အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 8, 2019
❝ ဓမ္မယတြာ ❞ မိမိမှာ မလိုလားအပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး တစ်မျိုးမျိုးကျရောက်လာလျှင် ကံနိမ့်နေပေပြီဟု လူတိုင်း သိကြပါ၏။ သို့သော် ထိုသို့သော အခြေအနေကို မည်သို့သောနည်းဖြင့် ကျော်လွှားလွန်မြောက်ရန် ပြုလုပ်ရမည်ကို နားမလည်ကြပေ။ ထို့ကြောင့် အားကိုးရှာမှားကာ ဗေဒင်ယတြာကို အားကိုးကြရခြင်း ဖြစ်ပါ၏။ ထိုယတြာသည် ဓမ္မနည်းကျကျဆိုလျှင် တော်ပါသေး၏။ ဓမ္မနည်းလမ်းမကျ၍ အပြစ်ရှိသော ယတြာချေနည်း ဖြစ်လျှင် ခက်ရချည်ရဲ့။ ဆိုလိုသည်မှာ… မူလကမှ ကုသိုလ်ကံကနည်း၊ အကုသိုလ်ကံက များနေ၍ ကံနိမ့်ပြီး မကောင်းသောအကျိုးပေးများ ကျရောက်နေရချိန်၊ ယတြာအချေမတတ်၍ အပြစ်ရှိသော ယတြာကိုသာ ထပ်မံပြုလုပ်မိပါက - “ဗူးလေးရာ ဖရုံဆင့်”သလို ဖြစ်နေ၍ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ကိန်း ဆိုက်ရောက်ပေတော့မည်။ မကောင်းသောကံကြမ္မာဆိုးများကို လက်ယက်ခေါ်သလို ဖြစ်နေပေတော့မည်။ ဗုဒ္ဓနည်းကျ ဓမ္မယတြာ ဟူသည် အခြားမဟုတ်ပေ။ ကံနိမ့်လျှင် ကံမြင့်အောင် ကံဆင့်ပေးရမည် ဖြစ်ပါ၏။ ကံဆင့်ခြင်းဟူသည် … နိမ့်နေသော၊ နည်းနေသော ကုသိုလ်ကံတို့ မြင့်မားလာအောင်၊ တိုးပွါးလာအောင် များပြားလာအောင် ထပ်မံပြုလုပ်ပေးခြင်းပင် ဖြစ်ပါသည်။ ဒါနမှု၊ သီလမှု၊ ဘာ၀နာမှုကို ကြီးကြီးကျယ်ကျယ် ပြုလုပ်နိုင်လျှင် အကောင်းဆုံးတည်း။ အကြောင်းမညီညွတ်၍ ကြီးကြီးကျယ်ကျယ် မပြုလုပ်နိုင်လျှင်လည်း… ကိစ္စမရှိ။ ဥပမာ- အဓိဋ္ဌာန်ဖြင့် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း ပရိတ်တရားတော် ရွတ်ဖတ်ခြင်း၊ ဘုရားရှိခိုးခြင်း စသည်တို့ကို မိမိတတ်နိုင်သမျှ ပြုလုပ်နိုင်၏။ ထိုသို့သော အခြေအနေဆိုး တစ်မျိုးမျိုးနှင့် ကြုံတွေ့လာရပြီဆိုလျှင်၊ ကံနိမ့်သော အနေအထားမျိုး တွေ့မြင်လာရပြီဆိုလျှင်… မိမိမှာ ကုသိုလ်ကံတို့ နည်းနေပြီ။ ရှိနှင့်ပြီးသော ကုသိုလ်တို့ဖြင့် လုံလောက်မှု မရှိတော့။ အခါတိုင်းထက်ပိုပြီး ကုသိုလ်ကောင်းမှုကို ပြုလုပ်ပေးဖို့လိုနေပြီ ဆိုသည်ကို သဘောပေါက်နားလည်ရပေမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကုသိုလ်ကံအရှိန်အဝါ ကြီးမားလာလျှင် အကုသိုလ်ကံတို့သည် ရှောင်ခွါအဝေး ပြေးရမြဲ ဓမ္မတာပင်တည်း။ အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)၏ "ဗုဒ္ဓအလိုတော်ကျ ဓမ္မယတြာ"မှ ကောက်နှုတ်မျှဝေပူဇော်ပါသည်။ (ဓမ္မလက်ဆောင်) (MtS)
via အလင်းရောင် ဓမ္မ https://ift.tt/2OZYdvB
Newer Post
Older Post
Home