Saturday, December 14, 2019

အလင်းရောင် လိုချင်လို့ရှိရင် ⭐️🌟⭐️🌟⭐️🌟⭐️🌟⭐️ ဘုန်းကြီးတို့တစ်တွေ အကျိုးကိုလိုချင်လို့ရှိရင် အကြောင်းကို ဆည်းပူးရတယ်။ အကျိုးကို မှန်းမျှော်ပြီး အကြောင်းတရားကို နားမလည်ဘူးဆိုရင် ရပါ့မလား၊ မရဘူး။ အလင်းရောင် လိုချင်လို့ရှိရင် လျှပ်စစ်မီးဖြစ်စေ၊ ဖယောင်းတိုင်မီးဖြစ်စေ တစ်ခုခုထွန်းရမယ်မဟုတ်လား။ အလင်းရောင် တိုက်ရိုက်ယူလို့ရတာမဟုတ်ဘူး။ အလင်းရခြင်းရဲ့အကြောင်းတစ်ခုကို ရှာဖွေရတာပဲ။ ထို့အတူပဲ ကောင်းကျိုးချမ်းသာကို ရချင်ပြီဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာရနိုင်တဲ့အကြောင်း တရားတွေ လုပ်ဖို့လိုတယ်။ မလုပ်ဘဲနဲ့ ဘာမှဖြစ်မလာဘူး။ လောကလူတွေကြည့်လေ… မျက်စိက ကောင်းတာ၊ လှတာလေး၊ နှစ်သက်စရာလေး မြင်လိုက်လို့ရှိရင် ဟယ်-မင်္ဂလာရှိလိုက်တာ ပြောကြတယ်မဟုတ်လား။ နားက သာယာတဲ့အသံလေး ကြားလိုက်ရင်လည်း ဟယ်-မင်္ဂလာရှိလိုက်တာ။ ဒါ ဒီကနေ့ လောကလူတွေ ပြောနေကြတဲ့ မင်္ဂလာနော်။ မြတ်စွာဘုရားက အဲ့ဒီလိုမဟုတ်ဘူး။ ကောင်းတာလေးမြင်တာနဲ့ မင်္ဂလာရှိတယ်လို့ မေဟာပါဘူး။ ကောင်းတဲ့အသံလေးကြားရရုံနဲ့ မင်္ဂလာရှိတယ်လို့မဟောဘူး။ မင်္ဂလာရှိတယ်ဆိုတာ လူမိုက်ကို မပေါင်းတာ မင်္ဂလာရှိတယ်။ ပညာရှိ လူသူတော်ကောင်းကို ပေါင်းသင်းဆက်ဆံတာ မင်္ဂလာရှိတယ်လို့ (၃၈)ဖြာ မင်္ဂလာတရားကို ဟောသွားတာ။ မင်္ဂလာမှန်သမျှ အကြောင်းတရားတွေချည်းပဲ။ ဒါတွေလုပ်လို့ ပြောတာနော်။ လုပ်ရမှာနဲ့ မလုပ်ရမှာ ဒီနှစ်ခုပဲ ပြောသွားတာ။ “အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော” မလုပ်ရမည့်ဟာတွေကို ပြောထားတာနော်။ အာရတီ ဝိရတီ ပါပါ- မကောင်းတာတွေရှောင်တဲ့ မဇ္ဇါနာ စ သံယမော- အရက်သေစာ၊ဘီယာ ဒါတွေမသောက်နဲ့တဲ့။ ဟော… ကိုယ်ကဒါတွေမရှောင်ဘူး။ မင်္ဂလာရှိပါ့မလား။မရှိနိုင်ဘူး။ မင်္ဂလာဆိုတာ ဘာလဲဆိုရင် ဘ၀မှာ အောင်မြင်ကြီးပွားမှုနဲ့ ချမ်းသာသုခရရှိမှုဟာ မင်္ဂလာပဲ။ အဲ့ဒီ မင်္ဂလာတွေကို ရချင်ရင် မင်္ဂလာရကြောင်းတရားတွေကို ဆည်းပူး အားထုတ်ရမှာဖြစ်ပါတယ်။ -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】 ထာဝရ ကုသိုလ်အဖွဲ့ page မှ


via အလင်းရောင် ဓမ္မ https://ift.tt/2LSMflw