Saturday, December 14, 2019

မယှဉ်အပ်သည့် တန်ဘိုးများ ***************************" လူတစ်ယောက်က မိမိကို "ဟေ့ကောင် မင်း အလကားကောင် မင်းမှာ ဘာမှတန်ဘိုး မရှိဘူး"ဟု ပြောပါက ပြုံး၍ နားထောင်လိုက်ပါ။ ထိုသို့နားထောင်ခြင်းကိုက သင့်တန်ဘိုး မည်မျှမြင့်မားသည်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ( ၁ ) ကျောင်းဆရာတစ်ဦးက ကျောက်သင်ပုန်း ပေါ်တွင် မျဉ်းတစ်ကြောင်း ဆွဲပေးလိုက်တယ်။ "ဒီမျဉ်းကြောင်းကို မဖျက်ပစ်ပဲ တိုအောင် ဘယ်သူလုပ်နိုင်သလဲ" အတန်ကြာသည်အထိ ကျောင်းသား တစ်ယောက်မှ မထွက်လာပါ။ မျဉ်းကြောင်းကို ဖျက်မပစ်ဘဲ ဘယ်သူတိုအောင် လုပ်နိုင်ပါ့မလဲ။ ဆရာပဲ လုပ်ပြပါ။ သူတို့တောင်း ဆိုသည်။ ဤတွင် ဆရာက မြေဖြူကို ကောက်ယူပြီး စောစောကဆွဲထားသော မျဉ်းကြောင်းကို ယှဉ်လျက် ၄င်းထက် ပို၍ရှည်သော မျဉ်းကြောင်းကို ဆွဲလိုက်သည်။ "ကဲ၊ ကြည့်ကြစမ်း။ ဆရာ့ ပထမမျဉ်းကြောင်း ဟာ တိုနေတယ် မဟုတ်လား" ဟုတ်ပါသည်။ ယှဉ်ကြည့်လိုက်ရင် ပထမမျဉ်းသည် ဒုတိယမျဉ်းထက် တိုသွားလေပြီ။ လောကမှာ အရာရာကို နှိုင်းယှဉ်လိုကြသည်။ အကြီးအသေး အယုတ်အမြတ် နှိုင်းယှဉ် နေကြသူ အများအပြားရှိသည်။ ဘာမဆို နှိုင်းယှဉ်လိုကြသည်။ ယှဉ်ကြည့်လိုက်ပါ။ ဘယ်ဟာ သာလဲလို့ ယှဉ်ခိုင်းကြသည်။ ယှဉ်ကြည့်ကြသည်။ သို့သော် နေရာတကာ ယှဉ်၍မရပါ။ သဘာဝ မတူသည်များကို ယှဉ်ကြည့်ကာ မဟုတ်ကို အဟုတ်ထင်နေသူများ "ထုနဲ့ထေး" ရှိသည်။ ( ၂ ) ဥပမာအနေဖြင့် ပညာနဲ့ ငွေ "ဘယ်ဟာက သာလဲ"တဲ့ ။ နှိုင်းယှဉ် ကြည့်ကြသည်။ နှိုင်းယှဉ်လိုကြသည်။ အချို့က ပညာက ပိုအရေးကြီးသည်ဟုဆိုသည်။ အချို့က ငွေက ပိုအရေးကြီးသည်ဟု ဆိုသည်။ ပညာသမားက "ပညာရွှေအိုး လူမခိုး" ဟု ဆိုသည်။ ငွေသမားက "ရွှေအိုးရှိမှ ပညာရ"ဟု ဆိုသည်။ ပညာရှာမှီးသည်မှာ ငွေကြေးရရှိရန် ဆိုသည်။ ပညာရှင်များက ပညာရှာသည်မှာ အသိဥာဏ် တည်ဆောက်ရန် ဟုဆိုသည်။ ပညာသမားက ပညာသာလျှင် မြင့်မြတ်သည် ဖြစ်၍ ငွေရှင်ကြေးရှင်များက ပညာရှင်များကို အရိုအသေပြုရသည်ဟု ဆိုသည်။ ဘယ်ဟာ မှန်သနည်း။ ဘယ်သူ့စကားကို အမှန်ဟု ယူဆရမည်နည်း။ ဤပြဿနာသည် ရာစုနှစ်များစွာ ဖြစ်ပွားလာသော အငြင်းပွားမှုကြီးပင် ဖြစ်သည်။ တကယ့်တကယ် ဤပြဿနာအတွက် အဖြေမရှိပါ။ အကြောင်းမှာ သဘာဝ မတူသော အရာနှစ်ခုကို နှိုင်းယှဉ်သောကြောင့်ပင် ဖြစ်သည်။ ပညာနှင့်ငွေသည် နီးစပ်မှုများစွာ ရှိသော်လည်း ပြဒါးတစ်လမ်း သံတစ်လမ်းပင် ဖြစ်သည်။ တကယ်တော့ လူအများ ယူဆသကဲ့သို့ ပညာကို ငွေနှင့်ဖလှယ်၍ မရသကဲ့သို့ ငွေကိုလည်း ပညာနှင့် ဖလှယ်၍ မရပေ။ ပညာကို အသုံးချ၍ ငွေရှာနိုင်သည်။ ငွေကို အသုံးချ၍ ပညာရှာနိုင်သည်။ သို့သော် ငွေပေးရုံနှင့် ပညာမရ။ ပညာရှိရုံနှင့်လည်း ငွေမရပေ။ တကယ်တမ်း ပြောရလျှင် ရွှေအိုးရှိတိုင်းလည်း ပညာမရသည်ကိုတော့ သတိမူသင့်သည်။ ဤအတိုင်းပင် နေနဲ့လ ဘယ်သူက အသုံးပိုကျသလဲ ဟူသော ပြဿနာသည် မကြာမကြာ ကြားရတတ်သော ပြဿနာပင် ဖြစ်သည်။ မိန်းမနဲ့ ယောက်ျားကော… ထိုသို့ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။ တူသလိုနှင့် မတူသည့် သဘာဝ။ ယောက်ျားတွေရသော အခွင့်အရေး အားလုံးကို မိန်းမတွေ မရနိုင်သလို… မိန်းမတွေ ရသမျှ အခွင့်အရေးတွေကိုလည်း ယောက်ျားတွေ မရနိုင်ပေ။ ခြားနားသည့် သဘာဝ ရှိသည်များကို နှိုင်းယှဉ် သည့်အခါ မကျေမလည် ဖြစ်ကြကုန်သည်။ ( ၃ ) နှိုင်းယှဉ်ခြင်းနှင့် ပတ်သက်၍… "နေရာချင်းတော့ မလဲပါဘူး။ တောင်ပေါ်သား တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ" ဟူသော ကျော်ကြားလှသည့် စိုင်းထီးဆိုင် သီဆိုထားသည့် သီချင်းတစ်ပုဒ်ကို သတိရမိသည်။ လူတိုင်း လူတိုင်းမှာ အလှကိုယ်စီ ရှိကြသည်။ "ဖိုးလမင်းလည်း သူ့အဆင်းနဲ့ အလင်းနဲ့ ဖန်မီးအိမ်လည်း သူ့အရှိန်နှင့် ဂုဏ်သိမ်နှင့်" ဆိုသော ကဗျာကို ကြည့်ပါက ပို၍ ထင်ရှားစွာ မြင်နိုင်သည်။ ဖိုးလမင်းက သာသည်။ ဖန်မီးအိမ်က သာသည် ဟူသော နှိုင်းယှဉ်ချက်သည် မနှိုင်းအပ်သော အရာဖြစ်သည်။ "လမင်းက ကောင်းကင်မှာ လင်းတယ်။ မီးအိမ်က အိမ်ထဲမှာ လင်းတယ်။ နှစ်ခုစလုံး အလင်းဆောင်တာချည်းပဲပေါ့။ ဒါပေမဲ့ မီးအိမ်နေရာမှာ လမင်း အစားထိုးလို့ မရဘူး။ လမင်းနေရာမှာလည်း မီးအိမ်ကို တက်ပြီး ချိတ်ဆွဲလို့ မရဘူး" တဲ့။ ဒဿနဆရာတစ်ဦး၏ အဆိုအမိန့် ဖြစ်သည်။ တူတော့တူသည်။ သို့သော် လောကကြီးမှာ နေရာချင်းလဲ၍ မရသည့်အရာတွေ တပုံတပင်ကြီး ရှိသည်။ ငါက နင်ဖြစ်ချင်၍ မရ။ ငါသည်ငါသာ ဖြစ်သည်။ ဖိုးစိန်ကို တုပါက ဒုတိယဖိုးစိန်သာ ဖြစ်လာမည်။ ဘယ်အခါမှ (ပထမ) ဖိုးစိန်တော့ ဖြစ်မလာပါ။ ထို့ကြောင့် နေရာလဲ၍ မရပါ။ နှိုင်းတော့ နှိုင်းပါ။ သို့သော် ယှဉ်၍မရ။ မိမိသည် မိမိအဖြစ်သာ ဂုဏ်ယူသင့်သည်။ မိမိသည် မိမိသာလျှင်ဖြစ်သည်။ တစ်ချိန်က ကပ္ပလီလူမည်းများကို အလွန်ဖြူ သော လူဖြူတွေနှင့် နှိုင်းယှဉ်၍ အရုပ်ဆိုး အကျည်းတန်သည် လူရာမ၀င်နိုင်ဟု ယူဆ ခဲ့ကြသည်။ ထိုလူမည်းတွေကလည်း လူဖြူတွေကို တုပကြသည်။ ထိုယူဆချက်များသည် မှားယွင်းကြောင်း တစ်နေ့တခြား သက်သေပြလာသည်။ အရှိကို အရှိအတိုင်း တင်ပြသောအခါ အသားမည်းများ၏ အလှအပကို လူတွေ မြင်လာကြ သည်။ မော်ဒယ်များ စံပြမယ် အလှမယ်များထဲတွင် အသားမည်းမများ အောင်လံထူနိုင်လာကြသည်။ ရုပ်ရှင်တွင်လည်း ဦးဆောင်ကြသည်။ လူမည်းများသည် မိမိတို့၏ သဘာဝကို ဦးစားပေးလိုက်သည့်အခါ အလှများပေါ်ထွက်လာသည်။ နေရာရလာကြသည်။ ဇွန်းခက်ရင်းနှင့်စားသော အနောက်တိုင်းနှင့် လက်ဖြင့်စားသော အရှေ့တိုင်းသားတို့ စားသောက်စရိုက်ကို သူသာကိုယ်သာ ယှဉ်၍မရပေ။ မိမိတို့၏ ရာသီဥတု ပထဝီအနေအထားအရ ယဉ်ကျေးမှုများ ခြားနားကြသည်။ "အခြေအနေ မတူသည်ကို နှိုင်းယှဉ်ပြောကာ တို့တစ်တွေဖြင့် ခေတ်နောက်ကျနေပြီ" ဟူ၍ ခံစားသွားရသူတွေ များစွာရှိသည်။ အထူးသဖြင့် တောမှာနေသော သူတို့သည် အမြဲလိုလို စိုးရိမ်ကြောက်စိတ်ဝင်ကာ လူကြားထဲ မတိုးရဲသည်မှာ နှိုင်းယှဉ်မှုကြောင့်ပင် ဖြစ်သည်။ မြို့သားသည် တောသားထက် သာသလား။ အနောက်တိုင်းသားတို့သည် အရှေ့တိုင်းသား တွေထက် အစစ အရာရာ သာသလား။ ဖြစ်နိုင်ခြေကို ဖြေကြည့်ဖို့ လိုသည်။ ထိုအချက်သည်ပင် အင်္ဂလိပ် အစိုးရများ အုပ်ချုပ်စဉ်က အပေါ်စီးရယူကာ မြန်မာတို့ကို ဘုရားထူးစေခြင်း ဖြစ်တန်ရာသည်။ နှိုင်းယှဉ်သည့်အခါ "တို့တစ်တွေဟာဖြင့် အောက်ကျနောက်ကျ ရှိလှတယ်" ဟူသော အားငယ်စိတ်သည် အတော်လေး ဆိုးရွားလှသည်။ တကယ်တော့ "နေရာချင်းတော့ မလဲပါဘူး" ဟူသော စိတ်ဓာတ်သည် အဖိုးအတန်ဆုံးပင် ဖြစ်သည်။ သူ့နေရာနှင့်သူ သူ့တန်ဘိုးနှင့်သူ ရှိနေသော အရာများကို နှိုင်းယှဉ်ကာ… တန်ဘိုးချခြင်း တန်ဘိုးမြှင့်ခြင်း ပြုလုပ်ကြ သည်မှာ လုပ်ကောင်းသော အရာမဟုတ်ပေ။ လောကကြီးမှာ လူတစ်ယောက်က မိမိကို "ဟေ့ကောင် …မင်းအလကားကောင် မင်းဘာမှ တန်ဘိုးမရှိဘူး" ဟု ပြောပါက ပြုံး၍ နားထာင်လိုက်ပါ။ ထိုသို့ နားထောင်ခြင်းသည်ပင် သင့်တန်ဘိုး မည်မျှမြင့်မားသည်ကို ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။ ဒေါက်တာခင်မောင်ညို The Ladies News


via အလင်းရောင် ဓမ္မ https://ift.tt/2YMW1uE