြက်တော သာမညမြက်တော ရုံးရိုင်းတော ကုလာမြှား တော တိရိဝစ္ဆမြက်တောဟူသော မြက်တောခြောက်ထပ်တို့ကိုလည်း ကောင်း၊ ကြခပ်ဝါးတော ကြိမ်ပိုက်တော သာမညတော ကျူတော အထွင်ခက်သောမြက်တော တခဲနက်တော မထူလွန်းသောသစ်တော ဝါးတော ဝါးရုံချုံတော ညွန်တော တောင်စဉ်ခုနစ်ထပ်တောဟူသော လည်း ကောင်း ပါလာသောလက်နက်အမျိုးမျိုးတိုဖြင့် ရိတ် လှည်း ဖြတ်တောက် ခုတ်ထွင်း၍လည်းကောင်း အချို့နေရာ တံတားခင်း ၍လည်းကောင်း အချို့နေရာများကို လှေဖြင့် ကူး၍လည်းကောင်း ခက်ခက်ခဲခဲ သွားရလေ၏။ တောင်အထပ်ထပ်သို့ သွားရာ၌လည်း အချို့တောင်တွင် သားရေလွန် ဖြင့်ချိတ်ဆွဲ၍ အချို့တောင်တွင် တောင်ထိပ်ချင်းကြိုးတန်းကာ သားရေအိတ် သားရေထီးတို့တွင် ကြိုးတန်းလျှောက်၍ တထောက် တထောက် အလွန်ခက်ခက်ခဲခဲ တက်ရ၏။ တောင်ခြောက်ထပ်ကိုလွန်၍ သုဝဏ္ဏပဿတောင်ထိပ်သို့ ရောက်သော အခါ တောင်ခြေရင်းသို့ကြည့်လျှင် မိဖုရားပြောလိုက်သော အတိုင်း ပညောင်ပင်ကြီးကို မြင်ရလေ၏။ အစွယ်၌ အရောင်ခြောက်ပါး ရှိ၍ ကိုယ်လုံးဆွတ်ဆွတ်ဖြူသော ဆဒ္ဒန်ဆင်မင်းကိုလည်း မြင်ရ လေ၏။ စောင့်ရှောက်သော ဆင်ရှစ်ထောင်တို့ကိုလည်း မြင်ရလေ၏။ ဆင်မင်းရေချိုးသော ဆဒ္ဒန်အိုင်ကြီးကိုလည်း မြင်ရလေ၏။ ဆင်မင်း သွားရာ လမ်းခရီးနေရာအရပ် အလုံးစုံတို့ကိုလည်း မြင်ရလေ၏။ မုဆိုးဘာဝ ယုတ်မာလှသော သောဏုတ္တရမုဆိုးသည် ရန်ငြိုးထားသောမိဖုရားမိုက်၏ တိုက်တွန်းချက်အရ အပင်ပန်းအဆင်းရဲခံ၍ သွားခဲ့ရာ ခုနစ်နှစ်ခုနစ်လခုနစ်ရက်တို့ဖြင့် ဆင်မင်းနေရာသို့ရောက်၍ ဆင်မင်း သွားရာလာရာ နေရာထိုင်ရာတို့ကို မျက်ဝါးထင်ထင် မြင်ရသောအခါ အလုံးစုံမှတ်သားပြီးလျှင် ဆင်တို့ရေချိုးပြီးလျှင် ဆင်မင်းနေရာအရပ်ကို တွင်းကြီးတူး၍ တွင်းစာမြေမှုံတို့ကို မျိုးကြဲသည့်အလား ရေထဲ၌ကြဲလျက် ကျောက်ဆုံပေါ်၌ တိုင်တို့ကိုစိုက်၍ ထုတ်လျောက်တင်ကာ ပျဉ်တို့ကိုခင်းပြီးလျှင် ဆင်မင်း၏ချက်တည့်လောက်သောအရပ်တွ င် မြှားထွက်လောက်ရုံ အပေါက်ကိုဖောက်၍ အပေါ်က မြေမှုံသစ်ရွက်ခြောက်တို့ကိုကြဲ၍ နံဘေးတဖက်မှ မိမိ ဝင်လောက်ရုံ အပေါက်ကိုပြု၍ တွင်းကြီးကို စီရင်၏။ မိုးသောက်သောအခါ ဦးခေါင်း၌ဦးစွပ်ကိုစွပ်၍ ဖန်ရည်စွန်းသော အဝတ်ကိုဝတ်ပြီးလျှင် အဆိပ်လူးသော မြှားနှင့် လေးကိုယူကာ တွင်းထဲဆင်း၍ ပုန်းအောင်းကာ စောင့်၍နေလင့်၏။ ဆဒ္ဒန်ဆင်မင်း သည် ဆဒ္ဒန်အိုင်မှရေချိုးပြီး၍ မဟာသုဘဒ္ဒါမိဖုရားကြီးလျှင် မိမိလေညှင်းခံရာ ပညောင်ပင်ရင်း၌ နေလေ၏။ ထိုအခါမုဆိုးသည် ဆင်မင်းရောက်လာသည်ကိုသိ၍ ဗိုလ်တထောင်တင်ရသောလေးကြီး ကိုတင်၍ အဆိပ်လူးသောမြှားဖြင့် အသင့်ဖောက်ထား သောအ ပေါက်မှ တအားပစ်လေ၏။ အဆိပ်လူးမြှားသည် ဆင်မင်း၏ချက်တည့် တည့်ဝင်ပြီးလျှင် အဖျင်း သရက်ရွက် အသည်း အူတို့ကို မုန့် မုန့်ညက်ညက် ကြေစေလျက် ကျောမှထွက်ကာ ကောင်းကင်သို့ တက် သွားလေ၏။ မြှားဝင်ရာအပေါက်မှ သွေးတို့သည် အိုးပေါက်မှရေထွက်သကဲ့ သို့ ယိုစီးထွက်ကျကုန်၏။ အလွန်နာကြင်သော ဆင်းရဲဝေဒနာဖြစ်လေ၏။ ဆင်မင်းသည် ဆင်းရဲဝေဒနာကို သည်းမခံနိုင်သည်ဖြစ်၍ အလုံးစုံ သောတောတောင်တို့ကို တပြိုင်နက် ပဲ့တင်ထပ်စေလျက် သုံးကြိမ်တိုင်အောင် ကြိုးကြာသံနှင့်တူသော အသံကြီးကို ပြင်းထန်စွာအော်ဟစ်မြည်ဟည်လေ၏။ ထိုအခါ ရှစ်ထောင်သော အခြံ အရံဆင်တို့သည် ဆင်မင်း၏အသံကိုကြားလျှင် သေဘေးမှကြောက် သဖြင့် ပြင်းစွာသောအသံကို မည်ဟည်းကြကုန်၏။ တဖန်ဆင်မင်းထံ လာကြ၍ ထိုအကြောင်းကိုသိလျှင် ဒေါသအမျက် ချောင်းချောင်း ထွက်၍ မြက်သစ်ရွက် သစ်ပင်တို့ကို မုန့်မုန့်ညက်ညက်ကြေစေလျက် ဟိုဟိုသည်သည်ပြေးလွှားကာ သူ့ထက်ငါ ရန်သူကို ရှာကြကုန်၏။ ဆင်မင်းထံ ဖေးမကာ မဟာသုဘဒ္ဒါမိဖုရားကြီးတဦးသာ ကျန်ရစ်ခဲ့ ၏။ ထိုအခါဆင်မင်းသည် သတိတရားကိုဖြစ်စေလျက် မြှားလာရာအရပ် ကို ဆင်ခြင်လတ်သော် ဤမြှားကား အရှေ့အနောက် တောင် မြောက် အရပ်လေးမျက်နှာမှလာခဲ့ငြားအံ့၊ နံဘေးမှဝင်၍ နံဘေးမှထွက်ခဲ့ ရာ၏။ ယခုမူကား ချက်မှဝင်၍ ကျောသို့ထွက်ခဲ့၏၊ မုချမြေကြီးထဲ မှလာသော မြှားဖြစ်၏။ ရန်သူကား မြေကြီးထဲ၌ ရှိရာ၏၊ နောက်ထပ် မြှားတစင်းလာလျှင် မဟာသုဘဒ္ဒါမိဖုရားကြီးကိုလည်း မှန်ခဲ့ ရာ၏။ ဘယ်သူသိနိုင်အံ့နည်း၊ သုဘဒ္ဒါမိဖုရားကြီးကို သွားစေရန် သင့်၏ဟု ကြံစည်ပြီးလျှင် "သုဘဒ္ဒါမိဖုရားကြီး ရှင်မ. ဆင်ရှစ် ထောင်တို့ကား ငါ့ရန်သူကို ရှာဖွေရန် ထိုထိုအရပ်သို့ ပြေးသွား ကြကုန်ပြီ။ သင်ကား ငါ့ထံမှာ အဘယ်ကြောင့် နေဘိသနည်း"ဟု ပြောလေ၏။ မိဖုရားကြီးသည် "အရှင် အကျွန်ုပ်ကား အရှင်သက်သာ ရာ ရအော် ဖေးမစောင့်ရှောက်၍နေခဲ့ပါသည်။ အပြစ်ကို သည်းခံတော်မူ ပါ"ဟု တောင်းပန်ပြီးလျှင် ဆင်မင်းကို လက်ျာရစ်ကာ ရှိခိုး ပြီးလျှင် ဆင်မင်းထံမှ ရန်သူကို ရှာဖွေရန် သွားလေ၏။ ဆင်မင်းသည် သုဘဒ္ဒါမိဖုရားကြီးသွားလျှင် မြေကြီးကိုခြေ ဖြင့်ရက်ပြီးလျှင် အမိုးပျဉ်ချပ်ကို ခွာလေ၏။ ပျဉ်ချပ်ကွာ၍ အတွင်း၌ ပုန်းအောင်းနေသော သောဏုတ္တရမုဆိုးကိုမြင်လျှင် ရှေးဦးစွာဒေါသထွက်လျက် သတ်မည်ဟုကြံစည်ကာ ပျဉ်ချပ်ပေါက်မှ နှာမောင်းဖြင့်နှိုက်လျက် ဆွဲထုတ်လိုက်ရာ ဖန်ရည်စွန်းသော သင်္ကန်းပါလာလျှင် ရှေ့၌ထားကာ မိမိကိုယ်၌ ပြင်းထန်လှသော ဆင်းရဲဝေဒနာကပ်ရောက်လျက်ရှိငြားသော်လည်း "ဪ ဘုရားပစ္စေက ဗုဒ္ဓါရဟန္တာတို့ တံခွန်အောင်လံသဖွယ်ဖြစ်သော သင်္ကန်းပါတကား သင်္ကန်းဝတ်ထားသူကို ပညာရှိသူတော်ကောင်းတို့သည် မသတ် ပုတ် မညှဉ်းဆဲအပ်ပေ။ အမြတ်တနိုး ကိုးကွယ်ပူဇော်ရာ၏"ဟု သတိ သမ္ပဇဉ်ဖြစ်လျက် ဆင်မင်းသည် မုဆိုးသားကို သတ်ဖြတ်လိုသော စိတ် မရှိတော့ဘဲ အသက်ကိုချမ်းသာပေး၍ "အချင်းမုဆိုး ရာဂ မကင်းဘဲ ကိလေသာဖန်ရည်ရှိလျက် ဣနြေ္ဒကို ဆုံးမစောင့်ရှောက် ခြင်းငှါ မထိုက်တန်ပါ" "အချင်းမုဆိုး ကိလေသာဖန်ရည်ကို ထွေးအန်ပြီးလျက် စတုပါရိ သုဒ္ဓိသီလနှင့် ပြည့်စုံခြင်း ဣနြေ္ဒကို ဆုံးမစောင့်ရှောက် ခြင်းရှိသော သူသည်သာ ဤသင်္ကန်းကို ဝတ်ရုံခြင်းငှါ ထိုက်တန် ပေ၏"ဟု တရားဟောပြီးလျှင် "အချင်းမုဆိုး သင်သည် အဘယ် အကျိုးငှါ ငါ့ကိုပစ်သတ်သနည်း။ မိမိအကျိုးစီးပွားအတွက်လော၊ သို့မဟုတ် သူတပါးစေခိုင်း၍လော"ဟု ပစ်သတ်ခြင်းအကြောင်းကို မေးတော်မူ၏။ ထိုအခါ သောဏုတ္တရမိုဆိုးသည် မိဖုရားအလိုဆန္ဒအရ တိုက်တွန်း သဖြင့် ဆင်မင်းအား ပြောကြားလို၍ "အရှင်ဆင်မင်း ကာသိမင်း၏ မိဖုရားကြီးသုဘဒ္ဒါဟု ရှိပါ၏၊ အလွန်တန်ခိုးကြီးပါ၏။ ထိုမိဖု ရားကြီးသည် ဆင်မင်းကို အိမ်မက်၌မြင်မက်သဖြင့် အရောင်ခြောက် ပါးရှိသောအစွယ်ကို အလိုရှိ၍ အသတ်ခိုင်းပါ၏"ဟု ပြောကြားလေ၏။ ဆင်မင်းသည် မုဆိုးစကားကိုကြားလျှင် ဤအမှုကား သုဘဒ္ဒါ၏ အမှု ဖြစ်ကြောင်းကိုသိ၍ ဆင်းရဲဝေဒနာကို အောင့်အည်းသည်းခံကာ "အချင်းမုဆိုး ငါ၏ အဘ အဘိုးတို့၏အစွယ်တို့သည် ရွှေဂူ၌များ စွာရှိကုန်၏။ အစွယ်ကိုလို၍မဟုတ် ဒေါသနိုင်ငံသို့လိုက်ကာ ရန် ငြိုးဖွဲ့ပြီးလျှင် တမင်သတ်လို၍ စေခိုင်းခြင်းဖြစ်၏။ အချင်း မုဆိုး သင်သည်ထလော့၊ ငါမသေမီ ငါ့အစွယ်တို့ကို ဖြတ်လော့။ ရန် ငြိုးဖွဲ့သော သုဘဒ္ဒါမိဖုရားကိုလည်း ဆင်မင်းကိုသတ်ခဲ့ပြီ၊ ဤအစွယ်တို့ကား ဆင်မင်း၏ ဆင်မင်း၏ အစွယ်တို့တည်းဟု မှာ လိုက်သည်ဟု သင်ပြောပါလော့"ဟု မုဆိုးအား မှာထား၍ အစွယ် တို့ကို ဖြတ်ရန် ပြောလေ၏။ မုဆိုးလည်း ဆင်မင်းစကားကို ကြားရလျှင် လျင်စွာထ၍လွှကို ယူလျက်ရပ်လေ၏။ ဆင်မင်း၏အစွယ်ကို မမှီနိုင်၊ ထိုအခါ ဆင်မင်းသည် လည်ကိုညွတ်ကာ ဦးစောက်ဝပ်၍ပေး၏။ ထိုအခါ မုဆိုးသည် နှာ မောင်းကိုနင်းလျက်တက်ကာ ဦးကင်းပေါ်၌ ရပ်လျက် ခံတွင်းစွန်း ကို ဒူးပဆစ်ဖြင့်ကန်၍ လွှကိုခံတွင်းထဲသို့ သွင်းပြီးလျှင် အစွယ်ကိုဖြတ်လေ၏။ ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင်သော သူ ပင်ဖြစ်လင့်ကစား ဆံခြည်ချောင်းမျှ အရာထင်အောင် မတိုက်နိုင်၊ ခံတွင်းတခုလုံး သွေးဖြင့်ပြည့်ကာ အလွန်နာကျင်ဆင်းရဲပြန်၏။ ဆင်မင်းသည် ဆင်းရဲဝေဒနာကို သည်းခံကာ "မုဆိုး အသို့နည်း"ဟု မေး၏။ "အရှင် မဖြတ်နိုင်ပါ"ဟု ပြောသောအခါ "မုဆိုး သည်လိုဖြစ် လျှင် ငါ့နှာမောင်းကိုယူ၍ လွှအစွန်းကို ကိုင်စေလော့"ဟု ပြော လေ၏။ ထိုအခါ မုဆိုးသည် နှာမောင်းကိုယူ၍ လွှစွန်းကို ကိုင်စေပြီး လျှင် တိုက်ပြန်ရာ ဆင်မင်း၏ အာနုဘော်ကြောင့် အစွယ်တို့သည် သစ်မြစ်နုကဲ့သို့ ပြတ်၍ကျကုန်၏။ ထိုအခါ ဆင်မင်းသည် အစွယ်တို့ကို နှာမောင်းဖြင့်ယူပြီး လျှင် "အဆွေမုဆိုး သင့်အား ဤအစွယ်တို့ကို ပေးလှူသောငါသည် မချစ်မနှစ်သက်၍လည်းမဟုတ်၊ သိကြားမင်း ဗြဟ္မာမင်းတို့ စည်း စိမ်ကို တောင့်တ၍လည်းမဟုတ်။ ဤအစွယ်တို့ထက် အဆပေါင်း များ စွာသာလွန်သော သဗ္ဗညုတဉာဏ်တော်ကို တောင့်တ၍ဖြစ်သည်။ ဤအစွယ် တို့ကို ပေးလှူရသော ကောင်းမှုသည် သဗ္ဗေညုတဉာဏ်ကို ထိုးထွင်း၍ သိမြင်ခြင်း အကြောင်းအထောက်အပံ့ဖြစ်စေသတည်း"ဟု ဆုတောင်း၍ အစွယ်တို့ကို မုဆိုးအား ကြည်ဖြူစွာပေးလှူပြီး လျှင် "မုဆိုး သင်သည် ဤအရပ်သို့ အဘယ်မျှ လာခဲ့ရသနည်း"ဟု မေး ၏။ "အရှင် ခုနစ် နှစ်ခုနစ်လခုနစ်ရက်ကြာမျှ လာခဲ့ရပါသည်"ဟု ပြော၏။ "မုဆိုး သင် သွားလော့၊ အစွယ်တို့တန်ခိုးကြောင့် ခုနစ်ရက်အတွင်း ရောက်လ တံ့"ဟု ပြောဆိုပြီးလျှင် မုဆိုးကို ပရိတ်အရံအတားပြု၍ လွှတ် လိုက်၏။ မုဆိုးလည်း မြေပြင်တွင် အတုမရှိသောဆင်စွယ်တို့ကို ယူဆောင် ကာ ဝိသာလမာလကမည်သောအရပ်မှ သွားလေ၏။ ဆင်မင်းလည်း မဟာသု ဘဒ္ဒါနှင့် အခြံအရံဆင်ရှစ်ထောင်တို့မလာကုန်မီလျှင် သေလွန် နှင့်လေ၏။ မဟာသုဘဒ္ဒါမိဖုရားကြီးနှင့် ဆင်ရှစ်ထောင်တို့လည်း ဆင် မင်း၏ရန်သူကို အရပ်မျက်နှာ တောတောင်အနှံ့ ရှာဖွေသော်လည်း မမြင်ရလျှင် ဆင်မင်းရှိရာ ဝိလာသမာလကအရပ်သို့ ပြန်လာကုန်၏။ အလုံးစုံသောဆင်တို့သည် ဆင်မင်းသေလွန်သည်ကို တွေ့မြင်လျှင် မတည်တံနိုင်ဘဲ ငိုကြွေးမြည်တမ်းကြကုန်၏။ ဆင်မင်းကိုးကွယ် သော ပစ္စေကဗုဒ္ဓါတို့ထံသွား၍ "အရှင်တို့. အရှင်တို့ပစ္စည်း လေးပါးဒယကာကြီး ဆဒ္ဒန်ဆင်မင်းသည် သေလွန်ရှာပြီ။ အသုဘ ကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူပါကုန်"ဟု ပင့်လျှောက်ကုန်၏။ ပစ္စေကဗုဒ္ဓါငါးရာတို့လည်း ကောင်းကင်ခရီးဖြင့်ကြွ၍ ဝိသာ လမာလကအရပ် ဆင်မင်းရှိရာသို့ ဆင်းသက်ကြကုန်၏။ ထိုအခါ အား ကောင်းသော ဆင်ပျိုနှစ်ကောင်သည် ဆင်မင်းအလောင်းကို အစွယ် တို့ဖြင့်ချီမကာ ပစ္စေကာဗုဒ္ဓါတို့ကို ရှိခိုးစေပြီးလျှင် ထင်းပုံသို့တင်၍ မီးသဂြိင်္ုဟ်ခြင်း ပြုကြကုန်၏။ ရှင်ပစ္စေက ဗုဒ္ဓါတို့လည်း ညဥ့်သုံးယာမ်ပတ်လုံး ဆင်မင်း၏သင်းချိုင်း၌ တရားသရဇ္ဈာယ်ခြင်းကို ပြုကြကုန်၏။ ရှစ်ထောင်သော ဆင်တို့ သည်လည်း သင်းချိုင်းမီးကိုငြိမ်းစေပြီးလှ်ျ င်ရှိခိုး၍ သင်းချိုင်းပြာတို့ကို ဦးခေါင်းကြဲကာ မဟာသုဘဒ္ဒါ မိဖုရား ကြီးကို အမှူးပြုထား၍ မိမိတို့နေရာအရပ်သို့ ပြန်ကြကုန်၏။ သောဏုတ္တရမုဆိုးလည်း ခုနစ်ရက်မတိုင်မီလျှင် ဗာရာဏသီပြည် သို့ရောက်၍ သုဘဒ္ဒါမိဖုရားကြီးထံ သွားပြီးလျှင် "အရှင် မိဖု ရားကြီး ဆဒ္ဒန်ဆင်မင်းကို အကျွန်ုပ်သတ်ခဲ့ပါပြီ။ ဤအစွယ်တို့ ကား ထိုဆင်မင်း၏ အစွယ်တို့တည်း။ ဤသို့ဆင်မင်းက လျှောက် ထားပါဟု မှာလိုက်သည့်အတိုင်းလျှောက်ထားရပါသည်"ဟုဆို၍ မိဖုရားကြီးအား အစွယ်တို့ကို ဆက်သလေ၏။ သုဘဒ္ဒါမိဖုရားလည်း အရောင်းခြောက်ပါးရှိသောအစွယ်တို့ကို ပတ္တမြားစီချယ်သော ယပ်ဖြင့်ခံကာ ပေါင်ပေါ်၌ တင်ထားပြီးလျှင် ရှေးဘဝက ချစ်လှစွာသော ဆင်မင်း၏အစွယ်တို့ကို တစိမ့်စိမ့်ကြည့် ရှုသော် "ဪ ငါသည် အလွန်တင့်တယ်စမ္ပယ်လှသော ချစ်လင်ဆင်မင်း ကို အဆိပ်လူးသောမြှားဖြင့် ပစ်သတ်ရန် ခိုင်းစေမိ၏တကား"ဟု တွေးတောကြံမှိုင်ကာ ချစ်လင်ဆင်မင်းကို အောက်မေ့လွမ်းဆွတ်လှ သဖြင့် စိုးရိမ်ပူဆွေးခြင်းကို သည်းမခံနိုင်ရကား သုဘဒ္ဒါ မိဖုရားကြီးအမိုက်မသည် ထိုနေ့မှာပင် နှလုံးကွဲ၍ သေပွဲဝင်ရရှာ လေ၏။ ဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ များစွာသော သူတို့သည် သောတာပန်စသည်တို့၌ တည်ကုန်၏။ ရဟန်းမိန်းမငယ် ကား နောက်မှဝိပဿနာပွား၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ် ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကိဲုအနုသန္ဓေ ဆက်စပ်တော်မူလျက် ရဟန်းတို့ #ထိုအခါကသုဘဒ္ဒါမိဖုရားသည် ယခုအခါ ရဟန်းမိန်းမငယ် #သောဏုတ္တရမုဆိုးသည် ဒေဝဒတ် #ဆဒ္ဒန်ဆင်မင်းသည် ငါဘုရားဖြစ်လာပြီဟု ဇာတ်ကို ပေါင်း တော်မူသတည်း။ ဆောင်ပုဒ် ၁။ ရန်တုံ့မူခြင်း၊ ငြိုးထားခြင်း၊ ချင်းချင်းပျက်စီးရာ။ ၂။ ရန်ကိုရန်ခြင်း၊ မတုံ့နှင်း၊ ချင်းချင်းသည်းခံရာ။ ၃။ ဆုတောင်းတာလွဲ၊ သံသာထဲ၊ ဆင်းရဲရမည်သာ။ ၄။ သူကတပြန်၊ ငါတပြန်၊ လုပ်ပြန်ခံပြန်ကာ။ ၁။ ပဌမကျော် ဦးကြီးဖေ၏ ၅၅၀နိပါတ်တော်စကားပြေ အဋ္ဌမတွဲ ၂။ ညောင်ကန်ဆရာတော်ကြီး၏ ပုံတော်စုံ၅၅၀ဇာတ်ဝတ္ထုကြီး စတုတ္တတွဲဂ * မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် * အလင်းရောင်ဓမ္မ 💥💥💥💥💥💥💥💥💥💥💥💥💥 #Credit to Original Uploader. 💥💥💥💥💥💥💥💥💥💥💥


via အလင်းရောင် ဓမ္မ https://ift.tt/2Mfub6N