Monday, August 12, 2019

ယှဉ်ပြိုင်ခြင်း နိဂုံး 🙏🙏🙏🙏🙏 လောကမှာ လူတွေဟာ ယှဉ်ပြိုင်နေကြတာ ချည်းပဲ … အကုန်လုံး - တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ကြတယ် - တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယှဉ်ပြိုင်ကြတယ် - တစ်ရွာနဲ့ တစ်ရွာ ယှဉ်ပြိုင်ကြတယ် - ရပ်ကွက် တစ်ခုနဲ့တစ်ခု ယှဉ်ပြိုင်ကြတယ် - တစ်မြို့နဲ့ တစ်မြို့ ယှဉ်ပြိုင်ကြတယ် - တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယှဉ်ပြိုင်ကြတယ် အဲဒီ ယှဉ်ပြိုင်မှုဟာ ဘယ်တော့မှ နိဂုံးချုပ်မလဲ ? ဆိုတာ သိဖို့လိုတယ် မဟုတ်လား … လောကကြီးဟာ ယှဉ်ပြိုင်မှုနဲ့ သွားနေတာ … ယှဉ်ပြိုင်မှု ဆိုတာ ကောင်းတာ ရှိသလို မကောင်းတာတွေလည်း ဖြစ်ပေါ်စေတတ်တယ် … ဘုန်းကြီးတို့ တစ်တွေဟာ အကောင်းဆုံး ယှဉ်ပြိုင်မှုကို ရွေးချယ်နိုင်မှသာ ယှဉ်ပြိုင်မှုရဲ့ နိဂုံး - အဆုံး ကို ရောက်မှာ ဖြစ်တယ် … မြတ်စွာဘုရားက ဘုန်းကြီးတို့ကို ဆုံးမသြဝါဒ ပေးထားတဲ့ စကားလေး တစ်ခွန်းရှိတယ် … ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားကြရမယ် ဘာနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ရမလဲ … တစ်ဦးနဲ့ တစ်ဦး အဆင့်မြင့်သထက် မြင့် ကောင်းသထက် ကောင်း အောင် ကြိုးပမ်း အားထုတ်ခြင်းဖြင့် နောက်ဆုံး အမြတ်ဆုံး လွတ်မြောက်မှုကို ရရှိသွားအောင် ကြိုးစားကြရမယ် … ဒါ ယှဉ်ပြိုင်မှုကို ပြောတာ အဲဒီတော့မှ ယှဉ်ပြိုင်မှုရဲ့ နိဂုံးကို တွေ့မယ် … အဲဒီ နိဂုံးဟာ အေးချမ်းတဲ့ နိဂုံးပေါ့ … တကယ့်အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဟောကြားထားခဲ့တယ် … လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅၀၀ ) က အိန္ဒိယနိုင်ငံမှာ ကောသလတိုင်း ဆိုတာ ရှိတယ် … အဲဒီ ကောသလတိုင်းမှာ မြတ်စွာဘုရားက ရဟန်းတော်တွေနဲ့ ဒေသစာရီကြွတယ် … လမ်းမှာ တောအုပ်ကြီးတစ်ခု တွေ့တယ် အဲဒီတောအုပ်ကြီးထဲမှာ အင်ကြင်းပင် အများအပြားရှိတယ် … အဲဒီ အင်ကြင်းတောကြီးကို ကြည့်ပြီး မြတ်စွာဘုရား ရုတ်တရက် ပြုံးလိုက်တယ် … ဒီလို ပြုံးတာကို အနီးနားမှာ ခစားလုပ်ကျွေးနေတဲ့ အရှင်အာနန္ဒာမထေရ်က သတိထားမိလိုက်တယ် … ဘုရားရှင်တို့မည်သည် ဘယ်တော့မှ အကြောင်းမဲ့ ပြုံးတာ မရှိပါဘူး … အရှင်ဘုရား တဲ့ ဘာလို့ ပြုံးရသလဲ ဒီနေရာကို ကြည့်ပြီးတော့ ပြုံးတာဟာ အကြောင်းတစ်ခု ရှိပါသလား တဲ့ … မြတ်စွာဘုရားက - အာနန္ဒာတဲ့ ကဿပ ဘုရားရှင်လက်ထက်တုန်းက ဒီနေရာဟာ တကယ့်ကို စည်ကားတဲ့ မြို့ကြီး ဖြစ်ခဲ့တယ် … အဲဒီမြို့ကြီးမှာ ထူးထူးခြားခြား ယှဉ်ပြိုင်တဲ့ ဒကာတစ်ယောက် ရှိတယ် သူ့နာမည်က " ဂဝေသီ " လို့ ခေါ်တယ် … သူ့ အဖွဲ့ထဲမှာ လူ ၅၀၀ ပါတယ် … အဲဒီလူဟာ ဘုရားရဲ့ ဥပသကာ , ဘုရားကို ကိုးကွယ်သူလို့သာ ဆိုတယ် သူက ကိုယ်ကျင့်တရား ကောင်းသူ မဟုတ်ဘူး အကျင့်သီလ မပြည့်စုံဘူး … သူ့အဖွဲ့သား ၅၀၀ ဟာလည်း ကိုယ်ကျင့်သီလ မပြည့်စုံဘူးတဲ့ … ဂဝေသီ ဟာ စဉ်းစားတယ် သူစဉ်းစားပုံလေးက ကောင်းတယ် … ဒီလူတွေ ငါ့ကြောင့် ဗုဒ္ဓဘာသာ ဖြစ်ပြီး ဘုရားတရား ကိုးကွယ် လာတယ် … ငါက ကိုယ်ကျင့်သီလ မပြည့်စုံဘူး ငါ့အဖွဲ့သားတွေလည်း တစ်ယောက်မှ ကိုယ်ကျင့်သီလ မပြည့်စုံဘူး … ငါက ခေါင်းဆောင် ဆိုတော့ သူတို့နဲ့ မတူသင့်ဘူး ငါက တစ်ခုခုတော့ သာသင့်တယ် … သူတို့က သီလ မရှိဘူး ဆိုရင် ငါ သီလ ရှိသူဖြစ်အောင် လုပ်မယ် ဆိုပြီး ငါးပါးသီလကို တိတိကျကျ ဆောက်တည်ပြီး သီလ ရှိတဲ့ ပုဂ္ဂိုလ်အဖြစ် ကြေငြာလိုက်တယ် … သူ့နောက်က လူတွေလည်း ဟာ … တို့ရဲ့ ခေါင်းဆောင်ကြီး သီလ ရှိပြီ တို့လဲ သီလ ရှိအောင် လုပ်မယ် ဆိုပြီး ယှဉ်ပြိုင်တော့ တူသွားတယ်ပေါ့ … အရည်အချင်း တူတော့ မဖြစ်ဘူး ငါအိမ်ထောင်နဲ့ မနေတော့ဘူး ဆိုပြီး ဂဝေသီက အဗြဟ္မစရိယ သိက္ခာပုဒ် ကို ဆောက်တည်လိုက်တယ် … ကျန်သူတွေလည်း တို့ဆရာကြီးတောင် လုပ်နိုင်တယ် တို့လည်း ဆောက်တည်မယ် ဆိုပြီး အကုန်လုံး အိမ်ထောင်နဲ့ ခွာကြမယ်ပေါ့ … လူ ငါးရာ ကိုယ်ကျင့်သီလကို တိုးမြှင့် ဆောက်တည် လိုက်ကြတယ် … အဲဒါနဲ့ ဂဝေသီက စဉ်းစားပြန်တယ် အကုန်လုံး ငါနဲ့ တူနေပြီ သူတို့ထက် သာအောင် လုပ်မယ် ဆိုပြီး သူတို့က ညနေစာ စားတယ် … ဒီနေ့ကစ နေ့လွဲညစာ မစားတော့ဘူး ကျင့်လိုက်တယ် … ကျန်တဲ့ သူတွေကလည်း လိုက်ပြီးတော့ ယှဉ်ပြိုင်တယ် … ညနေစာ မစားတော့ဘူး ဆိုပြီး အကုန်ရှောင်လိုက်တော့ ဟာ ! ငါနဲ့သူတို့ တူနေပြန်ပြီ မတူစေရဘူး ဒီကောင်တွေ ငါလုပ်တာ မလုပ်နိုင်အောင် ငါလုပ်မယ် … ကဿပ ဘုရားရှင်ထံသွားပြီး ရဟန်းခံပေးပါ ဘုရား လို့ တောင်းဆိုတယ် … ဆံ , မုတ်ဆိတ်တွေ ပယ်ပြီး သင်္ကန်း ဝတ်လိုက်တယ် … သင်္ကန်းဝတ်ပြီး ကဿပဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းယူ တစ်ပါးထဲ ဆိတ်ငြိမ်တဲ့ အရပ်မှာ နိဗ္ဗာန်ကို ဦတည်ပြီး တရားဓမ္မကို ကျင့်ကြံ အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားတယ် … သူ့ကိုယ်သူ အကုန်လုံး သိသွားတယ် ငါ့ဘဝဟာ အပြီးသတ်သွားပြီ နောင်ဘဝဆိုတာ မရှိတော့ဘူး သူ့ရဲ့ နိဂုံးကို သူ မြင်လိုက်တယ် … အဲဒီအချိန် သူ့ဘက်က ယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီ … ကျန်တဲ့သူတွေက သူ့ကို အားကျတယ် ဆရာကြီးတောင် ဝတ်နိုင်သေးတာပဲ ဒို့ဘာလို့ မဝတ်နိုင်ရမှာလဲ … အားလုံး ကတုံးတုံးပြီး ဘုန်းကြီးဝတ်လာတဲ့ အခါကျတော့ ခေါင်းဆောင် ဂဝေသီ ရဟန်းက ခါတိုင်းလို စိတ် မရှိတော့ဘူး … လုံးဝ လွတ်လပ်တဲ့ ချမ်းသာကို ငါရထားသလို သူတို့တတွေ ရရှိရင်လည်း ကောင်းမှာပဲ တဲ့ … ဒါက ယှဉ်ပြိုင်မှု အဆုံးသတ်သွားတာ ဖြစ်တယ် ယှဉ်ပြိုင်မှုရဲ့ နိဂုံး သို့ ရောက်လာတယ် … အဲဒီတော့ သူက ကြိုးစားအားထုတ်ဖို့ တိုက်တွန်းတယ် … မကြာခင် သူ့တပည့်တွေလည်း ကိလေသာ အာသဝေါတွေ ကင်းကွာပြီး ရဟန္တာရှင်တွေ ဖြစ်သွားတယ် … အားလုံးဟာ လွတ်မြောက်မှု ဆိုတဲ့ အပေါ်မှာ တူညီတဲ့ နိဂုံးကို ရရှိသွားကြတယ် တဲ့ … အဲဒီလို ယှဉ်ပြိုင်မှုဟာ အင်မတန် မွန်မြတ်တဲ့ ယှဉ်ပြိုင်မှုနဲ့ ယှဉ်ပြိုင်လိုက်ကြတာ … နောက်ဆုံးမှာ ရဟန္တာဖြစ်ပြီး ဝိမုတ္တိသုခ ပန်းတိုင်ကြီးကို လှမ်းကိုင်နိုင်သည်အထိ သူတို့ဟာ ယှဉ်ပြိုင်ကြတယ် … နောက်ဆုံး ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားကြတယ် … အဲဒီ ယှဉ်ပြိုင်မှုကသာလျှင် အကောင်းဆုံး ယှဉ်ပြိုင်မှု ဖြစ်ပါတယ် … ဒါကြောင့်မို့ မြတ်စွာဘုရားရှင် က အဲဒီသုတ္တန် အဆုံးမှာ ချစ်သား ရဟန်းတို့ ဒီလို ကျင့်ကြရမယ် တဲ့ … သူများထက် သာအောင် ဆိုတာ - ကောင်းသထက် ကောင်းအောင် ကြိုးစားအားထုတ်ခြင်းဖြင့် အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို ရအောင် ယူနိုင်အောင် ကြိုးစားကြရမယ် လို့ … ဒီလိုသာ ယှဉ်ပြိုင်သင့်တယ် , ယှဉ်ပြိုင်ရမယ် လို့ ဒီသုတ္တန်မှာ မြတ်စွာဘုရားက ညွှန်ကြား ဆုံးမပေးတာ ဖြစ်ပါတယ် … ဒါ့ကြောင့် … ယှဉ်ပြိုင်မှုရဲ့ နိဂုံး ဆိုတာ ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ … အဲဒီ နောက်မှာ ယှဉ်ပြိုင်စရာ မရှိတော့ဘူးတဲ့ … လူတွေရဲ့ ယှဉ်ပြိုင်လို စိတ်ဟာ အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီ တဲ့ … ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိတ်သတ်တို့သည်လည်းပဲ … ယှဉ်ပြိုင်မှုရဲ့ နိဂုံးဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရောက်ရှိအောင် ဝိမုတ္တိသုခ ရရှိအောင် တစ်ဦးထက် တစ်ဦးသာအောင် , မွန်မြတ်သထက် မွန်မြတ်အောင် ကြိုးပမ်းအားထုတ်နိုင်ကြပါကုန်သတည်း … #ပါချူပ်_ဆရာတော်_ဘုရားကြီး Credit , Original Uploader


via အလင်းရောင် ဓမ္မ https://ift.tt/2TpsFQm